နိုင်ငံတကာအလှမယ်များ အန်ဒမန်ပင်လယ်အတွင်း ကျွန်းများသို့ လေ့လာရေးသွားရောက်
ကော့သောင်း အောက်တိုဘာ ၂ဝ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ သူဌေးကျွန်းဟိုတယ်တွင် ရောက်ရှိနေသည့် Miss Grand International 2018 ပြိုင်ပွဲဝင် နိုင်ငံတကာအလှမယ်များသည် ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် အန်ဒမန်ပင်လယ်အတွင်း ကျွန်းများသို့ လေ့လာရေးသွားရောက်ခဲ့ကြကြောင်း သိရသည်။
လေ့လာရေးခရီးစဉ်အဖြစ် နိုင်ငံတကာအလှမယ်များနှင့် အုပ်ချုပ်သူ တာဝန်ရှိအဖွဲ့ဝင်များသည် ရှေးဦးစွာ Grand Andaman Group of Companies မှ ဆောင်ရွက်လျက်ရှိသည့် ငလုံးလက်ဖယ် ကျွန်း (ခေါ်) ပြင်စကျွန်းရှိ Grand Andamanပုလဲ မွေးမြူရေးစခန်းသို့ ရောက်ရှိရာ ဦးမျိုးဝင်းသန်းက မုတ်ကောင်များအတွင်းမှ ပုလဲမွေးမြူထုတ်လုပ်ပုံအဆင့်ဆင့် လုပ်ငန်းခွင်များအတွင်း လိုက်လံရှင်းလင်း ပြသသည်။ ယင်းနောက် ပုလဲထုတ်လုပ်မည့် မုတ်ကောင်များ မွေးမြူခြင်းလုပ်ငန်းခွင်နှင့် ပုလဲမွေးမြူခြင်း လုပ်ငန်းနှင့်ပတ်သက်သည်များကို လိုက်လံပြသခဲ့သည်။
ယင်းနောက် ညောင်ဦးဖီးကျွန်းသို့ရောက်ရှိကာ TZK Hotel & Tours Co,Ltd. မှ ဆောင်ရွက် လျက်ရှိသည့်
ညောင်ဦးဖီး Hotel & Resort သို့ ရောက်ရှိပြီး ကျွန်းပေါ်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ သာယာလှပသည့် သဘာဝပတ်ဝန်းကျင်များကို လိုက်လံ လေ့လာခဲ့ကြပြီး ကျွန်းပေါ်တွင် တစ်နေ့တာ အနားယူအပန်းဖြေ ခဲ့ကြသည်။
အဆိုပါ Miss Grand International 2018 ပြိုင်ပွဲကို နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအလှများ၊ ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများ၊ မိမိနိုင်ငံ၏ ပြုပြင် ပြောင်းလဲနေမှုများအား နိုင်ငံတကာသို့ ပြသရန်၊ စစ်ပွဲများနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံတော်၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေး ရည်ရွယ်ကာ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment