Latest News

Sunday, October 14, 2018

မြိုင်ကြီးငူဆရာတော်ကြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆေးရုံကြီးကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ပျံလွန်တော်မူ

မြိုင်ကြီးငူဆရာတော်ကြီး ထိုင်းနိုင်ငံဘန်ကောက်မြို့  ဆေးရုံကြီးကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ပျံလွန်တော်မူ

လှိုင်းဘွဲ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ
ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးသုဇနသည်ကျန်းမာရေးကြာင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးကြီးတွင် ဆေးကုသမှု ခံယူစဉ်  အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၁၂မိနစ်၊ မြန်မာစံတော်ချိန် ၈နာရီ ၄၂ မိနစ်အချိန်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

 ဆရာတော်၏ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီတွင် ဘန်ကောက်မှတစ်ဆင့် မြဝတီမြို့နယ်စပ်ဂိတ်သို့ ပင့်ဆောင်လာမည်ဖြစ်ပြီး နံနက် ၈ နာရီအချိန်တွင် ချစ်ကြည်ရေးတံတား အမှတ်(၁) ထိပ်မှ ဖူးမျှော်ကြည်ညို ပူဇော်ကန်တော့ရန် မြဝတီမြို့နယ်သာသနာရေးမှူးအပါအဝင် နိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဦးဆောင်ကာ  ယောဂီဝတ်ရွတ်အသင်းသူ/သားများဖြင့် ချစ်​ကြည်​​ရေး တံတား အမှတ်(၁)ထိပ်​မှစတင်​  မြဝတီမြို့အတွင်းသို့ ပင့်​​ဆောင်​အပူ​ဇော်​ခံမည်ဖြစ်ကြောင်းသိရသည်။

  ထို့နောက် ဆရာတော်၏ ရုပ်ကလပ်တော်အား မြိုင်ကြီးငူဒေသသို့ ပြန်လည်ပို့ဆောင်ရာတွင်   ဆရာတော်ကြီး၏ သာသနာပြုနောက် ဆုံးခရီးစဉ်အဖြစ်အနယ်နယ်အရပ်ရပ်မှ ဒါယိကာ/မများနှင့် ဒေသခံများ အများအပြား လိုက်ပါပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

 မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ ထရွာဇာတိ ဖြစ်​ပြီးစ​ကောကရင်​ လူမျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး ပျံလွန်တော်မူချိန်
သက်တော် ၇၁ နှစ် သိက္ခာတော် ၅၂ ဝါရှိပြီးကရင်ပြည်နယ် အတွင်း၌ သာသနာပြုလုပ်ငန်းများ အများအပြားလုပ်ကိုင် ခဲ့သည့်အတွက်  ဆရာတော်ကြီးမှာ အနယ်နယ်အရပ်ရပ်ရှိ ဒါယိကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်းခံရသည့်အပြင် ၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ကို ဦးဆောင်လမ်းညွှန်နိုင်ပြီး ကရင်ပြည် နယ်၏  ငြိမ်းချမ်းရေး ဗိသုကာ သာသနာ့အာဇာနည်ပုဂ္ဂိုလ် အဖြစ်လည်းကောင်း ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည့် ဆရာအဖြစ်လည်းကောင်းထင်ရှားသည့် ဆရာတော်ကြီး လည်းဖြစ်သည်။

  ထို့ကြောင့် ဆရာတော်၏ ရုပ်ကလပ်အား မြဝတီမှ မြိုင်ကြီးငူအထူးဒေသသို့ သယ်ဆောင်ရာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ လက်ဆင့်ကမ်း၍ အနီးကပ်လိုက်ပါဆောင်ရွက်ပြီး လမ်းခရီးတစ်လျှောက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းခရီးကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ရဲတပ်ဖွဲ့ဝင်များက မိတ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)

No comments:

Post a Comment