ဒေါ်လာဈေးနှုန်းများမြင့်မားခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်မားခြင်းနှင့် ရန်ကုန်လိုင်စင်ရရှိရန် ခက်ခဲနေခြင်းတို့ကြောင့် ကားဝယ်ယူသူများသည် ဂျပန်တစ်ပတ်ရစ်ကားများ၊ ပြည်ပမှ လှမ်းမှာယူရသည့် ကားများထက် ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သည့် မော်တော်ကားများဘက်သို့ ဝယ်ယူနိုင်ရန် စဉ်းစားလာကြသည်ကို တွေ့ရပြီး လက်ရှိတွင်လည်း ပြည်တွင်း တပ်ဆင်ထုတ်လုပ်သည့် ကားများသာ စိတ်ဝင်စားမှုမြင့်မားနေကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
လက်ရှိတွင် ပြည်တွင်းထုတ်လုပ် တပ်ဆင်ခွင့်ရရှိသည့် လုပ်ငန်းများကလည်း ဈေးကွက်ချဲ့ထွင်ရန် ပြင်ဆင်နေကြသည်ကို မြင်တွေ့ရသည်။ အချို့သော နာမည်ကြီးအမှတ်တံဆိပ်များသည် မကြာမီ ပြည်တွင်းတွင် ရောင်းချပေးနိုင်မည့် ကားများကို ကြော်ငြာပေးကြသဖြင့် ဈေးကွက်လိုအပ်ချက်ကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေမည်ဟု ကားလောကသားများက ခန့်မှန်း ထားကြသည်။
ရန်ကုန်လိုင်စင်ရရှိနိုင်မှု ခက်ခဲခြင်းသည် အဓိကပြဿနာ တစ်ရပ်လည်းဖြစ်ပြီး ယခုအချိန်တွင် တစ်ပတ်ရစ် ဂျပန် ညာမောင်းများနှင့် ပြည်ပမှ မှာယူတင်သွင်းသည့် ကားများထက် ပြည်တွင်းစက်ရုံထုတ်ကားများက ဝင်ငွေခွန် ပိုမို၍ သက်သာစေနိုင်ခြင်းသည်လည်း ဝယ်ယူသူများအတွက် ဈေးကွက်ရွေးချယ်စရာ တိုးပွားလာခြင်းဖြစ်သည်။ ပြည်တွင်း တပ်ဆင်ထုတ်လုပ်မှု ပိုမိုကာ မြင့်မားလာပါက ဈေးကွက်ပြိုင်ဆိုင် မှု အားကောင်းလာနိုင်ပြီး တစ်ပတ်ရစ်ဂျပန်ကားဈေးကွက် ကျဆင်းသွားနိုင်သည်ဟု ကားဝယ်ရောင်းများကလည်း တွက်ချက်ပြသည်။
''ဘယ်သူမဆို အသစ်ကိုပဲ ရွေးချယ်ချင်ကြမှာပါ။ အဟောင်းကို လက်ဝယ်ကိုင်ဆောင်ထားတဲ့ ကားပိုင်ရှင်တွေ ကျတော့လည်း ကိုယ်ဝယ်တုန်းကဈေး ထက် မြတ်မှပဲ ရောင်းချင်ကြတယ်။ ဒါပေမယ့် လက်ရှိမှာ ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှုက အရင်ကထက် အများကြီး တိုးတက်လာခဲ့တာတော့ ငြင်းလို့မရပါဘူး။ ဒါကြောင့် ဝယ်မယ့် သူတွေ စိတ်ဝင်စားလာကြတာပါ။ ဒါကြောင့် ကားဈေးကွက် အခြေအနေကတော့ နောက်ပိုင်းမှာ ရွေးချယ်စရာပိုလာပြီး ဈေးကကျဆင်းမယ်လို့ထင်ပါတယ်။ အခုအချိန်မှာလည်း စပြီးတော့ အကြိုက်တွေပြောင်းလာတာတွေ့ရ တယ်။ ပွဲစားတန်း ထက် ပြခန်းတွေကို ခြေဦးလှည့်လာကြတယ်။ ဒီဘက် ကား ဈေးကွက်ထဲမှာလည်း ဖောက်စွပ်ပြဿနာ၊ အခွန်အခပြဿနာ နဲ့ ရန်ကုန်လိုင်စင်ကို သတ်မှတ်ချက်စနစ်တစ်ခုနဲ့ ချထား ပေးမှုအပေါ် ကြန့်ကြာနေတာတွေရှိတယ်။ ဒါကြောင့် ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တာနဲ့ ပြည်တွင်း ထုတ် ကားသစ်တွေ အရောင်းအဝယ်ဖြစ်တာက သိပ်မကွာတဲ့ ပမာဏတစ်ခု ဖြစ်လာနေတယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။
ဂျပန်တစ်ပတ်ရစ် ကားများသည်လည်း ဈေးကွက်အတွင်း ကားကောင်း ကားသန့်များ ရှားပါးလာနေပြီး ကြိုက်ရောင်း ကြိုက်ဝယ် အနေအထားသာ တွေ့နေရကြောင်း ကားလောက အတွင်းက သိရှိရသည်။ သို့သော် ဈေးနှုန်းများမှာ မြင့်တက်ခြင်းလည်းမရှိ၊ ကျဆင်းခြင်းလည်းမရှိဘဲ တည်ငြိမ်နေ သေးကြောင်း ကားလောကသားများက ပြောသည်။
''ဆူဇူကီးက မော်ဒယ်လ်အသစ်တစ်ခုကို မကြာမီမှာ ရောင်းချပေးမယ်လို့ ဒီရက်ပိုင်းအတွင်းမှာပဲ ကြေညာထားခဲ့ပြီး တဲ့နောက်မှာ အများစုက ကားသစ် စီးလိုတဲ့ မျှော်လင့်ချက်က ပိုပြီးကြီးမားလာတယ်။ ဝယ်လက်အများစုကတော့ တောင်တက် ခရီးကြမ်းမဟုတ်တဲ့အတွက် သင့်တော်ပြီး အဆင့်အတန်းပြည့်မီ တဲ့ ကားသစ်တွေကိုပဲ ပိုပြီးရွေးချယ်နိုင်တယ်''ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုသက်က ပြောသည်။
မည်သို့ပင် ပြည်တွင်းထုတ်ကားများ ဈေးကွက်နေရာယူလာ သော်လည်း အင်ဂျင်ပါဝါမြင့် ကားကောင်းများစီးနင်းလိုသည့် ဝယ်လက်များအတွက်လည်း ပြည်ပတင်သွင်းမှုက ရပ်တည်နေ နိုင်ဦးမည်ဟု ခန့်မှန်းကြသူများလည်းရှိသဖြင့် ယခုကတည်းက ကားကြီးများနှင့် ပါဝါမြင့် နာမည်ကျော်အမှတ်တံဆိပ်ကားများ ကို ကြိုတင်စုဆောင်းဝယ်ယူထားကြသူများလည်း ရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
သက်တမ်း၂ဝ ယာဉ်အို ယာဉ်ဟောင်းအပ်နှံခွင့်ရ စလစ် တစ်စောင်၏ ဈေးနှုန်းမှာ ငွေကျပ်သိန်း ၁၃ဝ ဝန်းကျင်ရှိနေပြီး လက်ရှိဈေးကွက်တွင် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားများသည် ဆက်လက်၍ ပုံမှန်နီးပါး အနည်းငယ်စီ အရောင်းအဝယ် ဆက်လက်ဖြစ်နေကြောင်းလည်း သိရသည်။
မင်းသော်
No comments:
Post a Comment