Latest News

Saturday, October 13, 2018

မြန်မာ-နယ်သာလန်သံတမန် နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် ရန်ကုန်မြို့၌ ပန်းသဘင်ပွဲပြုလုပ်မည်

မြန်မာ-နယ်သာလန်သံတမန် နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် ရန်ကုန်မြို့၌ ပန်းသဘင်ပွဲပြုလုပ်မည်

ရန်ကုန် အောက်တိုဘာ ၁၂

မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ သံတမန်
အဆက်အသွယ် နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အဖြစ်  နိုင်ငံတော်အဆင့်   ပန်းသဘင်ပွဲတော်ကြီးကို  ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်ထိ  သုံးရက်တိုင် ကြီးကျယ် ခမ်းနားစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

''ဒီပွဲကို နယ်သာလန်မှာ ကျင်းပတဲ့  ပုံစံအတိုင်း
ကျင်းပသွားဖို့ရှိပါတယ်၊ နယ်သာလန်နိုင်ငံက ပန်းနဲ့ပတ်သက်ပြီး နည်းပညာရော၊ မျိုးစေ့တွေအနေနဲ့ရော  အလွန်ကောင်းပါတယ်၊  အဓိက ရည်ရွယ်ချက်ကမြန်မာနိုင်ငံရဲ့ ပန်းဈေးကွက်ကို ကြည့်ရင် အများစုက အပြင်ကနေ ဝင်လာတာ များပါတယ်၊ ပြည်တွင်းမှာ ပန်းစိုက်တောင်သူတွေကို နည်းပညာတွေကအစ အဆင့်မြှင့်တင်ပေးခြင်းအား
ဖြင့် သူတို့ရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပိုမိုကောင်းမွန်
လာနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်'' 
ဟု FMK Business Support  မှ CEO  ဒေါ်မြသွေးရီ ကပြောသည်။

နယ်သာလန်နိုင်ငံတွင်Bloemencorso ဟု ခေါ်
သည့် အဆိုပါပွဲတော်သည် ပန်းများဖြင့် ပုံဖော်ထား
သည့် အရုပ်ကားကြီးများဖြင့် စီတန်းလှည့်လည် သည့် ပွဲတော်ကြီးတစ်ခုဖြစ်ပြီး နယ်သာလန်နိုင်ငံ တွင် အင်မတန်မှထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် ဥရောပနိုင်ငံ တော်တော်များများတွင် ကြီးကျယ်ခမ်းနားစွာကျင်းပလေ့ရှိပြီး အာရှတိုက် အနေဖြင့် ထိုင်းနှင့် ဖိလစ်ပိုင်ပြီးလျှင် မြန်မာနိုင်ငံသည် တတိယမြောက် ကျင်းပသည့် နိုင်ငံဖြစ်
ကြောင်း သိရသည်။

''ဒီပွဲတော်ဟာ တကယ်တော့  ပန်းတွေကို အလှ
ပြတဲ့ ပွဲတော်သက်သက်မဟုတ်ပါဘူး၊ ပန်းတွေကို
အတတ်ပညာနဲ့ အနုပညာနဲ့ အလှဆင်ထားတဲ့ အရုပ်ကြီးတွေနဲ့ စီတန်း လှည့်လည်မှာဖြစ်တဲ့အတွက် ပန်းသဘင်ပွဲတော်လို့ အမည်ပေးထား တာ ဖြစ်ပါတယ်၊ ဒီပွဲတော်ဟာ  ဂုဏ်သိက္ခာကို ဖော်ကျူးတဲ့ ပွဲပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့  ယဉ်ကျေးမှုတွေကို ဖော်ထုတ်မယ်၊ ရိုးရာအနုပညာတွေ ဖော်
ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြပွဲ ဖျော်ဖြေ
ရေး တာဝန်ခံ ဒါရိုက်တာ၊ စာရေးဆရာ ကိုသွန်း နေစိုးကပြောသည်။

အဆိုပါ  ပန်းသဘင်ပွဲတော်ကျင်းပရန် နယ်သာလန်နိုင်ငံမှ ပန်းပညာရှင်များ၊ ပန်းအလှဆင်ပညာရှင်များ၊ ပန်းအလှဆင်အထောက်အပံ့ ပစ္စည်းများ၊ နည်းစနစ်များနှင့်  ပွဲတော်ကျင်းပရေး အတွက် လိုအပ်သော အထောက်အပံ့များ ပေးသွားမည်ဖြစ်ပြီး  မြန်မာနိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း
ကာ ဖန်တီးတင်ဆက် သွားမည်ဖြစ်ကြောင်းနှင့် ပန်းများအား အလှဆင်ပြသထားရုံသာမက ပန်းအလှဆင်မှုပညာအား ပြသခြင်း၊ နည်းပညာဝေငှ ခြင်းတို့ကိုလည်း   ပြုလုပ်သွားမည်ဖြစ်ကြောင်း နယ်သာလန်သံအမတ်ကြီး မစ္စတာဝေါက်တာ ရာဂန်ထံမှ သိရသည်။

''ဒီလို နယ်သာလန်လို နိုင်ငံမျိုးနဲ့ ပန်းနဲ့ပတ်သက်
ပြီး အဆက်အသွယ်ရတာ ကျွန်တော်တို့အတွက်
အခွင့်အရေးတစ်ခုပါ။ သူတို့ဆီက တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ၊ နည်းစနစ်တွေနဲ့ပတ်သက်ပြီး သင်တန်းတွေပေးမယ်၊ မျှဝေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ ပန်းတွေ ဒီမှာ စိုက်ပျိုးထုတ်လုပ်လို့ရလာမယ်ဆိုရင်  နိုင်ငံခြားက သွင်းနေရတာတွေတဖြည်းဖြည်း လျော့နည်း သွားရင် ငွေယိုပေါက်တွေပိတ်သွားမယ်လို့ ထင်ပါ တယ်''  ဟု မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်း ဥက္ကဋ္ဌ ဦးစောလွင်ကပြောသည်။

ပြည်သူ့ရင်ပြင်တွင်ကျင်းပမည့် အဆိုပါပွဲတော်
တွင် ပန်းများဖြင့်အလှဆင်ထားသည့် နယ်သာလန် နှင့် မြန်မာ့ရိုးရာအရုပ်များ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ကျူးသော မြန်မာ့ရိုးရာ ရုပ်သေး အနုပညာတင်ဆက်ခြင်း၊ ဆီမီးခွက်အက အပါအဝင် မြန်မာ့ယဉ်ကျေးမှုအကများ၊ အနုပညာဖျော်ဖြေမှုများနှင့် ဂန္ထဝင်တေးဂီတများ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး ပန်းအလှဆင်ကားများဖြင့် ပန်းသဘင်ပွဲတော် ဆင်ယင် ကျင်းပထားမှုများအား မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သီသီမင်း

No comments:

Post a Comment