Latest News

Monday, October 22, 2018

ဆင်မ မိုမို ၆၅ နှစ်ပြည့် မွေးနေ့ပွဲ ပျော်ရွှင်စွာ ဆင်ကာနွှဲ

ဆင်မ မိုမို ၆၅ နှစ်ပြည့် မွေးနေ့ပွဲ ပျော်ရွှင်စွာ ဆင်ကာနွှဲ

ရန်ကုန်  အောက်တိုဘာ  ၂၁

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးထဲတွင် သက်တမ်းရှည်ကြာစွာ နေထိုင်ကြီးပြင်းခဲ့သည့် ဆင်မမိုမို၏ ၆၅ နှစ်ပြည့်မွေးနေ့ မင်္ဂလာပွဲသည်    မိုမိုကိုချစ်သောပြည်သူတို့၏   Happy Birthdayဆုတောင်းသံများဖြင့်   ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ပဲ့တင်ထပ်လျက်ရှိသည်။

''ဆင်မကြီးမိုမိုကို သူ့ရဲ့မွေးနေ့မှာ ပရိသတ်တွေက အသက်ရာကျော်ရှည်ပါစေလို့   ဆုတောင်းပေးသံတွေ ကြားရတဲ့အတွက် အခုလို မွေးနေ့ကျင်းပပေးရတာကို ကျေနပ်ဝမ်းသာဖြစ်မိပါတယ်''ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မှ စီမံမန်နေဂျာ ကိုမျိုးကျော်သူက ပြောသည်။

ယနေ့ကျင်းပသည့်  ၆၅ နှစ်ပြည့်မွေးနေ့တွင် ဆင်မလေး မေသဲဖြူ၊  မျိုးမျိုး၊   မိုသော်ပြည့်၊  မလှချော  စသည့် ဆင်များကို ခြံရံပြီး ပျော်ရွှင်စွာ မွေးနေ့ပွဲဆင်နွှဲနေသည့် ဆင်မမိုမိုသည် ၁၉၆၁ ခုနှစ်မှစတင်၍ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။ ထိုစဉ်က ဆင်မလေးမှာ အသက် ခုနစ်နှစ်အရွယ်။

မိခင်နှင့်ကွဲကွာပြီး တောထဲမျက်စိလည်နေခဲ့သည့် ဆင်မလေးမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ခဲ့ရာ သူ၏ ပထမဆုံးသခင်  ဦးခွန်စန္ဒက  တောခေါင်းကြီး၏ ဇနီး ကရင်မလေး နော်မိုးမို၏  အမည်ကိုယူပြီး  မိုမိုဟု အမည်ခေါ်ခဲ့ရာမှ ပြည်သူ့အချစ်တော် မိုမို ဖြစ်လာခဲ့သည်။

ယနေ့ မိုမို၏မွေးနေ့ပွဲကို  နံနက် ၆ နာရီက သံဃာ တော်များအား ဆွမ်းကပ်လောင်းလှူမှုဖြင့် စတင်ခဲ့ပြီး မိုမို မွေးနေ့အခမ်းအနားကို ဆင်မလေးမေသဲဖြူက ဖွင့်လှစ်ပေး ခဲ့သည်။ ထို့နောက် တစ်မူထူးခြားစွာ မိုမိုနှင့်အတူ ဆင်နွှဲသည့် ဆင်များအားမွေးနေ့ကိတ်အစားဘူဖေးစားသုံးစေခဲ့သည်။ မိုမို၏ ဘဝဖြတ်သန်းရာ ဘဝဖြစ်စဉ်ကို ဟောပြောခဲ့ရာ လာရောက်သူဧည့်ပရိသတ်များ မိုမိုကို ချစ်အားပိုခဲ့ကြသည်။

''မိုမိုကလေ ဆံမဖြူ သွားမကျိုးဘူး။ ကျန်းမာရေးက တော့ အခုလက်ရှိ ဒေါင်ဒေါင်မြည်ပါပဲ။  ဧည့်သည်လာရင် တကျင်ကျင်လို့ နှုတ်ဆက်နေဆဲပဲ။   အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပါတယ်''ဟု  ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ       အကြီးတန်း  တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာမြင့်သိန်းက ပြောသည်။

တိရစ္ဆာန်ပင်ဖြစ်လင့်ကစား၊  ဆင်မည်းပင်ဖြစ်လင့် ကစား သိနားလည်ပြီး လိမ္မာသည့် ဆင်မလေးမိုမိုသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ဖျော်ဖြေပွဲများစွာတွင် ပြည်သူ များ နှစ်ခြိုက်စေသည့်အကများကို  ကြီးမားသောသူ၏ ခန္ဓာကိုယ်ကြီးကို လှုပ်ရမ်းကပြရင်း မိမိ၏အခန်းကဏ္ဍကို ကျေပွန်စွာ  ဆောင်ရွက်ခဲ့သူပင်ဖြစ်သည်။    နိုင်ငံတော် အထင်ကရ အခမ်းအနားများတွင်လည်း တတ်စွမ်းသမျှ  ပါဝင်ခဲ့ဖူးသည့် ပြည်သူ့အချစ်တော် မိုမိုပင်ဖြစ်သည်။

''အခုလည်း ဆိုင်းသံ ဗုံသံကြားရင် ကချင်စိတ်ရှိနေ တုန်းပဲ။ ခန္ဓာကိုယ်က လှုပ်နေတာ။ သူ့နာမည်ခေါ်ရင်လည်း အမြဲထူးတယ်၊ အစာကျွေးမှ မကျွေးမှ မဟုတ်ဘူး။ ပြီးတော့ သူက ဒီမှာ ဆင်တွေအားလုံးထဲမှာ အသက်လည်းအကြီး ဆုံးပဲ။ သူကခေါင်းဆောင်ပဲ''ဟု  ဆင်ဦးစီး ကိုအောင်ဝင်း သောင်းက ပြောသည်။

ဆင်မမိုမို၏   မွေးနေ့ပွဲကို   မျက်လှည့်ကိုခိုင်၏ ဆန်းပြားသောပြကွက်များနှင့် ဖျော်ဖြေမှု၊ မြန်မာ့ခြင်းလုံး အလှကစားခြင်း၊ တိရစ္ဆာန်လေးများ၏ လိမ္မာကျွမ်းကျင်မှု ပြကွက်များ၊ ချစ်စရာ့အရွယ် ကလေးငယ်များ၏ ဖျော်ဖြေ မှု၊ ပျော်ရွှင်စရာ ဥာဏ်စမ်းပဟေဠိနှင့် ကလေးငယ်များ အတွက် ကံစမ်းမဲအစီအစဉ်၊Life & Dance အဖွဲ့သားများ ၏ ကကွက်ဆန်းများနှင့် ဖျော်ဖြေမှု၊Myanmar Idol Season 3 မှ နေခန့်မင်းသစ်၏ သီဆိုဖျော်ဖြေမှု၊ ဧည့်သည် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ဈေးရောင်း ပွဲတော်နှင့် အနုပညာရှင်များ၏ ပရဟိတ ဈေးရောင်းပွဲတော် များကလည်း ပါဝင်အားဖြည့်ထားပြန်သည်။

တစ်ခေတ်တစ်ခါက    မြန်မာ့အသံရေဒီယိုကနေ တနင်္ဂနွေနေ့များ၌ ထုတ်လွှင့်နေကျ ''မိသားစု တနင်္ဂနွေ'' သီချင်းစာသားကနေ အောင်မြင်ကျော်ကြားလာသည့် မိုမို၊  မိဘတို့က သားငယ်သမီးငယ်များကို ဆင်သဖွယ်  ကျီစယ် ကစားသည့်အခါ ''မိုမိုရေ --- ဝူး''ဆိုသည့် မိုမိုနာမည်ကို ထည့်သွင်းကစားသည်အထိ ပြည်သူ့အသည်းကျော်လေး ဖြစ်ခဲ့သည့် မိုမို ။

တောဆင်ရိုင်းများ  သတ်ဖြတ်မှုမှ  ကာကွယ်ရန်၊ ထိန်းသိမ်းပေးရန် လှုံ့ဆော်ရာတွင်လည်း ဆင်များအားလုံး ကို ကိုယ်စားပြုသည့်အမည်မှာ ''မိုမို''ပင်ဖြစ်သည်။  ယခု ဆင်မမိုမို  အသက် ၆၅ နှစ်ပြည့်ပါပြီ။  ပြည်သူချစ်သော မိုမို အသက်ရာကျော်ရှည်ပါစေ ''Happy Birthday''ပါ မိုမို။ 

သတင်း-သီသီမင်း၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment