Latest News

Tuesday, October 2, 2018

အဖိုးနိုင်ငွေသိမ်း ထားခဲ့တဲ့တော်လှန်ရေးအတွေး


အဖိုး နိုင်ငွေသိမ်း အသက် (၉၅) နှစ် အောက်တိုဘာလ ၂ ရက် ညနေပိုင်းမှာ ဆုံးပြီ ဆိုတဲ့သတင်းကို လူမှုကွန်ယက်ကနေကြားသိရပါတယ်။

အဖိုး ကောင်းရာသုဂတိ လားပါစေ။

အဖိုးကို မမြင်ဖူး စကားမပြောဖူးပေမဲ့ အဖိုးဆီကတော်လှန်ရေးအတွေး ဒဿနတွေ ကြားသိ လက်ခံခဲ့ပါတယ်။
အဖိုးနိုင်ငွေသိမ်း ဆိုတဲ့ နာမည်ကြီးနဲ့… ကျနော့်ကို သိအောင်လုပ်ပေးတာတော့ ကိုစိုင်း (ကိုမင်းလွင်) ပါ။

တိုင်းရင်းသားလူငယ် အားကောင်းဖို့ အတူဝိုင်းကြိုးစားရင်း ရန်ကုန်က ဝါရင့်တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ နိုင်ငွေသိမ်း၊ ပူကျင့်ရှင်ထန်၊ ဦးထောင်ကိုထန်း၊ ဦးအေးသာအောင်၊ ခွန်ထွန်းဦး တို့အကြောင်း၊ သူတို့ရဲ့ UNA အကြောင်းကို အမြဲဖောက်သယ်ချပေးခဲ့တော့ နားရည်ဝခဲ့ပါတယ်။

အဖိုးဦးရွှေအုံးနဲ့ နိုင်ငွေသိမ်း အထ္တုပ္ပတ္တိစာအုပ်တွေ ဝိုင်းဝန်းလုပ်နေတယ်ဆိုပြီး ခပ်ကြွားကြွားလေးပြောတတ် တဲ့ ကိုစိုင်းကြောင့် အဖိုးနိုင်ငွေသိမ်း အကြောင်း ပိုသိလာခဲ့တယ်။ တကယ်စာအုပ်ထွက်တော့ အလုပ်တဖက်နဲ့ ခုထိ မဖတ်ဖြစ်သေးပါ။ ကိုစိုင်းနဲ့လည်း အဆက်သွယ်ပြတ်တာကြာပါပြီ။ အဖိုး ကျန်းမာရေးမကောင်းဘူး ဆိုတာတော့ ကြားမိတယ်။ အခုတော့ အဖိုးဆုံးပါပြီ။

အဖိုးရှိနေတုန်း သူ့ရဲ့တော်လှန်ရေး နိုင်ငံရေးအတွေးအခေါ်တွေကို တဆင့်စကားကနေ ကြားသိသင်ယူခဲ့ပေမဲ့ အခုအဖိုးဆုံးတော့ အဖိုးနိုင်ငွေသိမ်း ကွယ်လွန်ခြင်းနောက်ဆက်တွဲတော်လှန်ရေးအတွေး ကို မိမိဖာသာ နှလုံးသွင်းသဘောပေါက်မိတာ တခုရှိပါတယ်။

အဲဒါကတော့… အမျိုးသားလွတ်မြောက်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ပဲကြိုးစားရင် အဖိုးနိုင်ငွေသိမ်း တို့လို သက်ရှည်တော်လှန်ရေးသမားပဲ ဖြစ်လာလိမ့်မယ်… သက်ရှည်တော်လှန်ရေးသမားရဲ့ ထွက်သက်ဟာ တော်လှန်ရေးအောင်သီးအောင်ပွင့်ကို မမြင်တွေ့လိုက်တာကြောင့် ခါးသီးမှုက စာဖွဲ့လို့မတတ်စွမ်းနိုင်လောက်ပါ။

နိုင်ငွေသိမ်း ဟာ ချာတိတ်ဘဝ ၁၅ နှစ်သားကတည်းက အမှန်တရားဖက်တော်သားအနေနဲ့ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပါပြီ။

၁၉၄၇ မှာ မွန်လူမျိုးရေးရာအဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူးတာဝန်ကို အသက် (၂၄) အရွယ်နဲ့တာဝန်ယူခဲ့တယ်။

၁၉၅၂ မှာ မွန်အမျိုးသားညီညွတ်ရေးတပ်ဦး ဖွဲ့ပြီး၊ ၁၉၅၄ မွန်ပြည်သူ့တပ်ဦးကို ဖွဲ့စည်းတယ်။ မွန် ဥက္ကဋ္ဌဖြစ်တဲ့ အသက် (၃၀) နီးပါးအရွယ် နိုင်ငွေသိမ်း ဟာ ၁၉၅၈ ဇူလိုင်လ ၁၉ ရက် မှာ မွန်ပြည်သူ့တပ်ဦးကို ဦးဆောင်ပြီး ဖဆပလအစိုးရနဲ့ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး သဘောတူညီခဲ့တယ်။

လက်နက်ကိုင်တော်လှန်ရေးကနေ အကြမ်းမဖက်တဲ့နိုင်ငံရေးသမားဘဝ ပြောင်းခဲ့တယ်။

အဲဒီနောက် ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ အစရှိတဲ့ မြန်မာအစိုးရလက်ထက်အသီးသီးမှာ ဖမ်းခံလို့ထောင်ကျလိုက်၊ ပြန်ထွက်လာပြီး နိုင်ငံရေးလုပ်လိုက်နဲ့ တိုင်းရင်းသားဝါရင့်နိုင်ငံရေးခေါင်းဆောင် ဖြစ်လာခဲ့တယ်။

တိုင်းရင်းသားလူမျိုးတွေအားကိုးရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အဖွဲ့ချုပ်ရဲ့ မဟာမိတ်ကြီး ဖြစ်တဲ့ UNA ဟာ အဖိုးနိုင်ငွေသိမ်း တို့လိုဝါရင့်ခေါင်းဆောင်တွေကြောင့် အားကောင်းခဲ့တာပါ။

အဖိုး နိုင်ငွေသိမ်း အလုပ်တွေအများကြီးလုပ်ခဲ့တယ်။ လူငယ်ဘဝအစိတ်အပိုင်းကို အမျိုးသားနိုင်ငံရေး တော်လှန်ရေးထဲ နှစ်မြုပ်အလုပ်လုပ် ပေးဆပ်ခဲ့တယ်။

မွန်လူမျိုးအတွက်… တိုင်းရင်းသားလူမျိုးတွေအတွက် တကယ်ပေးဆပ် အလုပ်လုပ်ခဲ့တယ်။

ဒါပေမဲ့ အဖိုး နိုင်ငွေသိမ်း ဆုံးတော့ တိုင်းရင်းသားလူမျိုးတွေ… မွန် လူမျိုးတွေ မလွတ်မြောက်သေးပါ။ အားလုံးဟာ မြန်မာစစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ငါးပါးမှောက် ဘဝပျက်နေတုန်းပါ။

ဒါကြောင့် လက်နက်ကိုင်နည်းလမ်းနဲ့ဖိနှိပ်အုပ်စိုးနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တော်လှန်ရာမှာ ပြုပြင်ပြောင်းလဲဖို့ကြိုးပမ်းရာမှာ မိမိတို့ရဲ့လက်နက်တွေကိုစွန့်ပြီး နိုင်ငံရေးနည်းလမ်းတစ်ခုတည်းနဲ့ပဲ အမျိုးသားလွတ်မြောက်ရေးလုပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာ အဖိုး နိုင်ငွေသိမ်း က သက်သေပြနေပါပြီ။

လွတ်လပ်ရေးရပြီးခါစ ပြည်ထောင်စုကတိကဝတ်ပူပူနွေးနွေး ရှေ့မီ နောက်မီဖြစ်ပြီး ကိုင်ထားတဲ့လက်နက်ကို ဒီမိုကရေစီနဲ့လှဲလှယ်ရင်း နိုင်ငံရေးနည်းလမ်းနဲ့ကြိုးပမ်းခဲ့ပေမဲ့ အသက် (၉၅) နှစ်အရွယ်ထိ တော်လှန်ရေးပန်းတိုင်ကို မမြင်တွေ့လိုက်ရပါ။

တိုင်းရင်သားအမျိုးသားလွတ်မြောက်ရေးအတွက် မြန်မာခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနည်းလမ်း တစ်ခုတည်းနဲ့ လုပ်လို့မရဘူးလို့… အဖိုး နိုင်ငွေသိမ်း က ကျနော်တို့ကို တော်လှန်ရေးအမွေပေးခဲ့ပါပြီ။

အဖိုး နိုင်ငွေသိမ်း … တမလွန် ဘဝမှာ မွန်လူမျိုးတွေလွတ်မြောက်တာ တွေ့နိုင်ပါစေ။

ဘုန်းကျော် (လက်ဖက်မြေ)
၀၃/၁၀/၂၀၁၈
၀၆း၄၅ (ဗုဒ္ဓဟူး)

No comments:

Post a Comment