Latest News

Wednesday, September 5, 2018

ဥရောပGolden Boy နှစ်ကြိမ်ဆက်ဆုရှင်ဖြစ်လာဖို့ ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ပီ ရေပန်းစားနေ

ဥရောပGolden Boy နှစ်ကြိမ်ဆက်ဆုရှင်ဖြစ်လာဖို့
ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ပီ ရေပန်းစားနေ

၂ဝ၁၈ ခုနှစ်ရဲ့ ဥရောပGolden Boy ဆုအတွက်  ဆန်ခါတင်ကစားသမားစာရင်းကို အခုစက်တင်ဘာလအတွင်းမှာ ကြေညာသွားမှာဖြစ်ပြီး အဲဒီဆုအတွက် နှစ်ကြိမ်ဆက်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားနေတာကတော့ ပြင်သစ်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ပီပဲ ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ်အတွက် ဆုကိုတော့ တိုက်စစ်မှူး မက်ပီက ရရှိခဲ့တာဖြစ်ပါ တယ်။ မက်ပီဟာ မိုနာကိုအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှာ ပါဝင်ကစား ခဲ့တဲ့အပြင်  ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း  ပါဝင်ကစားခဲ့ပါတယ်။ အဲဒီလိုပါဝင်ကစားခဲ့ရာမှာ ၂ဝ၁၈ ကမ္ဘာ့ဖလား၊ ၂ဝ၁၇ နဲ့ ၂ဝ၁၈ မှာ ပြင်သစ် ပထမတန်းဖလားနှစ်ကြိမ် စသဖြင့် ရရှိခဲ့ပါတယ်။

မက်ပီဟာ ၂ဝ၁၇ ခုနှစ်မှာ မိုနာကိုအသင်းကို ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ် အဆင့်ရောက်အောင်  စွမ်းဆောင်ပေးခဲ့တဲ့အပြင်   ပြင်သစ်လက်ရွေးစင် အသင်းအတွက်လည်း ၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းဘက်ကို  ဂိုးသွင်းယူပေးခဲ့ပြီး  ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး မက်ပီဟာ ၂ဝ၁၈ ခုနှစ်အတွက် ဥရောပရဲ့ Golden Boy ဆုထပ်မံရရှိလိမ့်မယ်လို့ တစ်ပြေးနေတာလည်း ဖြစ်ပါတယ်။

ဥရောပရဲ့Golden Boy ဆုကို အီတလီမဂ္ဂဇင်းတစ်ခုဖြစ်တဲ့Tuttosport  က ဥရောပတစ်ဝန်းက   ဘောလုံးသမားတွေအနက် တစ်ဦးချင်းခြေစွမ်းပိုင်း ကောင်းတဲ့ကစားသမားကို ၂ဝဝ၃ ခုနှစ်က စတင်ကာ ရွေးချယ်ပြီး ချီးမြှင့်ခဲ့ တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ရာဖေးလ်ဗန်ဒါဗက်(၂ဝဝ၃)

အဲဒီလိုစတင်ချီးမြှင့်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်မှာ နယ်သာလန်နဲ့ အေဂျက် လူငယ် ကွင်းလယ်ကစားသမား ရာဖေးလ်ဗန်ဒါဗက်က ရရှိခဲ့တာဖြစ်ပါတယ်။ ဗန်ဒါ ဗက်ဟာ အေဂျက်အသင်းကို ပြည်တွင်းဆုဖလားနှစ်ကြိမ် ရယူပေးနိုင်ခဲ့သလို ဟမ်းဘတ်အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စပါးအသင်းတို့မှာလည်း ကစားခဲ့ပါတယ်။ နယ်သာလန်အသင်းအတွက် ပွဲပေါင်း ၁ဝ၉ ပွဲ ပါဝင်ကစား ပေးခဲ့ပြီး ၂၅ ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

တိုက်စစ်မှူး ရွန်းနီ(၂ဝဝ၄)

၂ဝဝ၄ ခုနှစ်မှာတော့ တိုက်စစ်မှူး ရွန်းနီက ရရှိခဲ့ပါတယ်။ ရွန်းနီဟာ ဥရောပပြိုင်ပွဲမှာ အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တာကGolden Boy ဆုကို မဖြစ်မနေပေးဖို့အကြောင်းဖန်လာခဲ့ပြီး မန်ယူအသင်းကို ပေါင် ၂၅ သန်းနဲ့ ပြောင်းခဲ့ပါတယ်။ အဲဗာတန်၊ မန်ယူနဲ့ ဒီစီယူနိုက်တက်တို့မှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ပရီမီယာလိဂ်ဖလား ငါးကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ ကမ္ဘာ့ကလပ်ဖလား တစ်ကြိမ်နဲ့ ယူရိုပါလိဂ် တစ်ကြိမ် ရခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်တော့ ၁၁၉ ပွဲမှာ ၅၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး မက်ဆီ(၂ဝဝ၅)

၂ဝဝ၅ ခုနှစ်မှာတော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ရရှိခဲ့ပါတယ်။ မက်ဆီဟာ အဲဒီဆုရရှိချိန်မှာ အသက် ၁၈ နှစ်ပဲရှိသေးပြီး  ဘာစီလိုနာအသင်းနဲ့ အတူကစားခဲ့ရာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအောဆု ငါးကြိမ်၊  ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ စပိန်လာလီဂါ ဖလား ကိုးကြိမ်၊ စပိန်ဘုရင့်ဖလား ခြောက်ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား သုံးကြိမ်နဲ့ ယူအီးအက်ဖ်အေစူပါဖလား သုံးကြိမ်ရရှိခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် အသင်းအတွက်တော့ ၁၂၈ ပွဲ ကစားပေးခဲ့ပြီး ၆၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်(၂ဝဝ၆)

ဖာဘရီဂတ်စ်ဟာ ၂ဝဝ၆ ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့အတူ ၄၉ ပွဲကစားခဲ့ပြီးGolden Boy ဆုကို ရရှိခဲ့တာပါ။ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်း၊ ဘာစီလိုနာအသင်းနဲ့ ချယ်လ်ဆီး အသင်းတို့မှာကစားခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာတော့ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့ပါတယ်။ ဖာဘရီဂတ်စ်ရဲ့ အောင်မြင်မှုတွေကတော့ ကမ္ဘာ့ ဖလား တစ်ကြိမ်၊ ဥရောပချန်ပီယံရှစ် နှစ်ကြိမ်၊ ပရီမီယာလိဂ်ဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ လိဂ်ဖလား တစ်ကြိမ်၊ လာလီဂါဖလား တစ်ကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းအတွက်တော့ ၁၁ဝ ပွဲမှာ ၁၅ ဂိုး သွင်းပေးခဲ့ပါတယ်။

တိုက်စစ်မှူး ဆာဂျီယိုအဂူရို(၂ဝဝ၇)

၂ဝဝ၇ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက တိုက်စစ်မှူး တောရက်စ်ကို လီဗာပူးကို ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုကို ပွဲထုတ်ခဲ့ပါတယ်။ အဲဒီမှာ  အကောင်းဆုံးခြေစွမ်း   ပိုင်ဆိုင်ခဲ့လို့Golden Boy ဆုကိုရရှိခဲ့တာပါ။ ၂ဝ၁၁-၂ဝ၁၂ မှာတော့ မန်စီးတီးကိုပြောင်းလာ ခဲ့ပါတယ်။ အီတီဟက်ဒ်မှာ လက်ရှိအချိန်အထိ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အောင်မြင်မှုအပိုင်းကို ကြည့်မယ်ဆိုရင်    ပရီမီယာလိဂ်ဖလား သုံးကြိမ်၊ လိဂ်ဖလား သုံးကြိမ်၊ ယူရိုပါလိဂ်ဖလား တစ်ကြိမ်နဲ့ ယူအီးအက်ဖ်အေစူပါဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ၈၉ ပွဲ ကစားပေး ထားပြီး ၃၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အန်ဒါဆန်(၂ဝဝ၈)

ကွင်းလယ်ကစားသမား အန်ဒါဆန်ဟာ ၂ဝဝ၇-၂ဝဝ၈ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကစားခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ရပြီး  ချန်ပီယံလိဂ်ဖလားရရှိခဲ့တာကြောင့် Golden Boy ဆုရရှိခဲ့တာပါ။ အန်ဒါဆန်ဟာ ပေါ်တို၊ မန်ယူ၊ ဖီအိုရင်တီးနား၊ အင်တာမီလန် တို့မှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ပရီမီယာလိဂ်ဖလား လေးကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ ပေါ်တူဂီလိဂ်ဖလား နှစ်ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား တစ်ကြိမ် ရရှိခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကိုးပွဲ ပါဝင်ကစားပေးခဲ့ကာ ၂ဝဝ၇ ခုနှစ်က ကိုပါအမေရိကဖလား ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး အလက်ဇန္ဒားပါတို(၂ဝဝ၉)

အလက်ဇန္ဒားပါတိုဟာ  ၂ဝဝ၉ ခုနှစ်မှာ  အေစီမီလန်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တာမို့ Golden Boy ဆုကို ရရှိခဲ့တာပါ။ ၂ဝ၁၃ ခုနှစ်မှာ ကိုရင်သီယန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ကိုရင်သီယန်မှာရှိနေစဉ် ချယ်လ်ဆီးအသင်းကို အငှားနဲ့ ငါးလကြာ သွားကစားခဲ့ပါသေးတယ်။ အဲဒီ နောက် ဗီလာရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ဗီလာရီးယဲလ်အသင်းနဲ့  လိဂ်ပွဲစဉ် ၁၄ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ အလက်ဇန္ဒားပါတိုရဲ့ အောင်မြင်မှု ကတော့ စီးရီးအေဖလား တစ်ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား နှစ်ကြိမ် ရရှိခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းအတွက်ကတော့ ၂၇ ပွဲကစားပေးခဲ့ပြီး ၁ဝ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး ဘာလော့တယ်လီ(၂ဝ၁ဝ)

ဘာလော့တယ်လီဟာ ၂ဝဝ၉-၂ဝ၁ဝ ဘောလုံးရာသီမှာ အင်တာမီလန် အသင်းနဲ့ ခြေစွမ်းပြကစားခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဖလားကိုပါ ရရှိခဲ့တာကြောင့်Golden Boy ဆုကို ရရှိခဲ့တာပါ။ အေစီမီလန်အသင်းနဲ့အတူ   သုံးရာသီ ဆက်တိုက် အီတလီစီးရီးအေဖလားကို ရရှိခဲ့သူဖြစ်တဲ့အပြင် မန်စီးတီးအသင်းကို ရောက်လာချိန်မှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဘာလော့တယ်လီဟာ အင်တာမီလန်၊ မန်စီးတီး၊ အေစီမီလန်၊ လီဗာပူး၊ နိုက်စ် စတဲ့အသင်းတွေမှာ ကစားခဲ့ပြီး  ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ပရီမီယာလိဂ်ဖလား တစ်ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ စီးရီးအေဖလား သုံးကြိမ်နဲ့ ကိုပါအီတာလီယာဖလား  တစ်ကြိမ်  ရရှိခဲ့ပါတယ်။  အီတလီနိုင်ငံလက်ရွေးစင်အသင်းအတွက်တော့ ၃၅ ပွဲ ကစားပေးခဲ့ပြီး ၁၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး မာရီယိုဂေါ့ဇီ(၂ဝ၁၁)

တိုက်စစ်မှူး မာရီယိုဂေါ့ဇီဟာ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင် ခဲ့တာမို့ ၂ဝ၁၁ ခုနှစ်Golden Boy ဆုကို ရရှိခဲ့တာပါ။ ကစားသမားဘဝကို ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ ဖြတ်သန်းခဲ့ပြီး လက်ရှိမှာလည်း ဒေါ့မွန်အသင်းမှာ ကစားနေတာပါ။ ဘရာဇီး နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလားမှာ ဂေါ့ဇီရဲ့သွင်းဂိုးနဲ့ ဂျာမနီအသင်း ကမ္ဘာ့ဖလားရရှိခဲ့ပါတယ်။ ကစားသမားဘဝအောင်မြင်မှုမှာ ကမ္ဘာ့ဖလားတစ်ကြိမ်၊ ဘွန်ဒက်လီဂါဖလား ငါးကြိမ်၊ ဂျာမန်ဖလား လေးကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းမှာ ၆၃ ပွဲ ကစားပေးခဲ့ပြီး ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အစ္စကို(၂ဝ၁၂)

အစ္စကိုဟာ ၂ဝ၁၂ ခုနှစ်မှာ မာလာဂါအသင်းနဲ့အတူ ခြေစွမ်းပြကစား နိုင်ခဲ့တာကြောင့်Golden Boyဆုကို ရရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာ ရီးယဲလ်မက် ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာ အစ္စကိုအနေနဲ့ ချန်ပီယံလိဂ် ဖလား လေးကြိမ်၊ လာလီဂါဖလား တစ်ကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား သုံးကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား သုံးကြိမ် ရယူပေး ထားခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းအတွက်တော့ ၃၂ ပွဲမှာ ၁၁ ဂိုး သွင်းပေးထားပါတယ်။

ကွင်းလယ်ကစားသမား ပေါ့ဘာ(၂ဝ၁၃)

ပေါ့ဘာဟာ ၂ဝ၁၃ ခုနှစ်မှာ သူ့ရဲ့စီနီယာကစားသမားဘဝ စတင်ခဲ့ပြီးနောက်Golden Boyဆုကို ရရှိခဲ့ပါတယ်။ မန်ယူအသင်းမှာ ပုံမှန်မကစားရတာကြောင့် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဂျူဗင်မှာ အောင်မြင်မှုရရှိခဲ့တာမို့ မန်ယူ က ပေါင် ၈၉ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ကစားသမားဘဝမှာ ကမ္ဘာ့ ဖလား တစ်ကြိမ်၊ စီးရီးအေဖလား လေးကြိမ်၊ ကိုပါအီတာလီယာဖလား နှစ်ကြိမ် နဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ် ရယူပေးထားနိုင်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင် အသင်းအတွက်တော့ ပွဲပေါင်း ၆ဝ မှာ ၁ဝ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး စတာလင်(၂ဝ၁၄)

စတာလင်ဟာ လီဗာပူးအသင်းနဲ့အတူ ပွဲပေါင်း ၁ဝဝ ကစားခဲ့ပြီးGolden Boy ဆုကိုလည်း လီဗာပူးအသင်းနဲ့အတူ ၂ဝ၁၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ၂ဝ၁၅ မှာတော့ မန်စီးတီးအသင်းကို ပြောင်းလာခဲ့ပါတယ်။ ၂ဝ၁၈ ကမ္ဘာ့ဖလား မှာလည်း အင်္ဂလန်အသင်းနဲ့အတူ ဆီမီးဖိုင်နယ်တက်အောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။ ပရီမီယာလိဂ်ဖလား တစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ် ရယူပေးခဲ့ပြီး အင်္ဂလန်အသင်းနဲ့အတူ ၄၄ ပွဲမှာ နှစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး အန်တိုနီမာရှယ်(၂ဝ၁၅)

တိုက်စစ်မှူး မာရှယ်ဟာ ၂ဝ၁၅ ခုနှစ်မှာ မန်ယူအသင်းကို ရောက်ရှိလာခဲ့ ပြီးတဲ့နောက်Golden Boy ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကို မပြောင်းရွှေ့မီက မိုနာကိုအသင်းမှာ ခြေစွမ်းပြကစားခဲ့တာကြောင့် မန်ယူအသင်း က ပေါင် ၅၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ အိုးထရက်ဖို့ဒ်မှာ နည်းပြ  ဗန်ဟား လက်ထက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့ပြီး လက်ရှိနည်းပြ မော်ရင်ဟိုလက်ထက် မှာတော့ ဆက်ဆံရေးမပြေလည်မှုကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်ပါ ပျောက်ခဲ့ ရသူပါ။ ကစားသမားဘဝမှာ အက်ဖ်အေဖလား တစ်ကြိမ်၊ လိဂ်ဖလား တစ်ကြိမ် နဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်း အတွက်တော့ ၁၈ ပွဲ ကစားပေးထားပြီး တစ်ဂိုး သွင်းယူပေးထားပါတယ်။

ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်(၂ဝ၁၆)

ရီနာတိုဆန်းချက်စ်ဟာ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ပွဲထွက်လာခဲ့တဲ့ အသက်အငယ် ဆုံးကစားသမားတစ်ဦးဖြစ်ပြီး ပေါ်တူဂီအသင်း ယူရို ၂ဝ၁၆ ဖလားရရှိခဲ့တာ ကြောင့်Golden Boy ဆုကို ရရှိခဲ့တာပါ။ ကစားသမားဘဝမှာ ဘင်ဖီကာ အသင်း၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွမ်ဆီးအသင်း(အငှား)တို့တွင် ကစားခဲ့ ပြီး ယူရို ၂ဝ၁၆ ဖလား၊ ဘွန်ဒက်လီဂါဖလား တစ်ကြိမ်၊ ပေါ်တူဂီလိဂ်ဖလား  တစ်ကြိမ်တို့ကို ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။   ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်တော့ ၁၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ်ကနေ လက်ရှိအချိန်အထိ ပေးအပ်ချီးမြှင့်ခဲ့တဲ့Golden Boy ဆုဟာ ဘယ်ကစားသမားမှ တစ်ကြိမ်ထက်ပိုပြီး ရထားတာမရှိသေးပါဘူး။ ဒါပေမယ့် ၂ဝ၁၇ ခုနှစ်အတွက်Golden Boy ဆုရရှိထားတဲ့ တိုက်စစ်မှူး မက်ပီကတော့ ယခု ၂ဝ၁၈ အတွက်လည်း  ရေပန်းစားနေပြီး    နှစ်ကြိမ် ဆက်တိုက် ရရှိမယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ငွေကြယ်

No comments:

Post a Comment