ဒီရက်ပိုင်းဘာရယ်မသိ။ ချောမေ တစ်ယောက် ခံပြင်းစိတ်တွေနဲ့ ပြည့်နေတယ်။
အနားမှာစကားလာပြောနေတဲ့ မိအေးကို သူ့စိတ်ထဲပါးကို ၁ဝ ချက်လောက်ရိုက်ပြီးပြီ။
တကယ်လည်း ရိုက်ပစ်လိုက်ချင်လို့ လက်ဖဝါးတွေလည်း ယားနေတယ်။
အခုတစ်မျိုး တော်ကြာတစ်မျိုး မလိုတစ်မျိုး လိုတစ်မျိုး အဲဒီလိုမျောက်စိတ်တွေကို ချောမေ သိပ်မုန်းတာ။ ဒီမိသားစုနဲ့ပတ်သက်ပြီး ဒီလို စကားတွေပဲ လာပြောနေတဲ့သူတွေကို ယားနေတဲ့ လက်ဖဝါးကို ဘရိတ်အုပ်ပြီး အံကြိတ်နေရတာ မနည်းတော့။ သူများ အတင်းဆို ချောမေတို့လည်း ပြောတာပေါ့။ သူများအတင်းပြောရမယ်ဆိုရင် ချောမေတို့က ရထားလာလို့ မတိမ်းဘူး။
ချောမေအကြောင်း တစ်ရွာလုံးလည်း မသိရိုးလား။ ကလေးနှစ်ယောက် အမေ။လည်နေတာမှမွှတ်လို့ ပန်ကာအထက်က ဝက်အူ။
တခြားသူတွေ လည်တယ်ဆိုတာ ချောမေ အိပ်နေသလောက်ပဲရှိသေးတာ။
အခုကိစ္စမှာတော့ ချောမေအတင်း ပြောဖော်မလုပ်ချင်တော့။ လူတွေကိုလည်း ချောမေ တော်တော်စိတ်ကုန်လာပြီ။ သင်းတို့ မှာ ပြောစရာတခြားအကြောင်း မရှိတော့ ဘူးလား။ လာသမျှလူတိုင်း ဒီအကြောင်းတွေပဲ ထပ်လို့။
အခုလည်း မိအေးကအားရပါးရမဲ့လိုက် ရွဲ့လိုက်နဲ့ ပါးစပ်အရသာခံနေပြန်ပြီ။
''မိချောမေ နင်ဟိုနားကဘုတ်ဆုံမအိမ်ကို သွားသေးလား။ ငါတော့မသွားပေါင်။ သူ့ ယောက်ျားငရွှေကို ဆရာဝန်က အာမခံချက် မရှိတော့လို့ ပြန်လွှတ်လိုက်တာတဲ့။ မသနား ပေါင်တော်။ မနက်မှောင်မှောင်ကနေ ညမှောင်မှောင်ထိ ဒီအရက်ပဲ ဗိုက်ထဲထည့် နေတာ။ သင်းဒီလိုဖြစ်တာနည်းတောင် နည်းသေးတယ်။ ဆရာဝန်က သွေးစစ် ကြည့်တော့ စီပိုးတဲ့လေ။ ဘုတ်ဆုံမတော့ သနားပါတယ်အေ။ လင်ယောက်ျားက သုံးစား မရတော့ အခုဗိုက်တစ်လုံးနဲ့ ကျန်ရစ်တော့မှာ။
သူလည်း ဒီယောက်ျားနဲ့ပေါင်းနေမှတော့ ဒီရောဂါကူးနေလောက်ပြီ။ ယောက်ျားတွေများ စိတ်ကုန်ပါတယ်အေ။
သင်းတို့ဒီအရက်သောက်တာနဲ့ မိန်းမတွေ လည်း ရောဂါကူးရတယ်။''
မဲ့ရွဲ့ပြောနေတဲ့ မိအေးကိုကြည့်ပြီး ချောမေ စိတ်ထဲကနေကျိန်ဆဲနေတယ်။
ဟိုတုန်းကတော့ ဘုတ်ဆုံမ ဘုတ်ဆုံမနဲ့ ပါးစပ်ဖျားက မချ။ ရှိသမျှ အစားအသောက် အကုန်သွားစားပြီးရင် အတင်းပြော။
သူ့ယောက်ျားထွန်းတင်ကရောအသောက် အစားတွေ တော်တော်ကင်းနေလို့လား။
ဘာထူးမှာလဲ။ ဒီပုပ်ထဲကဒီပဲ။ အခုတော့ သင်းတို့ပါးစပ်တွေက ဒီစကားတွေထွက်လာ ပြီပေါ့။
လူတွေများ တကယ်ကို တရားကျဖို့ ကောင်းတယ်။
''အမယ်လေး မိအေးရယ် ဟောဒီရွာထဲ မှာရှိတဲ့ ယောက်ျားမှန်သမျှ အရက်သမားနဲ့ ဖဲသမားချည်းပဲလေ။
ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ ဘယ် လက်ညှိုးထိုးလို့မှ မတွေ့ဘူး။
အရက်သမားတိုင်း ဒီရောဂါရှိမယ်ဆိုရင် တော်တို့ယောက်ျားတွေမှ မဟုတ်ဘူး၊ ကျုပ်ယောက်ျားလည်း အရက်သမားပဲလေ။
နောက်ပြီးတော့ ကျုပ်တို့အကုန်လုံး ဘုတ်ဆုံမအိမ်ကို နေ့တိုင်းဝင်ထွက်နေကြ တာပဲ။
စားလိုက်သောက်လိုက် စကားတွေ ပြော လိုက်နဲ့။ ကျုပ်တို့လည်း ဒီပိုးမကူးနိုင်ဘူးလို့ ပြောနိုင်လို့လားတော်။ ဆရာဝန်ဆီ မစစ်ဆေး လို့သာပေါ့။''
''မိချောမေ ငါကတော့ ပြောနိုင်တယ် တော်။
ဒီလိုပိုးမျိုး ငါ့မိသားစုမှာ လုံးဝမရှိဘူး။
ဒီရောဂါမျိုးနဲ့တော့ မသေနိုင်ပေါင်။လူညွန့်တုံးပါတယ်။
အခုပဲကြည့်လေ။ ဘုတ်ဆုံမနဲ့ မွေးလာမယ့် ကလေး ရှေ့ဆက်ပြီး ဘယ်လိုလူလုပ်ကြမလဲ။
သူတို့ကို ဘယ်သူမှစိတ်သန့်သန့်နဲ့ ဆက်ဆံကြတော့မှာမဟုတ်ဘူး။
ကျန်တဲ့လူတွေမပြောနဲ့ သူတို့ဆွေမျိုး တွေတောင် တစ်ယောက်မှ အားပေးဖော် မရှိဘူး။ ငရွှေ ဆေးရုံက ဆင်းလာပြီဆိုတာနဲ့ မသိသလို နေကြတော့တာလေ။
သင်းတို့နဲ့ယှဉ်ကြည့်ရင် ငါတို့က အနေ သာကြီး။''
ချောမေ စကားတစ်ခွန်းမှမပြောတော့။
ထောင်ထားတဲ့ဒူးပေါ် လက်ထောက်ပြီး မေးထောက်ထိုင်နေလိုက်တယ်။
ဘယ်သူဘာပြောပြော ဘုတ်ဆုံမဆီတော့ သွားရဦးမယ်။
(၂)
တောထဲကပြန်လာတဲ့ ယောက်ျားဖြစ်သူ ဖိုးလုံးကို တစ်ချက်ကြည့်လိုက်တယ်။
နေပူပူနဲ့မောပန်းလာလို့ ထင်တယ်။
ရေအိုးထဲက ရေတွေကို ခွက်နဲ့အပြည့် နှစ်ခွက်သောက်လိုက်တယ်။ ဖိုးလုံးဆီက သက်ပြင်းချသံကြားမှ ချောမေမေးခွန်းထုတ် လိုက်တယ်။
''ကိုဖိုးလုံး တော် ဘုတ်ဆုံမတို့အိမ်ဝင်ခဲ့ သေးလား။
ငရွှေကိုဘယ်နှရက်ထားမှာတဲ့လဲ။''
''အိမ်ထဲတော့ မဝင်ခဲ့ပါဘူးဟာ။
ခဏနေ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့တော့ ကြားခဲ့တာပဲ။ ဒီလိုမှလည်း ကောင်းမှာလေ။
ဒီရောဂါကြီးနဲ့ဆုံးတာဆိုတော့ ကြာကြာ ထားလို့မသင့်တော်ဘူး။ ကျန်တဲ့သူတွေ အန္တရာယ်ရှိနိုင်တယ်။
အခုအခေါင်းရိုက်ဖို့ အေးရွှေက ရွာထဲက လူငယ်တွေ လိုက်ခေါ်နေတယ်။ ငါ့တောင် ခေါ်လိုက်သေးတယ်။''
အေးရွှေဆိုတာက ဘုတ်ဆုံမရဲ့ယောက်မ ငရွှေရဲ့နှမပေါ့။ ငယ်ငယ်ကတည်းက ကိုကြီးရွှေ ကိုကြီးရွှေနဲ့ အစ်ကိုဖြစ်သူကို သည်းသည်း တုန်အောင် ချစ်ခဲ့တဲ့နှမ။
ငရွှေအနားက ခွာတယ်လို့မရှိ။
ဖအေနဲ့ မအေဆုံးပြီး အမွေခွဲကြတော့ လည်း မောင်နှမတွေအကုန်လုံး ကျေကျေ နပ်နပ်နဲ့သဘောတူခဲ့ကြတာပဲ။ အေးရွှေနဲ့ ငရွှေကတော့ မျက်နှာချင်းဆိုင် ဟိုဘက် ဒီဘက်တစ်ဝင်းတည်းနေကြတယ်။
ကျန်တဲ့သူတွေကတော့ သူတို့ဝင်းနဲ့သူတို့ သီးခြား။ ဆွေမျိုးဆိုတဲ့အတိုင်း စည်းစည်း လုံးလုံးနဲ့ လုပ်ကိုင်စားသောက်ကြတော့ ချောမေတစ်ယောက် ဝမ်းသာမိခဲ့ပါရဲ့။
အခုဒီကနေ့ကျမှ ငရွှေ့ယောက်ဖတွေ ဘယ်ဆီဘယ်ဒေသြ<ွကမြန်းနေကြလို့လဲ။
အေးရွှေယောက်ျား အောင်နိုင်ကရော ဘယ်ရောက်နေလို့လဲ။
အရေးထဲဆို ကြက်ပျောက်ငှက်ပျောက် ပျောက်နေကြတယ်။
ချောမေသက်ပြင်းမောတစ်ခုကို ချလိုက် ပြီး ခုတင်ပေါ်မှာ အပန်းဖြေလဲလျောင်းနေတဲ့ ယောက်ျားကို ခပ်တွေတွေတစ်ချက်ကြည့်လိုက် တယ်။
''ကိုဖိုးလုံး တော့်ကလေးနှစ်ယောက်လည်း ဘယ်သွားဆော့နေမှန်းမသိဘူး။
မနက်ကတည်းက အိမ်မကပ်တာ။
ဟိုအိမ်များရောက်နေသလားမသိဘူး။
ခဏနေသွားရှာပြီး အိမ်ခေါ်ခဲ့ဦး။ ပြန်လာရင် တော်လည်းရေချိုးပြီးနားနားနေနေ အိပ်တော့။
နေကပူပူနဲ့ ဘယ်မှမသွားတော့နဲ့။ ကျုပ် အဝတ်တွေလျှော်လိုက်ဦးမယ်။''
(၃)
''မိချောမေ တစ်ပြည်ဆန်သွားဝိုင်း ရအောင် ပြင်ပြီးပြီလား။
မိအေးမရော လိုက်မယ်ပြောတယ်။
ခဏလောက် စောင့်ကြဦးစို့။ နင့်ယောက်ျား ဖိုးလုံးရော ဘယ်သွားတာလဲ။အဲဒီတရားနာအိမ်မှာပဲလား။ နင်တို့တစ်အိမ် လုံး အဲဒီသာသွားနေကြ။ ကလေးတွေလည်း ဂရုမစိုက်ဘဲ ဒီအတိုင်းသာ လွှတ်ထား။နင်တို့တော့မလွယ်ဘူး သတိသာထားနေ။''
စကားကြောကိုလိုက်ကတည်းက မခင်ညို ရဲ့ စကား ဘယ်ဆီဦးတည်နေတယ်ဆိုတာ ချောမေသိလိုက်တယ်။ မခင်ညိုဆိုတာက အပျိုကြီး။
ဇီဇာကြောင်တဲ့နေရာ၊ အတင်းပြောတဲ့ နေရာမှာ နှစ်ယောက်မရှိဘူး။
မဟုတ်တာတွေရော ဟုတ်တာတွေရော ရှိသမျှအကြောင်း အမှန်အမှားမခွဲ အကုန် ရောသမမွှေပြောတာ။
အခုတလောနာမည်ကြီးနေတဲ့ သတင်း ဆိုတာ တခြားဘယ်အကြောင်းမှမဟုတ်။
ဘုတ်ဆုံမတို့ရာဇဝင်ပဲရှိတာလေ။
သူ့စကား ထောက်ကြည့်ကတည်းက ဘာဆိုတာ ချောမေချက်ခနဲဆို နားခွက်က မီးတောက်ပြီးသား။
ဒီအကြောင်းတွေကြောင့်ပဲ ချောမေ နားတွေလည်းပူနေပြီ။ ပြောရင်လည်း ကြားထဲ ကနေ သူတော်ကောင်းမကြီးဝင်လုပ်ရာ ကျမယ်။
တကယ်ဆို လူတွေတော်တော်လေးကို ကိုယ်ချင်းစာတရား သနားကြင်နာမှုတွေ ခေါင်းပါးကြတာ။
ဟိုနေ့ကပဲ မိအေးမကို ပါးတွေဖြိုးဖြိုး ဖြန်းဖြန်းရိုက်ချင်စိတ်တွေ ပေါက်မိတာ။
လက်ဖဝါးကယားလို့မှ မပြီးသေးဘူး။
ဒီအပျိုကြီးက လာပြန်ပြီ။ အသက်ရှည် ဦးမယ်။ ပြောရင်းဆိုရင်းပဲ မိအေးမ ဆန် တစ်ပြည်နဲ့ လာနေပြီ။
''လာ လာ မိအေးရေ ဒီမှာမိချောမေလည်း ပြင်လို့ပြီးပြီ။
ဝိုင်းပြီး ပြီးတာပဲ။ မြန်မြန်သွားပြီး မြန်မြန် ပြန်လာကြရအောင်။ ဘုတ်ဆုံမလည်း သွေးစစ်ကြည့်တာ ရှိတယ်တဲ့လေ။ ဗိုက်ထဲက ကလေးရော ကူးစက်ခံရတယ်တဲ့။
ယောက်ျားကသေ ကလေးတစ်ယောက်နဲ့ နောက်ဒီရောဂါကြီးနဲ့ ဘယ်လိုလူလုပ်ကြ မတုန်းအေ။ ငါတော့ရင်လေးပါတယ်။''
''ဟုတ်တယ်မခင်ညိုရေ။ ကျုပ်လည်း အဲဒါ တွေးနေတာပဲ။
ဆွေမျိုးတွေကလည်း ရှိတယ်လို့သာ ပြောရတာ ဂရုမှမစိုက်ကြတော့ဘဲ။ ဘယ့်နှယ် တော်။
လူ့ပြည်လာပြီး ဒီလိုကြီးအသက်ရှင်ရတယ် လို့။ ကျုပ်တို့တော့ဘဝကို ဒီလိုမျိုး အဆုံး မသတ်နိုင်ပေါင်။
သားသမီးတွေ လုပ်ကျွေးတာစားပြီး သက်သောင့်သက်သာလေး ဖြတ်သန်းဦးမှာ။
ဒီပိုးတွေနဲ့ကတော့ဝေးဝေးနေမယ်။
သေချင်းသေ ကောင်းကောင်းမွန်မွန် သေမှာပေါ့တော်။
လူညွန့်တုံးတဲ့ဘဝမျိုးနဲ့တော့ မိအေးတို့ ဒီတစ်သက်အသေမခံနိုင်ဘူး။ ဟိုနေ့ကငရွှေဖို့ အခေါင်းရိုက်ပေးမယ့်သူတောင် မရှိဘူးတဲ့ လေ။
ဘုတ်ဆုံမတော့ သနားပါတယ်။ ယောက်ျားကဒီလိုဆိုတော့ သူလည်း မျက်နှာ ငယ်ရှာမှာပေါ့။''
မခင်ညိုနဲ့ မိအေးမကတော့ နှစ်ယောက် သား အတိုင်အဖောက်ညီညီနဲ့ ခံတွင်းရှင်း နေကြတယ်။
ချောမေကတော့ ဘေးကလိုက်ပါလာပြီး တစ်ခွန်းတစ်ပါဒမှ ဝင်မပြော။
ပါးစပ်ပိတ်ပြီး နားထောင်နေလိုက်တယ်။
အတင်းတွေပြောတာ အင်း အဲ မလုပ်ဘဲ လိုက်လာရင်း ဘေးကနှစ်ယောက်ကလည်း ပါးစပ်အရသာခံပြီးလာလိုက်ကြတာ တရားနာ အိမ်တောင်ရောက်လာပြီ။
လက်ဖက်စား ဆေးလိပ်သောက်ဖို့ လူလည်း သိပ်မရှိဘူး။ ဘေးအိမ်တွေကနေ အဝိုင်းအကိုင်းလေး ခေါ်ထားပုံရတယ်။
အလွန်ဆုံးရှိလှ တစ်ယောက်စ နှစ်ယောက်စ။
လက်ဖက်လေး ဘာလေး နယ်ပေး သုပ်ပေးတဲ့ လူနဲ့။ ဒီလောက်ပဲ ရှိတာ။
တစ်ပြည်ဆန်လာဝိုင်းတဲ့ သူတွေကလည်း ကြာကြာထိုင်သွားကြပုံမရဘူး။
ဆန်ဝိုင်းပြီး ပြန်သွားကြတာချည်းနေမှာ။
အာလ္လာပသလ္လာပလေး သတင်းလေး ဘာလေးတောင် မေးသွားကြဟန် မတူဘူး။
နေ နေနိုင်လွန်းကြတယ်။ တကယ်ပါပဲ အေးလေ။ တခြားသူမပြောနဲ့ ဆွေမျိုးတွေ တောင် တစ်ယောက်မှမလာကြတာ။
ဘုတ်ဆုံမလည်း အားတွေငယ်ရလွန်းလို့ လား မသိဘူး။
မျက်နှာလေးတော်တော်ချောင်ကျသွားတယ်။
အသားတွေလည်း အရင်ကထက်ကို ပိုမည်းနေတယ်။
မျက်လုံးလေးတွေလည်း နီရဲလို့။
သူ့ဗိုက်ကလေးကြည့်ပြီး ပွတ်နေရှာတယ်။
ဘုတ်ဆုံမ ဘာတွေတွေးနေတာလဲ။
''သြော် မခင်ညိုတို့၊ မိချောမေတို့ လာကြ ပါ ဒီဘက်ခုတင်ကို။ ထိုင်ကြပါဦး။
လက်ဖက်လေးစား ရေနွေးလေး သောက်ကြပါဦး။''
မပေါ့မပါးကြီးနဲ့ ထိုင်နေရာကနေ ထလာ ပြီး ဧည့်ခေါ်နေတဲ့ဘုတ်ဆုံမကို မခင်ညိုက ဟိုကြည့်ဒီကြည့်နဲ့ မသိမသာနှာခေါင်းရှုံ့ နေတယ်။
ဘုတ်ဆုံမနဲ့ ခပ်လှမ်းလှမ်းမှာရပ်ပြီး အခြေအနေကိုအကဲခတ်နေတယ်။
''တော်ပါပြီ ရပါတယ် ဘုတ်ဆုံမရယ်။ငါတို့မထိုင်တော့ပါဘူး။ အိမ်မှာ အလုပ်တွေ မအားဘူးလေ။ ဆန်ဝိုင်းပြီး ပြန်မှဖြစ်မယ်အေ့။''
မခင်ညိုက မဲ့သယောင်ယောင် ပြုံးသယောင်မျက်နှာနဲ့ စကားတွေ ဖာထေး နေတယ်။
မိအေးမလည်းဘာထူးမှာလဲ။ မထိုင်ချင် တာနဲ့ ဆင်ခြေတွေ အကြောင်းအမျိုးမျိုးတွေ ပေးနေတယ်။
မျက်လုံးတွေက တောင်ကြည့် မြောက် ကြည့်နဲ့ ဝေ့ဝိုက်နေတယ်။
''မိချောမေ နင်ကအားတယ်မို့လား။
လက်ဖက်လေးဘာလေးစားပြီးမှပြန်လေ။စကားလေး ဘာလေးလည်းပြောရအောင်။''
ချောမေ ဘုတ်ဆုံမကိုရုတ်တရက်ဘာမှ မပြောသေးဘဲ ခပ်တွေတွေ တစ်ချက်ကြည့်ပြီး ဆန်တစ်ပြည်ထည့်လာတဲ့ လက်ဖက်အုပ်ကို ကမန်းကတမ်းကောက်ကိုင်လိုက်တယ်။
''ထိုင်တော့ထိုင်ချင်ပါတယ် ဘုတ်ဆုံမ ရေ။
အိမ်မှာဘယ်သူမှမရှိဘူး။ ကိုဖိုးလုံး ကလည်း တောထဲကနေကို မပြန်ခဲ့သေးဘူး။နောက်ကလေးတွေကို ရေချိုးပေးရဦးမယ်။
ပြီးတော့ အဝတ်တွေလည်း လျှော်ရ ဦးမယ်။
မနက်ဖြန် အားမှလာခဲ့တော့မယ်အေ။''
ပုလဲသွင်
No comments:
Post a Comment