Latest News

Saturday, October 13, 2018

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ ၆၅ နှစ်ပြည့်မွေးနေ့ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် စည်ကားစွာ ကျင်းပမည်

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏  ၆၅ နှစ်ပြည့်မွေးနေ့ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် စည်ကားစွာ ကျင်းပမည်

ပြည်သူ့အချစ်တော်ဆင်မကြီးမိုမို၏ ၆၅ နှစ်ပြည့်မွေးနေ့နှင့် သီတင်းကျွတ်ဈေး ရောင်းပွဲတော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အောက်တိုဘာ ၂ဝ ရက်မှ ၂၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံမှ သိရသည်။

''ဒီနှစ်က ၂ဝ ရက်ကစပြီး   ကျင်းပမှာပါ၊   သီတင်းကျွတ်ပွဲတော်နဲ့ ကပ်တဲ့အခါကျတော့ ခေါင်းစဉ်ကအစ ပုံစံပြောင်းသွားတယ်။ ဆင်မကြီးမိုမိုရဲ့ ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နှင့် သီတင်းကျွတ် ဈေးရောင်းပွဲတော်ဆိုပြီး ပေါင်းပြီးလုပ်လိုက်တယ်၊ ပွဲက စုစုပေါင်း ခြောက်ရက်လောက် ဖြစ်သွားတာပေါ့၊ ထူးထူးခြားခြားအစီအစဉ်အနေနဲ့ အရင်နှစ်တွေက မပါခဲ့တဲ့ ဆပ်ကပ်ဖျော်ဖြေ မှုတွေပါမယ်။ ဝိုင်းခြင်း၊  ရိုးရာခြင်း နှစ်မျိုးလုံးပြမယ်။   တစ်နှစ်ထက်တစ်နှစ် စည်သည်ထက်စည်အောင်   ဆောင်ရွက်ထားပါတယ်''ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဆင်မကြီးမိုမို၏မွေးနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၆ နာရီတွင် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ပြီး  နံနက် ၁၁ နာရီခွဲတွင် သက်တော်ရှည် ဆင်မကြီးမိုမို၏ မွေးနေ့အခမ်းအနားနှင့် အမှတ်တရ မွေးနေ့ ကိတ်ခွဲခြင်းအစီအစဉ်၊ မိုမို၏ ဖြတ်သန်းရာဘဝတို့ကို ဟောပြောခြင်းအစီအစဉ် များ ပါဝင်ကြောင်း သိရသည်။

ကိုမျိုးကျော်သူ (တိရစ္ဆာန်ဥယျာဉ်စီမံမန်နေဂျာ)က ''ဒီနှစ်မှာ ပညာပေး အစီအစဉ်အနေနဲ့  တိရစ္ဆာန်အသေလေးတွေကို   ရုပ်လုံးသွင်း  ပုံဖော်ထားတဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းပြကွက်ကိုလည်း ပြခန်းတစ်ခု ထည့်ထားပါတယ်။ ဒီပွဲမှာက အနုပညာရှင်တွေကလည်း   ကူညီအားဖြည့်တဲ့အနေနဲ့   ဈေးဆိုင်လေးတွေ လာဖွင့်ကြမယ်။   လာရောက်တဲ့ပရိသတ်တွေ  အမှတ်တရဓာတ်ပုံရိုက်ဖို့နေရာ လေးတွေလည်း စီစဉ်ပေးထားပါတယ်။ ကလေးတွေအတွက်လည်း ပျော်ရွှင်စရာ အစီအစဉ်တွေ အများကြီးရှိပါတယ်''ဟု ပြောသည်။

အဆိုပါ ခြောက်ရက်တာကာလအတွင်း မျက်လှည့်ကိုခိုင်၏ ဆန်းပြားသော ပြကွက်များနှင့် ဖျော်ဖြေမှု၊ မြန်မာ့ခြင်းလုံးအလှကစားခြင်း၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ တိရစ္ဆာန်လေးများ၏ လိမ္မာကျွမ်းကျင်မှုပြကွက်များ၊ ချစ်စရာ့  အရွယ်ကလေးငယ်များ၏ ဖျော်ဖြေမှု၊   ပျော်ရွှင်စရာ ဥာဏ်စမ်းပဟေဠိနှင့် ကလေးငယ်များအတွက် ကံစမ်းမဲအစီအစဉ်၊Life & Dance အဖွဲ့သားများ၏ ကကွက်ဆန်းများနှင့် ဖျော်ဖြေမှု၊ Myanmar Idol Season 3  မှ နေခန့် မင်းသစ်၏ သီဆိုဖျော်ဖြေမှု၊ ဧည့်သည်အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ဈေးရောင်းပွဲတော်နှင့် အနုပညာရှင်များ၏ ပရဟိတဈေးရောင်းပွဲတော်များဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။               

 သီသီမင်း

No comments:

Post a Comment