ဆံသဆရာ ဦးကြည်၏ ဆိုင်ဘေးတွင် ဖိနပ်ချုပ်သော အတတ်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူ မောင်စိုင်းဆိုသော လူငယ်လေးတစ်ဦးရှိ၏။ မောင်စိုင်းသည် ရှစ်တန်းဖြင့် ကျောင်းထွက်ကာ ခြေတစ်ဖက် ပြတ်နေသော ဖခင်စစ်ပြန်ကြီးနှင့် လူမမာ မိခင်အပေါ် လုပ်ကျွေးနေသူတစ်ဦး ဖြစ်သည်။
တစ်နေ့တွင် မောင်စိုင်း၏ ဖိနပ်ချုပ်ဆိုင် ကို နိုင်ငံခြားသို့ လူပို့လူကြိုလုပ်သော ပွဲစား ဝင်းမောင် ရောက်လာလေ၏။ ဝင်းမောင်သည် မောင်စိုင်းအား နိုင်ငံခြားသို့သွား၍ အလုပ် လုပ်စေရန် အဆွယ်တရား ဟောနေလေ၏။ဤအချင်းအရာအား တစ်ဖက်ဆိုင်မှ ဆံသဆရာ ဦးကြည်က ကြားတစ်ချက် မကြား တစ်ချက် သဲ့သဲ့ကြားလိုက်လေသည်။ ဆံသ ဆရာမောင်ကြည်သည် ပွဲစားဝင်းမောင်၏ အမူအကျင့်အား သိထား၊ ကြားထားသည် ကတစ်မျိုး မောင်စိုင်း၏ မျက်နှာလေး ညှိုးငယ်သွားသည်အား တွေ့လိုက်ရခြင်း ကြောင့် ညှပ်လက်စဆံပင်တစ်ခေါင်း အပြီး တွင် မောင်စိုင်း၏ ဖိနပ်ဆိုင်ဘက်သို့ ကူးခဲ့ လေသည်။
မောင်စိုင်းမှာ ဦးကြည်အား မြင်သည်နှင့် အပြစ်လုပ်ထားသော ကလေးငယ်တစ်ဦးပမာ မျက်နှာအမူအရာ အနည်းငယ်ပျက်သွား လေ၏။
ထို့ကြောင့် ပျာပျာယာယာဖြင့် ''ဦးကြည် ထိုင်လေ'' ဟု မောင်စိုင်းမှ လောကွတ်ပြုလေ ၏။ သို့သော် ဆံသဆရာ ဦးကြည်မှာ ဝင်ထိုင် ရက်သားပင် ဖြစ်နေ၏။ထို့နောက် ဦးကြည်မှ မောင်စိုင်းအား-
''စောစောက စကားပြောနေတာ ဘယ်သူတုံး'' ဟု မေးလေရာ မောင်စိုင်းက
''ပွဲစားကိုဝင်းမောင်ပါ ဦးကြည်ရဲ့ ဘာဖြစ် လို့လဲ''
''သြော်..... ဝင်းမောင်က မောင်စိုင်း နဲ့ စကားပြောတာ တော်တော်ကြာတယ်နော်၊ ပြီးတော့ မောင်စိုင်းမျက်နှာလေးလည်း ညှိုးသွားတာ တွေ့လိုက်လို့ မေးကြည့်တာပါ''
မောင်စိုင်း၏ ပုံစံမှာ ဆံသဆရာဦးကြည် အား ပြောသင့်မပြောသင့် စဉ်းစားနေပုံ ပေါက်၏။ ထို့ကြောင့် အခြေအနေအား အကဲခတ်နေသော ဦးကြည်က အလိုက် သိစွာပင်''အဆင်မပြေရင်လည်း မပြောနဲ့လေ မောင်စိုင်းရဲ့ ရပါတယ်ကွ''
ထိုအခါမှ မောင်စိုင်းက ''မ မဟုတ်ပါဘူး ဦးကြည်ရယ် ပြောပြ လို့ရပါတယ်။ ဒီလိုပါ ပွဲစားကိုဝင်းမောင်က ကျွန်တော့်ကို ပြောလာ တယ်။ မင်းဒီဖိနပ်ချုပ်တဲ့အလုပ်ကို စိတ်မ ပျက်ဘူးလားတဲ့။ ပြီးတော့ လူတွေက သူတို့ ဖိနပ်စုတ်မှသာ မင်းကိုရှာဖွေကြတာပါတဲ့။ နောက်ပြီး သူတို့ ဖိနပ်လေးတွေကောင်းနေရင် လမ်းတွေ့ရင်တောင် ခေါ်ပြောနှုတ်ဆက် အသိအမှတ်ပြုလို့လားလို့မေးတယ်။ နောက်ပြီး နိုင်ငံခြားသွားချင်ရင် သူ့ကိုပြောပါတဲ့။ အစ အဆုံး သူကူညီပေးနိုင်ပါတယ်တဲ့ ဦးကြည်၊ သွားမယ်ဆို ပိုက်ဆံကိုလည်း ဟိုရောက်လို့ အလုပ်လုပ်ပြီးမှ ဆပ်ရင်ရတယ်တဲ့''
မောင်စိုင်း၏စကားကို ကြားလိုက်ရက တည်းက ဦးကြည်မှာ ပွဲစားဝင်းမောင်၏ မြှူဆွယ် ခြင်းအကြံကို ကောင်းကောင်း ရိပ်မိလိုက်ပါ သည်။ သို့သော်လည်း မောင်စိုင်း၏ အခွင့် အရေးအား ကဖျက်ယဖျက်လုပ်သည်ဟု ထင်မှာလည်းစိုးသဖြင့် မိမိ၏အလုပ်တန်ဖိုးကို တန်ဖိုးထား နားလည်လာအောင် ဥပမာ လေးတစ်ခုဖြင့် မြင်အောင်ပြောပြရန် ဆံသ ဆရာ ဦးကြည်တစ်ယောက် ဆုံးဖြတ်လိုက် လေသည်။
ထို့နောက် ဦးကြည်က မောင်စိုင်းအား ''အချိန် နှစ်မိနစ်လောက်ရမလား မောင်စိုင်း'' ဟု မေးလေရာ မောင်စိုင်းက ''ရပါတယ် ဦးကြည်ရဲ့ နှစ်မိနစ်မဟုတ်ပါဘူးဗျာ ကြိုက်သ လောက်ပြောပါ။အခုက လူလည်းပါးတယ်လေ''
ထိုအခါကျမှ ဦးကြည်က ''တစ်ခါက ငှက်လေးတစ်ကောင်က ပျားလေးတစ်ကောင် ကို မေးခွန်းတစ်ခုမေးတယ်။
''ပျားလေးရေ မင်းရဲ့ပျားရည်တွေကို လူတွေ ခဏခဏလာယူသွားကြတာ မင်းလူ တွေကို မမုန်းဘူးလားတဲ့''ဆိုတော့ ပျားလေး ကလည်း
''မမုန်းပါဘူးကိုငှက်ရယ် သူတို့က သူတို့ အလုပ်ကို သူတို့လုပ်ကြတာပါ၊ ကျွန်တော် ကလည်း ကျွန်တော့်အလုပ်ကို ကျွန်တော်လုပ် နေတာပါ။ အကောင်းဘက်ကကြည့်ရင် ကျွန်တော့်အကြောင်းပြုပြီး လူအချို့မှာ ကျန်းမာရေးတောင် ကောင်းသွားကြသေး တယ်မဟုတ်လား။ ပြီးတော့ သူတို့ကပျားရည် ကိုသာ ယူသွားနိုင်တာပါ။ ကျွန်တော့်ဆီက ပျားရည်လုပ်နည်းကို သူတို့သိမှမသိကြဘဲ''လို့ ငှက်လေးကိုပြန်ပြောသတဲ့။ ပုံပြင်လေးက ဒါပဲ မောင်စိုင်း၊ အခု မောင်စိုင်းကလည်း ပျားလေးလိုပဲပေါ့ကွာ မောင်စိုင်းတတ်ကျွမ်းတဲ့ အတတ်ပညာကို သူတို့ခိုးမယူနိုင်လို့ သူတို့ရဲ့ လိုအပ်ချိန်မှာ မောင်စိုင်းကို ရှာဖွေကြရ တယ်မလား။ အဲ့တာဟာ မောင်စိုင်းရဲ့ အကောင်းဆုံး တန်ဖိုးလေကွာ'' ဟု ဦးကြည်က ဆိုမှ မောင်စိုင်း၏ မျက်ဝန်းများသည် စောစောကကဲ့သို့ ညှိုးငယ်သောပုံရိပ်များ ကွယ်ပျောက်သွားပြီး မိမိကိုယ်မိမိ သူရဲကောင်းတစ်ဦးပမာ ယုံကြည်မှုများ ပြည့်နှက်လာလေတော့သည်။ ။
ချစ်ညီ(ဘဝရသ)
No comments:
Post a Comment