Latest News

Wednesday, October 3, 2018

ကရင်ဖားစည်ဘယ်ကစလဲ ။ ကရင်အမျိုးသားလက္ခဏာ ဖားစည်အကြောင်း


ဖားစည်သည် ကရင်တမျိုးသားလုံးအား ကိုယ်စားပြုသည့် တူရိယာ တမျိုး ဖြစ်သည်။
စကောကရင် က ကလို ( ကျိဢ် ) ဟုခေါ်ပြီး ပိုးကရင် က ကလူး ( ကေႜါဟ်) ဟု ခေါ်သည်။

ကရင်အမျိုးသားတို့သည် ဖားစည်ကို လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်လောက်က
သုံးစွဲလာခဲ့ ကြသည်ဟု သုတေသီတို့က အခိုင်အမာ ယုံကြည်ယူဆ ထားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ဖားစည်ကို ကရင်အမျိုးသား တို့အတွက် ရှေး ဘိုး ဘေး ဘီဘင်တို့ ထားခဲ့သော ရှေးဟောင်း အမွေအနှစ် အဖြစ် တန်ဘိုးထားကြ၏။

သာယာသော အသံရရှိရန် ပဉ္စရူပ ခေါ် သတ္တု ၅မျိုးဖြစ်သည့်
ရွှေ ငွေ ကြေးနီ သွတ်နှင့် ခဲများကို ရောစပ်၍ သွန်းလုပ်ရကြောင်း အဆိုရှိ၏။
ဖားစည်၏ အလေးချိန်ပေါ် မူတည်ပြီး တန်ဘိုးဖြတ်သည်လည်း ရှိ၏။

ဖားစည်သွန်းလုပ်ရာတွင် လက်ရာ ကောင်းခြင်း၊ အရုပ်များဖြင့် လှပစွာစီခြယ် သွန်းလုပ်ထားခြင်း၊ အသံသာယာ ငြိမ့်ညောင်းခြင်း များပေါ် မူတည်၍ ဖားစည်ကို တန်ဘိုးဖြတ်ကြ၏။

တချိန်က ဖားစည်သည် အရှေ့တောင်အာရှ ဒေသများတွင် ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြကြောင်း သိရှိရသည်။ ဖားစည်များကို တရုတ်ပြည် ယူနန်နယ် အိန္ဒိယ သီဟိုဠ်(သီရိလင်္ကာ) ကမ္ဘောဒီးယား လာအို ဗီယက်နမ် ထိုင်းနိုင်ငံများတွင် တွေ့ရှိရ၏။

မြန်မာနိုင်ငံ တောင်ဖက် ဘော်နီယိုကျွန်း အထိပင် ဖားစည်များကို တွေ့ရှိရသည်။ ဖားစည်ကို ကျောက်ခေတ်နှောင်း နောက်ပိုင်း ကြေးခတ် ပေါ်ပေါက်လာသော အချိန် (သမိုင်းခေတ်ဦး) ၌ စတင်သွန်းလုပ်သုံးစွဲခဲ့ကြသည်ဟု ယူဆထားခဲ့ ကြသည်။

အနောက်တိုင်း သုတေသီအချို့ကမူ ဖားစည်သည် ယိုးဒယား ရှမ်းအနွယ်ဝင် ရှမ်းလူမျိုးများက စတင်သွန်းလုပ် ခဲ့ကြသည်ဟု ယူဆကြသည်။ရှေးကရင် ကဗျာလင်္ကာအရ
မဲခေါင်ဖြစ်ဖြားခံရာ ဒေသမှတဆင့် ကရင်လူမျိုးတို့ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာခဲ့စဉ် အချိန်ကပင် ဖားစည် သွန်းလုပ်ခြင်း အတတ်ပါလာပြီးဖြစ်သည် ဟုဆိုသည်။

ဖားစည်မောင်နှံ ဟုခေါ်သော ဖားစည်မျိုးသည် တန်ဘိုး အလွန်ကြီးသောကြောင့်
တဦးတည်း ၀ယ်ယူရန် ငွေအင်အား မနိုင်လျှင် ဆွေမျိုးတစုလုံး စုပေါင်းဝယ်ယူပြီး အများသဘောတူ ဆွေမျိုးတဦးဦးအိမ်တွင် ထားရှိကြသည်။

ထိုဖားစည်မောင်နှံကို ရွှေနှင့် ပြုလုပ်သော အ၀ါရောင် ဖားစည်နှင့် ငွေနှင့်ပြုလုပ်သော အဖြူရောင် ဖားစည်ဟူ၍ ခွဲခြားထားပြီး ၎င်းတို့ကို ပိုင်ဆိုင်သူသည်
ဓနအင်အား ပြည့်စုံသူဟူ၍ သတ်မှတ်ခြင်း ခံရသည်။

ကရင်အမည်ဖြင့် ခေါ်ဆိုသော ဖားစည်အမျိုးမျိုးအနက် ဂေါပတ်ဆောဒီ အမည်ရှိသော ဖားစည်သည် အသံအသာယာဆုံး ဖြစ်သည် ဆို၏။ ဤဖားစည်ကို တီးခတ်သော ရိုက်တံသည် မတော်တဆ အိမ်အောက်သို့ကျလျှင် ဆင်းကောက်ပြီး အိမ်ပေါ်သို့ ပြန်ရောက်သည့်တိုင်အောင် ဖားစည်၏ တုန်ခါသံ မဆုံးသေး ဟူ၏။

သာယာသော ဖားစည်ကို တီးခတ်လိုက်သောအခါ နားငြီးလောက်အောင် အသံကျယ်လောင်စွာ ပေါ်ထွက်ခြင်းမရှိပဲ ငြိမ့်ညောင်းသော အသံကိုသာ ကြားရသည်ဟုဆိုသည်။ ဖားစည်အနီးရှိသူသည် ညင်သာစွာ အသံကို ကြားရမည်ဖြစ်သော်လည်း ထိုအသံသည် ဝေးလံစွာရောက်ရှိမည် ဖြစ်သည်။

ဖားစည်ကို မင်္ဂလာဖားစည်နှင့် အမင်္ဂလာ ဖားစည်ဟူ၍ နှစ်မျိုးသတ်မှတ်ထား၏။
မင်္ဂလာဖားစည်မှာ မျက်နှာပြင်ရှိ ဖားရုပ်များသည် လက်ဝဲရစ် တကောင်နောက် တကောင် လိုက်နေကြဟန်ရှိ၏။ အဓိပ္ပာယ်မှာ ညီညွတ်ခြင်း ခေါင်းဆောင်မှု ရှိခြင်းကို ဖေါ်ဆောင်သည်။

ထိုဖားစည်မျိုးကို မင်္ဂလာရှိသော အခမ်းအနားများတွင် တီးခတ်အသုံးပြုကြသည်။
အမင်္ဂလာ ဖားစည်ဟူရာ၌ ဖားစည်၏ မျက်နှာပြင် ပေါ်ရှိ ဖားရုပ်များသည် တကောင်နှင့်တကောင် မျက်နှာချင်းဆိုင် နေကြသဖြင့် ရန်စောင်ခြင်း ညီညွတ်မှု မရှိခြင်း သွေးကွဲခြင်း အဓိပ္ပာယ်ကို ဆောင်နေပေသည်။

ထိုဖားစည်မျိုးကို မင်္ဂလာ မရှိသော အခမ်းအနားများတွင် တီးခတ်အသုံးပြုကြသည်။
ဖားသုံးကောင်ထပ် ဖားစည်ကို သတို့သမီး သတို့သား လက်ထပ် မင်္ဂလာပြုသည့် လရာသီ အချိန်တွင် တီးခတ်ခြင်း ဆန်စပါး စိုက်ပျိုးချိန် ကောက်ရိတ်သိမ်းချိန်တွင် အောင်စည်အဖြစ် တီးခတ်ခြင်း ပြုလေ့ရှိသည်။

ဤကဲ့သို့ တီးခတ်ခြင်းဖြင့်
စီးပွားရေးများ ကောင်းမွန်ပြီး အစစအရာ အောင်မြင်အကျိုးပေးသည်ဟု ယုံကြည်ယူဆ ကြသည်။ မျက်နှာချင်းဆိုင် ဖားနှစ်ကောင်ထပ် ဖားစည်ကို ရွာလူကြီးက ရွာသူရွာသားများ သာရေး နာရေး စစ်ရေးကိစ္စ အရေးများ ပေါ်ပေါက်လာလျှင် ကျယ်လောင်စွာ ခုနှစ်ချက်တီးခတ်သည်။

ရွာသားများ ကြာလျှင်ကြားချင်းပင် ရွာသူကြီးအိမ်ဝင်းအတွင်း အမြန်ဆုံး လာရောက် စုဝေးကြရပါသည်။ဆွေမျိုးသားချင်း တဦးဦး သေဆုံးပါက ဖားစည်၏ မျက်နှာပြင်အနားကိုဖဲ့ပြီး သေသူနှင့် တပါတည်း မြှုပ်နှံသည့် အလေ့အထရှိ၏။

ဆွေစဉ်မျိုးဆက်မှ နောက်ဆုံးသောသူ သေဆုံးသည့်အခါ
ဖားစည်၏ မျက်နှာပြင် အလယ်တည့်တည့် နေလုံးအား ထွင်း၍ ဖားစည်တခုလုံးကို သေသူနှင့် တပါတည်း အဆုံးသတ် မြှုပ်နှံလိုက်ရပါသည်။ကရင်လူမျိုးတို့၏ လူနေမှုဘ၀ကို ဖော်ဆောင်နေသော ဖားစည်ခုနှစ်မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။

( ၁ ) ဖားလေးကောင်သည် ဖားစည်မျက်နှာပြင်ပေါ်တွင် လက်ဝဲရစ် တကောင်နောက် တကောင် လိုက်သွားနေပြီး ဆင်ကြီးတကောင် ထွက်ပြေးကာ ချေးတုံးတတုံး စွန့်ထားသည်။ ဤဖားစည် အမျိုးအစားမှာ စည်းလုံးညီညွတ်ခြင်း မေတ္တာထားခြင်း ဖြောင့်မတ်ခြင်း စာရိတ္တကောင်းခြင်းတို့၏ အာနိသင်ကြောင့် မကောင်းဆိုးဝါး ကိုယ်စားပြုသော ဆင်ကြီးက မရင်ဆိုင်ရဲပဲ ထွက်ပြေးပြီး ချေးတုံးတတုံးပင် ထွက်ကျကျန်ရစ်ခဲ့ရခြင်းကို သရုပ်ဖော်ထားခြင်းmk ဖြစ်သည်။

( ၂ ) ဖားလေးကောင်က အခြားဖားတကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ် တကောင် နှင့်တကောင် လိုက်သွားပြီး ဆင်ကြီး နှစ်ကောင်ထွက်ပြေးကာ ချေးတုံးနှစ်တုံး စွန့်ထားသည်။ ( ဖားနှစ်ထပ်) ဒုတိယဖားစည်သည် ဆင်းရဲသားများ ဒုက္ခရောက်သော မုဆိုးမနှင့် မိဘမဲ့များအား သနားကြင်နာ ကူညီရိုင်းပင်းမှုကို ဖော်ညွန်းထား၏။
ထို့ကြောင့်လည်း ဖားတကောင်က အခြား ဖားတကောင်ကို ကျောပိုးထားခြင်း ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါး ဆင်နှစ်ကောင်က ကြောက်ရွံ့ ထွက်ပြေးရပြီး ချေးတုံးတတုံးစီ ထွက်ကျကျန်ရစ်ခဲ့၏။

( ၃ ) ဖားလေးကောင်က အခြားဖားနှစ်ကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ် တကောင်နောက် တကောင်လိုက်သွားပြီး ဆင်ကြီးသုံးကောင် ထွက်ပြေးသွားကာ ချေတုံးသုံးတုံး စွန့်ထားသည်။ (ဖားသုံးထပ်) တတိယ ဖားစည်အမျိုးအစားသည် အကောင်းဆုံးသော သင်ခန်းစာကို ပေးထားသည်။ အောက်ဆုံး ဖားသည် အကောင်ကြီး၍ ကျန်ဖားနှစ်ကောင်ကို ကျောပိုးထား၏။ အပေါ်ဆုံးဖားသည် အလယ်ဖားထက် အနည်းငယ် သေး၏။ ကြီးသောသူက ငယ်သောသူကို ကူညီဖေးမခြင်းကို ဖော်ညွှန်းထာ၏။ ထို့ကြောင့် ဆင်ကြီးသုံးကောင်လုံး ကြောက်ရွံ့ခြင်းများစွာဖြင့် ထွက်ပြေးရပြီး ချေးတုံးတတုံးစီ ထွက်ကျကျန်ခဲ့သည်။

( ၄ ) ဖားလေးကောင်သည် အထက်အောက် မျက်နှာချင်းဆိုင်လျက် ဆင်ကြီးတကောင် မကြောက်မရွံ့ပဲ တက်လာသည်။

( ၅ ) ဖားလေးကောင်သည် အထက်အောက် မျက်နှာချင်းဆိုင်လျက် ဆင်ကြီးနှစ်ကောင် မကြောက်မရွံ့ပဲ တက်လာသည်။

( ၆ ) ဖားလေးကောင်နှင့် ဆင်ကြီးလေးကောင်တို့သည် အသီးသီး လက်ဝဲရစ် တကောင်နောက် တကောင်လိုက်နေကြသည်။
စတုတ္ထ ပဉ္စမ ဆဋ္ဌမ ဖားစည်များမှာမူကား ဆန့်ကျင်ဘက် ညီညွတ်မှု မရှိသည့်သဘောကို ဖော်ပြလျက်ရှိသည်။ ဖားများသည် အချင်းချင်း မျက်နှာချင်းဆိုင် ရန်စောင်သည့် သင်္ကေတ ဖြစ်သောကြောင့် အချင်းချင်း မေတ္တာခေါင်းပါးလာသည့် အတိတ်နိမိတ်ကို ဖော်ပြလျှက်ရှိသည်။ စည်းလုံးညီညွတ်မှု မရှိသောအခါ မကောင်းဆိုးဝါးကို ကိုယ်စားပြုသော ဆင်ကြီးများ လာရောက်ဖျက်ဆီးရန် ဦးတည်လာသည်ကို တွေ့ရ၏။

( ၇ ) ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားလေးကောင် ပျောက်ကွယ်သွားပြီး ဆင်ကြီးလေးကောင် သာကျန်၍ တကောင် နောက် တစ်ကောင်လိုက် နေကြသည်။ သတ္တမမြောက် ဖားစည်၏ မျက်နှာအ၀ိုင်းပေါ်၌ကား ဖားများ လုံးဝပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါး ဆင်ကြီး လေးကောင်က သဘောရှိ မင်းမူနေကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
စစ်မာန်ဟုန်

ထို့ကြောင့် ဖားစည်၏ သင်္ကေတ သဘောတရားများကို သင်ခန်းစာယူ၍ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုရင်းချာ သဘောထားညီမျှကြကာ ရင်းနှီးချစ်ခင်စွာဖြင့်သွေးစည်းကြပါ အမျိုးမျာိးုကိုယ့်လူမျိုးကိုချစ်ရင်ကို်ယ့်လူမျိုးသမိုင်းယဉ်ကျေးမှုများကိုလေ့လာဖော်ထုတq်ကြပါ အမျိုးများ။

ဖားစည်ပေါ်က ဖားရုပ်အဓိပ္ပါယ်
************************
ဖားစည်ပေါ်ကဖားရုပ်သည် ဖားပြုပ်ရုပ်ဟု ဆိုသည်။

ရှေးးးကရင်ဘိုးဘွားများက -
၁။ ဖားပြုပ်သည် စကားတည်ပြီး ဖားပြုပ်အော်လျှင် မိုးရွာသည်။

၂။ ဖားပြုပ်သည် မိမိဥနှင့်ခလေးများကို ဘယ်သောအခါမှ ပြန်လည်စားသောက်ခြင်းမပြု ။

၃။ ဖားပြုပ်အရေခွံကို စားသုံးမိသူမှာ မူးဝေအော့အန်စေသော်လည်း အလွန်ဆိုးရွားသောအဆိပ်ကို ပြေစေသည်။

၎။ ရန်သူဖြစ်သောမြွေဆိုးများနှင့် ရင်ဆိုင်လာရသောအခါ မိမိအရေခွံတွင်းမှ အစေးများကိုထုပ်ပြီး မြွေဆိုးများကို ပြန်လည်တိုက်ခိုက် အနိုင်ယူနိုင်သည်။

၅။ ယားနာ၊ပွေးနာနှင့် မီးလောင်ဒဏ်ရာကို ဖားပြုပ်၏အရေခွံနှင့် အုပ်ထားလိုက်ပါက ချက်ခြင်းအနာသက်သာစေသည်။

၆။ ဖားပြုပ်၏အရေခွံသည် ရွံစရာကောင်းသည်ဟု ထင်ရသော်လည်း ရောဂါအမျိုး
မျိုးကို ပျောက်ကင်းစေနိုင်သည်။

ဤသို့သောဝိသေသလက္ခဏာများကြောင့် ရှေးဘိုးဘွားများသည် ဖားပြုပ်ကဲ့သို့
စကားတည်ကြည်ခြင်း၊

မိမိသားသမီး အိမ်သူသက်ထားကို မြတ်မြတ်နိုးနိုး ချစ်ခင်တွယ်တာခြင်း၊

မိမိကိုယ်ကို ခွန်အားဗလပြည့်စုံအောင် အားထုပ်ပြီး၊ ကိုယ့်ကိုရန်ပြုလာသူများကို ကာကွယ်ခြင်း၊

သူတစ်ပါးကိုကူညီခြင်း၊ဖေးမခြင်း စသောကရင်တို့၏ပုံရိပ်ကို ကိုယ်စားပြုသည်ဟုဆိုကာ အမြတ်တနိုးထားရာမှ
ဖားစည်သည် ကရင္အမ် ိဳးသားမ် ား၏ အထိမ်းအမှတ်ပစ္စည်းများအဖြစ် ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။

ဖားစည်ကို သမိုင်းပညာရှင်များ၏ လေ့လာတွေ့ရှိချက် ဒဏ္ဍာရီလာဖားစည်များအကြောင်းကို နောက်ပိုင်းတွင် ဆက်လက်တင်ပြပေးပါမည်။

ယခုဖားရုပ်၏အဓိပ္ပါယ်ကို ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်း ကရင်စာအုပ်မှထုပ်နှုတ်ပြခြင်းဖြစ်ပါသည်။

အမျိုးများအားလုံးကျန်းမာချမ်းသာကြ
ပါစေ...။

စောသောသီဘွဲ့

No comments:

Post a Comment

Blog Archive

Recent Post