Latest News

Monday, October 15, 2018

ရလဒ်ပိုင်းတွေ ဆိုးရွားနေတဲ့ ဥရောပ၏ စူပါပါဝါနှစ်သင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်း

ရလဒ်ပိုင်းတွေ ဆိုးရွားနေတဲ့ ဥရောပ၏ စူပါပါဝါနှစ်သင်း
ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်း

ဥရောပရဲ့ စူပါပါဝါလို့      ကင်ပွန်းတပ်ရလောက်အောင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ဟာ ရာသီသစ်မှာ နည်းပြသစ်တွေနဲ့ ဖြတ်သန်း ခဲ့ရသလို ရာသီအစကတည်းက ရလဒ်ပိုင်းတွေက ဆိုးရွားလို့နေခဲ့ တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို သုံးနှစ် ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ကလည်း ဂျာမန်ဘွန်ဒက်လီဂါဖလားကို ခြောက်ရာသီဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းဟာ အခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ကစားပြီးခဲ့တဲ့ နောက်ဆုံးလေး ပွဲမှာ လေးပွဲစလုံးနိုင်ပွဲပျောက်ဆုံးခဲ့တဲ့အပြင် သုံးပွဲကရှုံးနိမ့်ခဲ့တာဖြစ် ပါတယ်။ အဲဒီလိုနိုင်ပွဲပျောက်ခဲ့တဲ့လေးပွဲစလုံးမှာလည်း    တစ်ဂိုးမှ      သွင်းယူနိုင်ခဲ့တာမရှိခဲ့တာကိုလည်း တွေ့ရမှာပါ။ အဲဒီလိုရလဒ်ပိုင်းတွေ ဆိုးရွားခဲ့လို့ စပိန်လာလီဂါမှာဆိုရင်လည်း ထိပ်ဆုံးကဦးဆောင်နေတဲ့ ဆီဗီလာအသင်းနဲ့ နှစ်မှတ်အကွာ အဆင့် ၄ နေရာမှာရပ်တည်နေခဲ့ တာဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ရုရှားကလပ်စီအက်စ်ကေအေမော်စကို အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းထွက်ခွာသွားခဲ့ပြီးတဲ့နောက် နည်းပြသစ်အဖြစ် လိုပက်တီဂေးကို ခန့်အပ်ခဲ့တာဖြစ်ပြီး  အသင်းရဲ့အားထားရတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး စီရို နယ်လ်ဒိုကိုလည်း ဂျူဗင်တပ်အသင်းကို ရောင်းချခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက စီရိုနယ်လ်ဒိုကို အသက်အရွယ်အပိုင်း အခြားအရ ပြောင်းရွှေ့ကြေးပေါင် ၉၉ ဒသမ ၂ သန်းနဲ့ ရောင်းချခဲ့ တာကိုလည်း ဝေဖန်မှုတွေအများအပြားထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလိုဝေဖန်မှုတွေထွက်ပေါ်ခဲ့တဲ့အပြင် စီရိုနယ်လ်ဒိုထွက်ခွာ သွားပြီးတဲ့နောက်ပိုင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပွဲကစားချိန် ခုနစ်နာရီအတွင်းမှာ   ဂိုးမသွင်းနိုင်ခဲ့ဘူးလို့လည်း  စပိန်ဘောလုံး ကျွမ်းကျင်သူ ဘာလာဂူးက ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ အသင်းအတွက် အားထားရတဲ့နောက်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ ကာဗာဂျယ်နဲ့ မာဆယ်လိုတို့ဟာလည်း  ဒဏ်ရာပြဿနာကြောင့်  လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်း ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ ကြုံခဲ့ရသလို ဘွန်ဒက်လီဂါဖလားကို ခြောက်နှစ်ဆက်တိုက်ရယူပေးနိုင်ခဲ့တဲ့ ဘိုင်ယန် မြူးနစ်အသင်းဟာလည်း ရလဒ်ပိုင်းဆိုးရွားမှုနဲ့ ကြုံခဲ့ရပြီး ရှုံးပွဲမရှိစံချိန် တင်ထားတဲ့ ဒေါ့မွန်အသင်းနဲ့ ရမှတ်လေးမှတ်အကွာ အမှတ်ပေး ဇယားရဲ့ အဆင့်ခြောက်နေရာကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြသစ် နီကိုကိုဗက်လက်ထက် မှာ ရာသီအစလေးပွဲဆက်တိုက်အနိုင်ရရှိခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ် တွေမှာ နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ ကိုဗက်ဟာ နွေရာသီအပြောင်း အရွှေ့ကာလအတွင်းက ဖရန့်ဖက်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်း ကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

ငွေကြယ်

No comments:

Post a Comment