Pan အမှတ်တံဆိပ်ဖိနပ်များ ပံ့ပိုးကူညီပေးရန်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ် ချုပ်ဆို
ရန်ကုန် စက်တင်ဘာ ၈
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား နှင့် အမျိုးသမီးအသင်းများ၊ မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့်MFF ဘောလုံး အကယ်ဒမီများအတွက် Pan အမှတ် တံဆိပ် ဖူဆယ်ဖိနပ်နှင့် ဘောလုံးကန် ဖိနပ်များ ပံ့ပိုးကူညီမည့်Bangkok Athletic Co.,Ltd.. နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ စာချုပ်ချုပ်ဆိုပွဲ ကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန် မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိ ချုပ် ဦးဘုန်းနိုင်ဇော်က ကျေးဇူးတင် စကားပြောကြားပြီး Bangkok Athletic Co.,Ltd. နှင့် စာချုပ်ချုပ်ဆို ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ ပံ့ပိုးကူညီ ပေးမည့် အသင်းသားများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ထိုင်းနိုင်ငံ အခြေစိုက်Sportwear Company တစ်ခုဖြစ်သည့်Bangkok Athletic Co.,Ltd. သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား နှင့် အမျိုးသမီးအသင်း၊ မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့် MFF ဘောလုံး အကယ်ဒမီများအတွက် Pan အမှတ် တံဆိပ် ဖူဆယ်ဖိနပ်နှင့် ဘောလုံးကန် ဖိနပ်များအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်မှ ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်အထိ ပံ့ပိုး ပေးအပ်သွားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF
Subscribe to:
Post Comments (Atom)
No comments:
Post a Comment