Latest News

Friday, October 5, 2018

လွမ်းပါတယ်အမေ


"ငါက မင်းတို့ ကိုစိုးတို့ ကိုသန်းထွန်းတို့နဲ့တွေ့မှ ကွန်မြူနစ်ဖြစ်တာ မဟုတ်ဘူး။"

"ဟင် အမေက ကွန်မြူနစ်လား"ဆိုတော့
"ဟဲ ဟဲ"လို့ရယ်တယ်။
"ငါက ကွန်မြူနစ်ပါတီဝင်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မာ့ခ်စ်ဝါဒကို ယုံတယ်"လို့ ပြန်ဖြေပါတယ်။

"အမေက ဘာဖြစ်လို့ မာ့ခ်စ်ဝါဒကို ယုံတာလဲ"ဆိုတော့ "နှစ်ချက်ရှိတယ်"လို့ ပြောပါတယ်။

"တစ်အချက်က မာ့ခ်စ်ဝါဒမှာ လူတန်းစားအမြင်ရှိလို့ နှစ်သက်တယ်"လို့ ပြောပါတယ်။ "မာ့ခ်စ်ဝါဒဟာ အဖိနှိပ်ခံ အစော်ကားခံ လူ့နင်းပြားတွေဘက်က ရပ်တည်တယ်။ ဒီလိုရပ်တည်တဲ့အတွက် အလုပ်လုပ်နေတဲ့လူတန်းစားမှာ အားကိုးယုံကြည်ရာ ရလာတယ်။ ဒါဟာ ငါတို့ခေတ်သမိုင်းရဲ့အရေးအကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်ချက်ပဲ"လို့ ဖြေပါတယ်။

နောက် နံပါတ်နှစ်အချက်ကို ဆက်ပြောပါတယ်။ အဲဒါကတော့ "မာ့ခ်စ်ဝါဒဟာ သိပ္ပံနည်းကျအတွေးအခေါ်ကို ကိုင်စွဲတာဖြစ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ကို ပေးနိုင်စွမ်းတယ်"လို့ ဆိုပါတယ်။

"ခုနင်က အမေစပြောတဲ့ ကိုစိုးတို့ ကိုသန်းထွန်းတို့နဲ့တွေ့မှ ကွန်မြူနစ်ဖြစ်တာ မဟုတ်ဘူးဆိုတော့ အမေက မာ့ခ်စ်ဝါဒကို ဘယ်အချိန်က စပြီး လေ့လာခဲ့တာလဲ"လို့ ကျွန်တော်က စကားအစကို ပြန်ကောက်ပြီး မေးလိုက်ပါတယ်။

အမေလူထုဒေါ်အမာ ပြန်ဖြေတာက "ငါ ငယ်ငယ်က ဂျာနယ်တိုက်ပေါ်မှာ ကြီးပြင်းခဲ့ရတယ်။ အဲဒီဂျာနယ်ရဲ့နာမည်က နေပြည်တော်ဂျာနယ်တဲ့။ နေပြည်တော်ဂျာနယ်ကို ၁၉၂၀လောက်ကထုတ်တယ်။ ငါ့ကို ၁၉၁၅ခုနှစ်ကမွေးတာဆိုတော့ နေပြည်တော်ဂျာနယ်ထုတ်တဲ့အချိန်မှာ ငါက လူမှန်းသိတတ်စ ကလေးပဲရှိသေးတယ်"လို့ အမေလူထု ဒေါ်အမာက ရှင်းပြပါတယ်။

နေပြည်တော်ဂျာနယ်ရဲ့ ထုတ်ဝေသူက ဦးရှင်ပါ။ ဦးရှင်ဟာ လူထုဒေါ်အမာရဲ့အဖေ ဦးထင်ရဲ့အစ်ကိုအရင်းပါ။ ဦးရှင်ရဲ့ဇနီးနာမည်က ဒေါ်သက်ရှည်လို့ ခေါ်ပါတယ်။ ဒေါ်သက်ရှည်က လူထုဒေါ်အမာရဲ့အမေ ဒေါ်စုရဲ့အစ်မအရင်းတော်ပါတယ်။ ညီအစ်ကို ညီအစ်မ လက်ဆက်ထားကြတာ ဖြစ်ပါတယ်။ လူဒေါ်အမာတို့မှာ မွေးချင်းများပါတယ်။ နဂါးဒေါ်ဦး၊ လူထုဒေါ်အမာ၊ ဒေါ်တင်တင်(ဂျပန်တော်လှန်ရေးရဲဘော် ဗိုလ်မှူးလှဖေရဲ့ဇနီး၊ တတိယကျောင်းသားသပိတ် သပိတ်မှောက်ကျောင်းသူ)၊ ဒေါ်ကျင်ကျင်(အဉ္ဇလီမောင်မောင်ရဲ့မိခင်)၊ ဦးမောင်လေး(ဗကသခေါင်းဆောင်ဟောင်း)၊ ဒေါက်တာခင်မောင်အေး(ဗကသခေါင်းဆောင်ဟောင်း)တို့ဖြစ်ကြပါတယ်။

ဦးထင်ဒေါ်စုမှာ သားထောက် သမီးခံများပေမယ့် ဦးရှင်ဒေါ်သက်ရှည်တို့မှာ သားသမီးမထွန်းကားပါဘူး။ ဒါကြောင့်လူထုဒေါ်အမာရဲ့ဦးကြီးဒေါ်ကြီးများဖြစ်ကြတဲ့ ဦးရှင်နဲ့ဒေါ်သက်ရှည်တို့ဟာ လူထုဒေါ်အမာနဲ့ ဦးမောင်လေးကို သားထောက်သမီးခံအဖြစ် မွေးစားခဲ့ပါတယ်။ ဒါကြောင့် လူထုဒေါ်အမာရဲ့ကလေးအရွယ် ငယ်ဘဝမှာ နေပြည်တော်ဂျာနယ်တိုက်ဟာ သူ့အိမ်သူ့ယာဖြစ်ခဲ့ရတာပါပဲ။

ဒါပေမယ့် နေပြည်တော်ဂျာနယ်ခေတ်က လူထုဒေါ်အမာဟာ ပီဘိ ကလေးအရွယ် ၅နှစ်သမီး ၆နှစ်သမီးသာ ရှိသေးတာကလား။ စာတောင် မဖတ်တတ်သေးပါဘူး။ နောင်အခါ အရွယ်ရောက်မှနေပြည်တော်ဂျာနယ်တွေ စုချုပ်ထားတဲ့ စာအုပ်ကြီးကို တဝကြီး ဖတ်ခွင့်ရခဲ့တာပါတဲ့လေ။ အဲဒီစာအုပ်ကြီးကို ကျွန်တော်ဖတ်ခွင့်ရတော့ စာရွက်တွေဆွေးပြီး မကြွေမပဲ့အောင် အတော်ကြီးဂရုစိုက် ကိုင်တွယ်ရတာပါ။

နေပြည်တော်ဂျာနယ်ဟာ ဗမာပြည်မှာ ပထမဆုံးစထွက်တဲ့ လက်ဝဲဂျာနယ်တွေထဲက တစ်စောင်ပါပဲ။ ကွန်မြူနစ်ဝါဒဟူသည် အဘယ်နည်းတို့ သမ္မာသမဂ္ဂဝါဒအကြောင်းတို့ဆိုတာတွေ ပါပါတယ်။ ပညာအလင်းက ဒင်္ဂါးတို့ နေပြည်တော်က ပိုက်ဆံကြီးတို့ဟာ မာခ်စ်ဝါဒကို အစဉ်တစိုက် မိတ်ဆက်ပေးခဲ့ကြတာပါ။

နေပြည်တော်ဂျာနယ် တစ်အုပ်လုံးနီးပါးကို ဦးရှင်တစ်ယောက်ထဲ ဒိုင်ခံရေးတယ်လို့လည်းပြောစမှတ် ရှိပါတယ်။ အဲဒီ ဦးရှင်ဟာ လူထုဒေါ်အမာကို အင်မတန် ချစ်ရှာတာပါ။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီးဖြစ်တော့ အင်းလျားအဆောင်သူမအမာဟာ သပိတ်မှောက်ကျောင်းသူ မအမာဖြစ်လာတယ်။

သပိတ်တပ်ကြီးနဲ့အတူ ရွှေတိဂုံစေတီမှာ စတည်းချပြီး ဗြိတိသျှနယ်ချဲ့အရင်းရှင်အစိုးရကို အံတုဆန့်ကျင်ခဲ့ပါတယ်။ အဲဒီတော့ အင်းလျားအဆောင်မှူး မျက်နှဖြူဝါဒင်မကြီးက "ရှင်တို့ရဲ့သမီး ကျောင်းဆောင်ကို ပြန်မလာဘူး။ ကိုယ့်သားသးမီး မပျက်စီးရအောင် ကိုယ့်ဖာသာ လာပြီးထိန်းသိမ်းစာင့်ရှောက်ပါ"လို့ အဓိပ္ပါယ်ရတဲ့ စာတွေရေးပို့ပါတယ်။ အဲဒီတော့လည်း မိဘအုပ်ထိန်းသူအနေနဲ့ ဦးရှင် ဒေါ်သက်ရှည်ကပဲ ရန်ုကုန်အထိ လိုက်လာခဲ့တာပါ။

ဦးရှင်က ရွှေတိဂုံစေတီပေါ်မှာ သပိတ်တပ်ကြီးနဲ့အတူ မားမားရပ်ပြီးတိုက်ပွဲဝင်နေတဲ့သမီးဖြစ်သူကို တွေ့ရတော့ အင်မတန်ကြေနပ် အားရရှာတာကလား။ မုန့်ဖိုးတွေ ဘာတွေပေးပြီး အိမ်ပြန်သွားတယ်။ ဒီဦးကြီးဖြစ်သူရဲ့ ဂုဏ်ကျေးဇူးကို အမေလူထုဒေါ်အမာဟာ အခါအခွင့်သင့်တိုင်း တခုတ်တရပြောရှာပါတယ်။ ဦးရှင်ရဲ့ နည်းပေးလမ်းပြမှုကြောင့် လူထုဒေါ်အမာဟာ မာ့ခ်စ်ဝါဒ စာအုပ်တွေ ရှာဖတ်ရကောင်းမှန်း သိလာတယ်လို့ ဆိုပါတယ်။

"ငယ်ငယ်တုန်းက နေပြည်တော်ဂျာနယ်မှာ မာ့ခ်စ်ဝါဒကို စတွေ့တယ်။ နောင်မှာ အင်္ဂလိပ်လို ဖတ်နိုင်တော့ ကျမ်းရင်းတွေ ကိုယ်တိုင်ရှာဖတ်တယ်"လို့ပြောပြပါတယ်။

အမေ မဆုံးခင် ပြင်ဦးလွင်က စိမ်းလန်းအေးခြံမှာ ပြောဖြစ်တာတွေထဲက အမှတ်တရပါ။ အမေဟာ သေတပန်သက်တဆုံး ယုံကြည်ချက်ကို သစ္စာမဖောက်ပဲ ခိုင်ခိုင်မာမာ ရပ်တည်သွားခဲ့တယ်။ အမေဟာ ကျွန်တော်တို့ရဲ့ အလင်းရောင်ပါ။ အမေဟာ ကျွန်တော်တို့ရဲ့ မီးရှူးတန်ဆောင်ပါ။

လွမ်းပါတယ် အမေ။

အောင်ကျော်ဆန်း
၂၉ နိုဝင်ဘာ ၂၀၁၇

No comments:

Post a Comment