Latest News

Sunday, October 21, 2018

ကိုစိုးညွှန့် (သို့ မဟုတ်) အမှောင်ခောတ်ရဲ့ ဗုံးရှာသမား


နားလည်ပါ ကိုစိုးညွှန့် 
သတင်းနဲ့ အတင်းဟာ
အချင်းချင်း လည်ပင်းဖက်လို့ 
မနက်မလင်းခင်
ရွာစဉ်လျှေက်နေတဲ့ ဒီနိုင်ငံမှာမှ
ခင်ဗျားက သတင်းလာထောက်ခဲ့တယ်

နစ်နာမှုတွေရိုးအီ
ပန်းချီနဲ့ဓါတ်ပုံမကွဲတော့တဲအခါ
သတင်းဟာ
အတင်းလောက် ရောင်းမကောင်းခဲ့ဘူး

မြေတွေ သိမ်းတယ်
အိမ်တွေ ဖျက်တယ်
သစ်တွေခိုးတယ်
တန်ဘိုးရှိတဲ့ လူထုရေးသတင်းတွေ
ကန့် လန့် ကနောက်တွေက ဆွဲထုတ်
ခင်ဗျား ဖေါ်ထုတ်တဲ့အခါ
ကျနော်တို့ က လွယ်လွယ်ဖတ်
မှတ်ချက်ကလေးဘာလေး ဝင်ပေးရင်း
သတင်းပေးသူကိုလည်းမေ့
သူ့ ရုန်းကန်ကျော်ဖြတ်မှုကိုလည်းမေ့
ဟုတ်တယ်
လွယ်လွယ်ဘဲ မေ့လိုက်တယ်

ခင်ဗျားက ဗုံးရှာသမားပါ
အချိန်မရွေး နင်းမိသွားနိုင်ခဲ့တယ်
ခြေတဖက်အမှားမှာ
အသက်ပါသွားနိုင်တယ်
ကင်မရာခလုပ်တချက်အနှိပ်မှာ
ဘဝတစ်ခု တွန့်လိပ်ပြိုပျက်သွားနိုင်တယ်

ဒီမှာ ဗုံး' လို့ 
ခင်ဗျားပြပြီးတဲ့အခါ
စနက်တံဖယ်ရှား
ဒါမှမဟုတ် မြေကြီးထပ်ဖုံးသွားသူတွေကို
လူတွေက ကျေးဇူးတင်ကြမယ်

သတင်းဟာ ဘဝ လို့ 
ဝဋ်ကြွေးတစ်ခုပမာ
ခင်ဗျား မှတ်ချင်မှတ်ခဲ့မယ်
ဒါပေမယ့်
သတင်းက
ခင်ဗျားအတွက် ထမင်း တောင်ဖြစ်ခဲ့ရဲ့လား
ဆေးကုဖို့ ထားတော့

အာဏာရှင်က
သတင်းတွေမှောင်ချတယ်
ဒီမိုကရေစီက သတင်းတွေကို
အတင်းတွေဖြစ်တဲ့ထိ ရောပစ်တယ်
ခောတ်ဦးကါလမှာ
စွန့် ဦးဝန်ထမ်းရတာ
လွမ်းစရာကောင်းပေမယ့်
ကောင်းစွာ ဂုဏ်ယူကျေနပ်ပါ

နံစော်နေတဲ့သတင်းတွေကြားမှာ
ဒါဏ်ရာများနဲ့ ကျဆုံးခဲ့သူ ကိုစိုးညွှန့် 
ဒီမြေမှာဘဲ ခင်ဗျား
သတင်းသမားပြန်ဖြစ်ပါ
မွှေးပျံ့တဲ့ သတင်းတွေရဲ့ ခောတ်မှာ
ခင်ဗျားကို လူတွေ ချစ်စေချင်သေးတယ်

ေ ခ ဇ က်
(21-10-2018)

No comments:

Post a Comment