''ဆရာမ ဆရာမ ''
''ဟဲ့..ပလုတ်တုပ်'' အလန့်တကြား အဆက်မပြတ် ခေါ်သံကြောင့် စားနေသောထမင်းလုတ်သည်ပင် ပြုတ်ကျ ၏။ လှည့်ကြည့်လိုက်သောအခါ ကျွန်မအတန်းမှ အတန်းခေါင်းဆောင် မောင်အောင်သူ၊ သူ၏ပုံစံမှာ အမော တကောနှင့် အလျင်လိုနေသည်။ သင်းပုံစံကို ကြည့်လိုက် သည်နှင့် ကျွန်မအတန်း တစ်ခုခုဖြစ်ပြီဆိုတာ သိလိုက်၏။
''ကဲပြော ဆရာမကြီးရုံးခန်းလား၊ ဆေးခန်းလား'' ကျွန်မတပည့်လေးအား ငေါ့၍ မေးလိုက်ခြင်းဖြစ်သည်။ ကျွန်မသည် အဋ္ဌမတန်း(စီ)ခန်း အတန်းပိုင်ဖြစ်သည်။ (စီ)ခန်းဆိုမှဖြင့် မဟာ့မဟာဆရာကြီးများနေသော အခန်း ပင်ဖြစ်သည်။ ကျွန်မအတန်းကို နာမည်ပေးထားသည်။ မဟာ(စီ)ဟုသာ။ စာမလုပ်ချင်သော ကျောင်းသားများ၊ ထစ်ခနဲဆို ရန်ဖြစ်မည့် ကျောင်းသားများ၊ ကျောင်းသားလား၊ လူမိုက်တွေစုနေသည့်အတန်းလားဟုပင် အမေးခံရသည့် အတန်းဖြစ်သည်။ ရန်ဖြစ်ပြီဟေ့ဆိုလျှင် မမေးပါနှင့် ကျွန်မအတန်းပင်။ တခြားသောဆရာမများ၏ ချီးမွမ်း ထောမနာပြုခြင်းကိုလည်း ခံရပါသည်။
''ဒေါ်သန္တာ့ အခန်းကိုဝင်ရင် သိပ်စိတ်ညစ်တာပဲ။ စာလည်းမရေး။ ပြောလည်းမရ။ ရိုက်လည်းမရ ။ ရိုက်တဲ့ သူသာ မောလို့သေသွားမယ်။ သူတို့ကတော့ အပြုံးတောင် မပျက်ဘူး'' အဲသည်လိုမျိုး ကျွန်မအတန်းပါ။ ဆရာမကြီး ရုံးခန်းဆိုတာ ကျွန်မနှင့် ကျွန်မတပည့်များအတွက် တစ်နေ့ တစ်ခါ ပုံမှန်ဝင်နေကျဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေး စာအုပ်မှာ ကျွန်မအတန်းက ကလေးများ၏ ဝန်ခံကတိ လက်မှတ်များအပြည့်။ အနုပညာရှင်တွေပင် သူတို့လောက် လက်မှတ်ထိုးရမည်မထင်။
''ကဲပြော ဘာဖြစ်တာလဲ''
''ဆရာမ မှူးကိုနဲ့ နိုင်မင်း ရန်ဖြစ်ကြတာ။ အဲတာ နိုင်မင်းက မှူးကိုမျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ မှူးကိုက ရှောင်လိုက်တော့ အရှိန်လွန်ပြီး အုတ်နံရံနဲ့ ဝင်ဆောင့်တာ မျက်ခုံးကွဲသွားလို့''
ကဲ..ကျွန်မပြောသည်မလား။ မဟာ (စီ)ပါဟု။
ကျွန်မ စားလက်စထမင်းကိုရပ်၍ အတန်းဘက်ကို အပြေးလာရ၏။ မှူးကိုနဖူးမှ သွေးများက စီးကျနေ၏။ သတ္တိကောင်းချက်က သြချလောက်သည်။ တစ်ချက်မတွန့်။ နိုင်မင်းမျက်နှာမှာတော့ ပြိုတော့မည့်မိုးလို။
''ကဲ မှူးကို မြန်မြန်လာ ဆေးခန်းသွားမယ်။ ပြန်လာမှ နင်တို့နှစ်ယောက်လုံး ငါနဲ့တွေ့မယ် နိုင်မင်း မင်းကြပ်ကြပ် သတိထား။ ဆေးခန်းသွားရလွန်းလို့ အဲဒီဆေးခန်းက ဆရာဝန်နဲ့ ငါညားတော့မယ်''
ကျွန်မရွဲ့ပြီးပြောသောစကားကြောင့် ဝါးခနဲ သဘော ကျကုန်သည်။
ကျွန်မ အဋ္ဌမတန်း(အေ)ခန်း အတန်းပိုင် ဒေါ်ခင် မေရီကို သိပ်အားကျသည်။ သူ့အတန်းမှ ကျောင်းသား အားလုံးသည် ဘက်စုံထူးချွန်သော ကျောင်းသားများ စုနေသော အခန်း။ ဒေါ်ခင်မေရီသည် သူ့တပည့်များ ကြောင့် ကျောင်းတွင် အမြဲတမ်း မျက်နှာပွင့်ရသည်။ ကျွန်မမှာ ခပ်ဆိုးဆိုး ကျောင်းသားများ၏ အတန်းပိုင်ဖြစ် သည့်အတွက် အမြဲပြဿနာ ဖြေရှင်းနေရသည်။ ကြာတော့ ကျွန်မလည်းစိတ်ကုန်လာသည်။ နောက်ပညာသင်နှစ်တွင် ကျွန်မလည်း ဆရာမကြီးကိုပြောမည်။ (အေ)ခန်း အတန်းပိုင် ကျွန်မကိုပေးပါပေါ့။ ကျွန်မလည်း ဒေါ်ခင်မေရီ လို မော်ကြွားချင်သည်လေ။
အတန်းထဲဝင်လိုက်သည်နှင့် ပြေးလွှားကစားနေသော ကျောင်းသားများ။
''ဖြန်း ဖြန်း ဖြန်း''
စားပွဲကိုကြိမ်လုံးနှင့် ရိုက်လိုက်မှ အတန်းထဲတွင် ပြေးဆော့နေသော၊ စကားများနေသော ကျွန်မ၏ ချစ်ဆုံး လေးများ ငြိမ်သွားတော့သည်။
''ဆရာမ'' ခေါ်သံလာရာဆီသို့ ကြည့်လိုက်သည်။ ချောငယ်။
''ပြော သမီး ''
''ဆရာမ... ဟိုလေ... ဟို''
''ချောငယ် မပြောနဲ့နော်''
ချောငယ်မပြောရဲ ဖြစ်နေစဉ် ဟန့်တားလိုက်သည့် အသံက မြင့်မြတ်အောင်။
''အဲဒါဘာဖြစ်နေတာလဲ။ ချောငယ် သမီးပြောစရာ ရှိတာပြော။ မြင့်မြတ်အောင် ဘာမဟုတ်တာလုပ်ထား ပြန်ပြီလဲ''
''ဆရာမ မြင့်မြတ်အောင် ဘောလုံးကန်လိုက်တာ မှန်ကွဲသွားတယ်''
''ဘာ..'' ခုမှ အတန်းကို ကျွန်မ သေချာကြည့်လိုက်မိ သည်။ အတန်း၏ အနောက်ဘက်ရှိ မှန်တစ်ချပ်ကွဲနေသည်။ ကျွန်မ အတော်လေးဒေါသထွက်သွားမိ၏။ ကျောင်းတက်ရုံ ရှိသေး စပြီ။
''အတန်းထဲမှာ ဘောလုံးမကန်ရဘူးပြောထားတာ မသိဘူးလား။ အပြင်မှာ ထွက်ဆော့ပါလား။ ဘာလို့ အတန်းထဲမှာ ကန်တာလဲပြော။ ဘောလုံးကန်တဲ့သူတွေ အကုန်မတ်တတ်ရပ်စမ်း''
ကျွန်မစိတ်ဆိုးနေမှန်းသိ၍ တစ်တန်းလုံးငြိမ်သွား၏။
''ဖြန်း'' ကျွန်မစားပွဲကို ကြိမ်လုံးနှင့် တစ်ချက်ရိုက် လိုက်၏။
''ပြောနေတာ မကြားဘူးလား။ မင်းတို့ရဲ့ အတန်းပိုင် ဖြစ်ရတာ ငါသိပ်စိတ်ညစ်တယ်။ တစ်နေ့ တစ်နေ့ ပြဿနာ မရှာဘဲနေလို့မရဘူးလား။ မင်းတို့ ကျောင်းကို ဘာလုပ်ဖို့ လာတာလဲ။ (အေ)ခန်းကလေးတွေ ကြည့်လိုက်စမ်း သိပ်လိမ္မာတာ။ စာလည်းကြိုးစားတယ်။ ဘက်စုံလည်း ထူးချွန်တယ်။ သူတို့အတန်းပိုင်ဆို အမြဲ သူ့တပည့်တွေ ကြောင့် ဂုဏ်ယူရတယ်။ မင်းတို့ရဲ့အတန်းပိုင်ဖြစ်တဲ့ ငါ့မှာ အမြဲစိတ်ညစ်ရတယ်။ မရိုးနိုင်တဲ့ ပြဿနာပေါင်းစုံကို ရှင်းရတယ်။ မင်းတို့ရဲ့ အတန်းပိုင်ဖြစ်တာ ငါကံဆိုးတာပဲ''
ကျွန်မလည်း ဒေါသထွက်ထွက်နှင့် ပြောမိလိုက်၏။ ဆရာတစ်ယောက်အနေဖြင့် ထိုစကားမျိုးမပြောသင့်မှန်းသိပါသည်။ ဒါပေမဲ့လည်း .....ပြောမိလေပြီ။
တစ်တန်းလုံးငြိမ်၍ ခေါင်းငုံ့ထားကြသည်။ သူတို့ အပြစ် သူတို့သိသည်လေ။ ကျောင်းသူလေးများကတော့ မြင့်မြတ်အောင်တို့အုပ်စုကို မျက်စောင်းထိုးနေကြ၏။ သူတို့ကြောင့် ကျွန်မဆူတာခံရတာဆိုပြီးလေ။
''ဟူး''
သက်ပြင်းမောကိုသာချမိတော့သည်။ ဒီလိုကလေး များနှင့် တစ်နှစ်လုံး ဘယ်လိုနှစ်ပါးသွားရပါ့မလဲနော်။
''ဆရာမ ဝင်ခွင့်ပြုပါ''အသံလာရာသို့ ကြည့်လိုက် တော့ ကျောင်းသားမိဘနှင့် တူပါသည်။
''အင်း ဝင်ခဲ့ပါ'' ကျွန်မ ဝင်ခွင့်ပြုချက်ရ၍ ထိုကျောင်းသားမိဘ ဝင်လာသည်။ သူ့ကြည့်ရသည်မှာ မျက်နှာလည်းမကောင်းပါ။
''ဘာကိစ္စရှိလို့လဲ''
''ကျွန်မ ဝင်းသန်းရဲ့ အမေပါ။ ဝင်းသန်းကို ကျောင်းထုတ်ချင်လို့''
''ရှင်''
ကျွန်မ အံ့သြမိ၏။ ဘာကြောင့်လဲလို့ တွေးမိ၏။ ဝင်းသန်းဆိုတဲ့ကလေးက ကျွန်မအတန်းရဲ့ အဆိုးထဲမှာ လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။
''ဘာဖြစ်လို့ကျောင်းထုတ်ချင်တာလဲ အစ်မရယ်။ ခုပဲ ရှစ်တန်း။ နောက်နှစ်နှစ်ဆို ၁ဝ တန်းရောက်ပြီ။ ဒီချိန်မှာကျောင်းထုတ်လိုက်ရင် ကလေးပညာရေး ခါးပြတ် သလိုဖြစ်သွားမှာပေါ့ အစ်မရယ်။ ဘာအခက်အခဲရှိလို့လဲ။ တတ်နိုင်တာဆို ကျွန်မကူညီပါ့မယ်''
ကျွန်မအတန်းက ကလေးတွေ ဘယ်လောက်ဆိုးဆိုး ပါ။ ဒီလိုမျိုးကိုတော့ ဆရာမတစ်ယောက်အနေဖြင့် လက်မခံနိုင်ရိုးအမှန်ပါ။
''ကျွန်မလည်း မထုတ်ချင်ပါဘူး ဆရာမရယ်။ ခုက မဖြစ်လို့ပါ။ အခုသူ့အဖေက လေဖြတ်နေတော့ အိမ်ရဲ့ စီးပွားရေးကို ကျွန်မကဦးဆောင်နေရတယ်။ ကျွန်မ ညဈေးမှာ အသုပ်ရောင်းတာပါ ဆရာမ။ အဲတာ ကျွန်မနဲ့ အတူဝိုင်းရောင်းဖို့ပါ ဆရာမရယ်''
ကျွန်မ ဘာဆက်ပြောရမှန်းပင်မသိ။ ထိုအချိန် တံခါး အကွယ်မှ ညှိုးငယ်စွာနှင့် ချောင်းကြည့်နေသော မျက်ဝန်း တစ်စုံ။ ဝင်းသန်းရယ်ပါ။ ကျွန်မကို တစ်ခုခုပြောချင်နေပုံပင်။
''ဝင်းသန်းပါ ပါလာတာလား''
ကျွန်မအမေးကြောင့် ဝင်းသန်းအမေ လှည့်ကြည့် လိုက်၏။
''ဟင် မင်းလိုက်လာတာလား''
''ဟုတ်ကဲ့အမေ''
''သား . . . ဝင်လာလေ''
''ဟုတ်ကဲ့ ဆရာမ''
''သားဆရာမကို ဘာပြောချင်လို့လဲ''
ကျွန်မအမေးကြောင့် ဝင်းသန်း သူ့အမေကို လှမ်းကြည့်၏။ ကျွန်မ သဘောပေါက်လိုက်သည်။
''သားပြောစရာရှိတာ ရဲရဲပြော''
''ဟို... အမေသားကို မဆူပါနဲ့နော်။ ဆရာမ သားကျောင်းမထွက်ချင်ဘူး''
''သားရယ်''
ကျွန်မ စိတ်မကောင်းလိုက်တာ။ ကျောင်းတွင် ကျောင်းသားဆိုးလေးလို့ သတ်မှတ်ခံရသူက ကျောင်းပျော် သည်တဲ့လေ။ အမြဲအဆူခံနေရလည်းပဲ စာသင်ချင်စိတ် ရှိမှန်းသိတော့ ကျွန်မတပည့်လေးအတွက် ကြံဖန်ပြီး ဂုဏ်ယူနေမိသည်။
''ကျွန်မ အကြံတစ်ခုလောက်ပေးပါရစေ အစ်မ။ ကလေးမှကျောင်းမထွက်ချင်တာ ဖြစ်နိုင်ရင်တော့ မထုတ် ပါနဲ့။ အစ်မတို့ အိမ်စီးပွားရေးဆိုတာကိုလည်း နားလည် ပါတယ်။ ဝင်းသန်းတို့အရွယ်ဆိုတာ စာသင်ကျောင်းမှာ ရှိရမယ့်အရွယ်ပါ။ ဒီအရွယ်နဲ့ငွေရှာတော့ရော မိသားစု အတွက် ဘယ်လောက်များ အထောက်အကူပြုမှာတဲ့လဲ။ ကျွန်မပြောတာ သေချာစဉ်းစားပါ''
''ကျွန်မလည်း မိဘတစ်ယောက်အနေနဲ့ သားသမီးကို ပညာတတ်စေချင်ပါတယ် ဆရာမရယ်''
''ဒါဆိုရပြီလေ အစ်မမှာ အဲလိုစိတ်မျိုးရှိနေတာပဲ။ အိမ်ပြန်ပြီး သေချာလေးစဉ်းစားကြည့်ပါနော်။ ကျွန်မ ဝင်းသန်းကို ခွင့်ပဲလုပ်ထားလိုက်မယ်''
''ဟုတ်ကဲ့ပါ ဆရာမ။ ကျွန်မပြန်လိုက်ပါဦးမယ်''
''ကောင်းပါပြီ''
''ဆရာမ သားကျောင်းမထွက်ရပါဘူးနော်''
ပြန်ခါနီး ကျွန်မနားတိုးတိုးလေး ကပ်ပြောသွားသော ကျွန်မတပည့်လေးအား ပြုံးပြီးခေါင်းညိတ်ပြလိုက်၏။ ဝင်းသန်းအမေ အမြင်မှန်ရပါစေလို့ ကျွန်မ ဆုတောင်း နေမိ၏။
ကျွန်မဆုတောင်းပြည့်ကြောင်း ကျောင်းပြန်ဖွင့်ရက် ဖြစ်သော တနင်္လာနေ့မနက် သိခဲ့ရသည်။
''ဆရာမ''
''သား ဝင်းသန်း'' သနပ်ခါးအဖွေးသားနဲ့ ရယ်ပြ နေသော ကျွန်မ၏ တပည့်။
''ဆရာမ သား ကျောင်းမထွက်ရတော့ဘူး။ အမေက သူတို့လိုမဖြစ်စေရဘူးတဲ့။ ဆရာမကိုလည်း ကျေးဇူးတင်ပါ တယ်တဲ့။ သားလည်းဆရာမကို ကျေးဇူးတင်ပါတယ်။ ဆရာမကြောင့်သား ကျောင်းမထွက်ရတော့ဘူး။''
''သားသိထားရမှာက ဆရာ ဆရာမဆိုတာလေ တပည့်တွေအားလုံးကို သူတို့ထက် ပိုသိ၊ ပိုတတ်စေချင်ကြ တယ်။ ဆရာမတို့ထက်ပိုကောင်းတဲ့ ဘဝတွေကိုပဲ တပည့် တွေကို ရစေချင်တယ်။ ခုသားနားလည်ပြီမလား။ ဒါဆို သားဘာလုပ်ရမလဲဆိုတာရော သိပြီလား''
''သားသိပါတယ် ဆရာမ။ သားမိဘတွေ မပြည့်စုံဘူး။ မပြည့်စုံတဲ့ကြားက သားကို ကျောင်းထားပေးတာ။ ဆရာမ ကလည်း သားကိုကျောင်းမထွက်စေချင်ဘူး။ သား ဆရာမ ကို ကတိပေးပါတယ်။ ဒီနေ့ကစပြီး သားစာကြိုးစားတော့ မယ်''
ကျွန်မပျော်လိုက်တာ။ ဝမ်းသာလို့ မျက်ရည်တောင် ကျမိသည်။ လူဆိုးလေးတစ်ယောက်တော့ လိမ္မာသွားပြီ။ ကျန်သော ကလေးများလည်း ထိုကဲ့သို့လိမ္မာရန် ဆရာမ ဖြစ်တဲ့ကျွန်မမှာ တာဝန်ရှိသည်။ ဆိုးလို့၊ စာမလုပ်ချင်လို့ ပစ်ထားလိုက်ရင် ဒီထက်ပိုဆိုးသွားမှာ အမှန်ပင်ဖြစ်သည်။ စာတော်သောကလေး။ လိမ္မာသောကလေးကိုသာ ရွေးပြီး စာသင်ချင်နေရင် ကျွန်မ ဆရာစစ်မဟုတ်ပါ။ ကျွန်မတို့ ဆရာမအလုပ်သည် စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ လုပ်ကြရတဲ့ မွန်မြတ်တဲ့အလုပ်ပါ။ အားလုံး တန်းတူသဘောထားရမှာပင်။ အမှန်တကယ် ကျွန်မ အတန်းထဲက ကလေးများ၏ဘဝလေးတွေသည် သနား စရာပါ။ မပြည့်မစုံနဲ့ မတူညီသော ဘဝပေါင်းစုံက လာကြ ရသူများသာ။ ကလေးတွေဖြူစင်ကြပါသည်။ လောက၏အရောင်ဆိုးခြင်းခံရသည့်အတွက် ဆိုးနေကြခြင်းသာ။ ဒါကို ပြင်ပေးရမည်မှာ ကျွန်မတာဝန်ပင်။ ''အတတ် လည်းသင် ပဲ့ပြင်ဆုံးမ''ဆိုသည့် ဆရာဝတ်နှင့်အညီ နေထိုင်ရမည်။ ဟင့်အင်း ကျွန်မ(အေ)ခန်း အတန်းပိုင် မဖြစ်ချင်တော့ပါ။ ကျွန်မနှင့် မဟာ(စီ)ဆိုသည်မှာ ခွဲလို့ မရ။ ကျွန်မဆုံးဖြတ်လိုက်သည်။ ဆရာမကြီးကိုပြောမည်။ နောက်နှစ်တွင်လည်း ကျွန်မ (စီ)ခန်း အတန်းပိုင်အဖြစ်နှင့် ဆက်လက်တာဝန်ယူပါမည်ဟုသာ...
''ဆရာမ ဆရာမ''
ခေါ်သံကြောင့် ကျွန်မအတွေးများလွင့်ပြယ်သွား၏။
''ဟင်''
လှည့်ကြည့်လိုက်တော့ ခြေမတွင် သွေးများနှင့် ထော့နဲ့ထော့နဲ့ ဝင်လာသော မြင့်မြတ်အောင်။
''ဟင်း''
ကျွန်မသက်ပြင်းမောသာချမိတော့သည်။ ။
မသန္တာ(ပညာရေး)
No comments:
Post a Comment