Latest News

Thursday, October 4, 2018

ဘားအံအကျဉ်းထောင်မှထွက်ပြေးသွားသည့် ထောင်ပြေးတစ်ဦး ထပ်မံဖမ်းဆီးရမိ

ဘားအံအကျဉ်းထောင်မှထွက်ပြေးသွားသည့် ထောင်ပြေးတစ်ဦး ထပ်မံဖမ်းဆီးရမိ

ဘားအံ   အောက်တိုဘာ   ၂

ကရင်ပြည်နယ်  ဘားအံမြို့နယ်  ဘားအံအကျဉ်းထောင်မှ  ထွက်ပြေး လွတ်မြောက်သွားသော  အကျဉ်းသားများအနက် မူးယစ်ဆေးဝါးနှင့်လက်နက် ခဲယမ်းများနှင့်ဖမ်းဆီးရမိ၍ ဘားအံခရိုင်တရားရုံးတွင် မူး/စိတ်ပုဒ်မ ၁၆(ဂ) ၂၂(ခ)ဖြင့် တရားရုံးစစ်ဆေးဆဲဖြစ်သော စောပလေ့ ၅ဝ နှစ် (ထောင်ဝင် အမှတ် ဘအ/၁၈/ဝဝ၃၆၂/ချုပ်)ကို  အောက်တိုဘာ၂ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စု ကော့ကမာကျေးရွာတွင် ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက် ည ၁ဝ  နာရီခန့်တွင်  ဘားအံမြို့နယ် ကော့ကမာကျေးရွာသို့ ဘားအံအကျဉ်းထောင်မှထွက်ပြေးသည့် ထောင်ပြေး ဖြစ်သူ   စောပလေ့   ရောက်ရှိလာကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ  အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ်မင်းအောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကော့ကဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းမောင်နှင့်ကျေးရွာ ပြည်သူ့စစ်အဖွဲ့နှင့်အတူ  သွားရောက်၍  ထောင်ပြေးစောပလေ့အား ဖမ်းဆီးရမိရေး ၄င်း၏ နေအိမ်ပတ်ဝန်းကျင်အား  စနစ်တကျပိတ်ဆို့ စောင့်ဆိုင်းပြီး အောက်တိုဘာ ၂ ရက် နံနက် ၂ နာရီခွဲခန့်တွင်  နေအိမ်အား ဝင်ရောက်စီးနင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၄၂ ဦးအနက် ၂၆   ဦးကို   ပြန်လည်ဖမ်းဆီးရမိသဖြင့်   ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သော အကျဉ်းသား ၁၆ ဦးကို ဖမ်းဆီးရမိရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး  ဦးစီး၍  နယ်မြေခံ တပ်မတော်သားများ၊  နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊  ငြိမ်းချမ်းရေးရယူ ထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊  အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)

No comments:

Post a Comment