Latest News

Sunday, September 30, 2018

အတက်

အတက်

(၁)

စံလှတို့ လက်ယဉ်ချက်ကတော့ ဟင်းခနဲ ဆို ခွပ်ခနဲပဲ။ ဒါကြောင့်လည်း စံလှတို့ နာမည် ရနေတာပေါ့။ စီခနဲဆို စံလှပဲ။   ရွာလူကြီး ဦးသာပေါ ထိပ်တုံးက သူ့အတွက် လုပ်ထား သလားမှတ်ရ။ စံလှက မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ ဖဲရိုက်တယ်၊ ကြက်တိုက် တယ်၊ အရက်သောက်တယ်၊ ကွမ်းတဖွတ်ဖွတ်၊ ဆေးလိပ်တထောင်းထောင်းနဲ့ပေါ့။ တစ်သက် နဲ့တစ်ကိုယ် ဘုန်းကြီးကျောင်း မုန့်ဟင်းခါး ကျွေးမှ တစ်ခေါက်ရောက်တတ်တဲ့ ကောင်စား မျိုး။ ကျုပ်နဲ့စံလှက ငယ်သူချင်းတွေလေ။ သူ က ကျုပ်ထက် တစ်ရက်ပဲကြီးတာ။   ကျုပ်နဲ့ ငယ်သူငယ်ချင်းဆိုပေမယ့် ကျုပ်က သူ့လောက် တော့ မကောင်းတာမလုပ်ဘူးဗျ။  ညတိုင်း ဘုရားရှိခိုးတယ်၊  မေတ္တာပို့  အမျှဝေပေါ့ဗျာ။ဘာသာရေးလိုက်စားတယ်  ဆိုပါတော့ဗျာ။သို့ပေမယ့် စံလှနဲ့ ဆုံမိရင်တော့ စံလှသွားသမျှ ပျော်ပျော်ကြီး လိုက်လံအားပေးနေကျဗျ။

စံလှရဲ့  မိုက်ဂုဏ်မြောက်ပုံများ  ရွာနီး ချုပ်စပ်က မိုက်ပေ့ဆိုတဲ့ လူတောင် ဖိန့်ဖိန့် တုန်အောင်ပဲ။ ကုန်ကုန်ပြောရရင် စံလှဟေ့ ဆိုရင် ခွေးတောင် အမြီးကုပ်သွားရလောက်တဲ့ အထိပဲ။  ကြောက်ဆို   တွေ့သမျှ ကြက်ဝိုင်း၊ ဖဲဝိုင်းရန်ဖြစ်ပြီဆို  စံလှက  အရင်ဦးအောင် ဆော်လိုက်တာလေ။ အနည်းဆုံးလေးချက်က တော့ သာသာလေးချုပ်ရောပဲ။ ဒါကြောင့် စံလှလာပြီဆို      ဝိုင်းသိမ်းထားရတဲ့အထိ ကြောက်ရတယ်လေ။

ကျုပ်ကတော့ စံလှကို ထိန်းတဲ့အခါထိန်း၊ မြှောက်ပေးတဲ့အခါ မြှောက်ပေးနဲ့ ကပ်မြှောင် စားသောက်နေတာပေါ့။ စံလှ အရှိန်အဝါကြီး လိုက်ပုံများ  စံလှနဲ့ပေါင်းတဲ့    ကျုပ်တောင် ဘယ်သူမှ စေ့စေ့မကြည့်ရဲကြဘူးလေ။ စံလှက လူပေါင်းစုံပေါင်းတယ်လေ။ သူ အခုတစ်လော အထက်အညာဘက်က မြွေအလမ္ပာယ် ဆရာ ကြီးတစ်ယောက်နဲ့      ပေါင်းနေလေရဲ့။ ဒီနောက်ပိုင်း စံလှ အဲဒီဆရာကြီးပေးထားတဲ့ လက်ဖွဲ့ဆိုလား ဘာဆိုလား အဲဒါနဲ့ ပိုဆိုးနေ တာပေါ့။ တုတ်ပြီး ဓားပြီးတယ်ဆိုလားပဲ။ နဂို ကမှ မိုက်သွေးကြွနေတဲ့အထဲ သိဒ္ဓိဆေးပေး ထားတော့  မြင်းကို  ချိုတပ်ပေးသလို ဖြစ်နေ တာပေါ့။ အခုဆို  စံလှနဲ့ပေါင်းရမှာတောင် ကျုပ်ခပ်လန့်လန့်ဖြစ်နေပြီလေ။

(၂)

ကျုပ်ဒီနေ့ ရွာထဲသွားတော့ ကျုပ်ကို မြင်တဲ့သူတိုင်းက   ရှောင်ဖယ်ရှောင်ဖယ်နဲ့ ဘယ်သူမှ အဖက်မလုပ်ကြဘူး။ စံလှကိုမုန်း သလို စံလှနဲ့ပေါင်းတဲ့ကျုပ်ကိုလည်း ရွံကြောက် ကြောက်နေတယ်ထင်ပါရဲ့။ ဒါပေမယ့် ကျုပ် စိတ်ဓာတ်ကို သူတို့သိနေကြတာပဲ။ ဒီလောက် ဖြစ်စရာလား။     ကျုပ်  စံလှပေါင်းတာက ငယ်သူငယ်ချင်းမို့  ပေါင်းတာလေ။   စံလှရဲ့ မိုက်ကျင့်တွေကို ပေါင်းတာမှမဟုတ်တာ။ကဲပါဗျာ သူတို့အရေးမလုပ် ကျုပ်ကအရေးလုပ် စရာလား။ ဒါပေမယ့် ကျုပ် စံလှနဲ့တော့ ခပ်ခွာခွာ နေနိုင်သရွေ့ နေဦးမှပါလို့ ဆင်ခြင်မိပါရဲ့။

ဒီနေ့  ညောင်ကန်ရွာမှာ  အသုဘရှိလို့ စံလှ ကျုပ်ကို လာခေါ်တယ်။

''ဖိုးလုံး လာပါကွ၊ အခုအသုဘက ဆွေကြီး မျိုးကြီးတွေထဲကကွ။ လာတဲ့သူတွေကလည်း မြို့ကသူဌေးတွေတဲ့။ အဲဒီကောင်တွေနဲ့ ဝိုင်း ဖြစ်ရင် သုံးရက်လောက် ရေမီးအစုံပဲလိုက်ခဲ့ပါ အနမ့်''

စံလှရဲ့    မစားရဝခမန်း  ပြောနေတဲ့ လေသံကြား   ကျုပ်ရုန်းထွက်ချင်ပါတယ်။ ဒါပေမယ့် ငယ်ငယ်လေးထဲက ခင်ခင်မင်မင် ပေါင်းလာတာဆိုလို့ ဒီကောင်ပဲရှိတာ။ နောက် အခုချက်ချင်း သူ့ကို  ရှောင်လိုက်လို့လည်း ဘယ်ဖြစ်မလဲ။ ဒါကြောင့် ကျုပ် စံလှနဲ့လိုက်ခဲ့ လိုက်တယ်။ ကျုပ်တို့ အသုဘအိမ် မသွားခင် ရွာထိပ်က အတီးဆိုင်မှာ မီးတောက်တစ်လုံး ဝင်မော့လာခဲ့သေးတယ်။ တစ်လုံး နှစ်ယောက် ဆိုတော့ စံလှတို့  နံကြားတောင်   ညပ်မယ် မထင်။ အပြန်  ဖဲနိုင်မှ အတီး တစ်ဆိုင်လုံး ဝယ်သောက်မယ်လို့      စံလှ  ကြုံးဝါးခဲ့သေး ရဲ့။

ကျုပ်တို့ ညောင်ကန်ရောက်တော့ သူငယ် အိပ်ချိန်ရောက်နေပြီ။  အသုဘအိမ်ရောက် တော့  ညောင်ကန်ရွာ   ကာလသားခေါင်း ထင်ပါရဲ့ စံလှကို ထွက်ခေါ်တယ်။

''ဟာ  စံလှ လာမှလာပါ့မလားလို့ကွာ''

''အေးဗျာ  ဒီဆရာကို   ပင့်နေရတာနဲ့ ကြာနေတာ''

စံလှက ကျုပ်ကိုမေးငေါ့ပြရင်း ပြောတယ်။ကျုပ်ဘာမှ   ပြန်မပြောဘဲ   သူတို့နောက်က အသာလေးတက်လိုက်သွားတယ်။ အိမ်နောက် ဘက် အခန်းထဲရောက်တော့ လူလေးယောက် ထိုင်နေတယ်။ စံလှက အဲဒီလူတွေကြားဝင်ထိုင် လိုက်တယ်။ ကျုပ်ကတော့ စံလှနောက်မှာ ထိုင်ရတာပေါ့။ သူတို့ရဲ့ ဖဲကိုင်သံ တဖြောင်း ဖြောင်း အသံတွေကြား ကျုပ်အိပ်ငိုက်ချင်လာ တယ်။ ဒါနဲ့  ဒူးပေါ်မေးတင်ပြီး  ခဏလေး မှေးနေလိုက်တော့တယ်။

''ဝုန်း''

''ခွပ်''

''ဘုတ်''

''အား''

အသံတွေကြားမှ ကျုပ်လန့်နိုးလာတယ်။စံလှဆိုတဲ့ကောင်ပေါ့၊ လေးယောက်တစ်ယောက် ချနေတာ။ သူကချည်း လိုက်ထိုးနေတာ။ကျုပ် နဲ့ အိမ်သူအိမ်သားတွေ ဝိုင်းဆွဲမှ ရတော့တယ်။ဟိုလူတွေ မျက်နှာမှာ သပြေသီးတွေ မှည့်သွား တယ်။ တစ်ယောက်ကတော့ ခေါင်းကွဲသွား တယ်ထင်တယ်။  ခေါင်းမှာ  သွေးဆိုတာ ချင်းချင်းရဲ။ စံလှဆိုတဲ့ကောင်ကတော့ ခပ်ပြုံး ပြုံးပဲ။ သူပြောနေကျ စကားတောင်ပြောလိုက် သေးတယ်။

''စံလှကို စံလာမပြနဲ့၊ နာလန်ပါမထနိုင် ဖြစ်သွားမယ်၊ မှတ်ထား ငါ့နာမည်စံလှတဲ့ကွ''

ကျုပ်တို့ မသာအိမ်ဖဲဝိုင်းမှာ  ရိုက်မှုနဲ့ အချုပ်ထဲမှာ တစ်ပတ်လောက်အိပ်လိုက်ရသေး တယ်။ ကျုပ်အမေကတော့ စံလှဆို ဝေးဝေးက ရှောင်ဖို့ပြောတာ အာပေါက်မတတ်ဘဲ။ ကျုပ် အတတ်နိုင်ဆုံး ရှောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ငယ်ငယ်တည်းက လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းကို ချက်ချင်းရှောင်ရ မယ်ဆိုတော့  ခက်ပေဖူးလား။  စံလှကလည်း ကျုပ်ကိုတွေ့ရင် ဖဲဝိုင်းခေါ်၊ ကြက်ဝိုင်းခေါ်နဲ့။ စံလှ လာခေါ်တိုင်း     ကျုပ်  ဆင်ဝှေ့ရန်ရှောင် လုပ်တာ နှစ်ခါလောက်တော့  အဆင်ပြေသွား တယ်။ ကျုပ်လည်း စံလှကို မိုက်ဇာတ်သိမ်းစေ ချင်ပါပြီဗျာ။

(၃)

''စံလှရယ် နင်နဲ့တော့ ခက်ပါတယ်ဟယ်။ နင့်ကိုလေ ငါဘယ်လို ဆုံးမရမှန်းကို မသိ တော့ဘူး။ ငါတို့မျိုးထဲမှာလေ နင့်လိုကောင် ဘယ်သူမှ မပါဘူး။ နင်တစ်ယောက်တည်း စုန်းပြူးပါလာတာဟဲ့ အကောင်ရဲ့''

''အမေကလည်းဗျာ ကျုပ်ကိုဆို ပြောမယ် ဆိုမယ်ဆိုတာချည်းပဲ။  အဲဒါကြောင့်   ကျုပ် အိမ်ပြန်မလာချင်တာ။  အမေချက်တဲ့ထမင်း စားရတာနဲ့မကာမိဘူး။     နားငြီးလိုက်တာ လွန်ရော''

''အောင်မလေး နားငြီးရင် ကြွ ကြွ။နင့်ကို မွေးရတာ ဝမ်းရေစပ်တယ်ဟဲ့ ငမိုက်သားရဲ့''

''သွားမယ်ဗျာ အဲဒါကြောင့် အိမ်မှာ မနေ ချင်တာ''

''ကြွပါတော် ကြွ ကြွ''

စံလှတို့သားအမိ ပြောနေကျ စကားရယ် ပါ။ သူ့အမေပါးစပ်အမြှုပ်ထွက်တောင် အချိုး ပြင်မယ့်ကောင်မဟုတ်။ စံလှတို့က သားအမိ နှစ်ယောက်တည်းရယ်လေ။ အဖေလုပ်သူက သုံးနှစ်လောက်ကမှ   ပိုးထိပြီးဆုံးသွားတာ။စံလှအမေ ဒေါ်လေးညို ခင်မျာလည်း သားဆိုး အမေတပေပေ ဖြစ်နေရှာတာပေါ့။ အခုဆို ပိုတောင်ဆိုးနေသေး။ ဟိုနေ့က ဟိုဘက်ရွာက ကွမ်းတောင်ကိုင်  မထားနွယ်ကို   ဆွဲလား ရုန်းလားလုပ်လို့ ဦးသာပေါတို့အိမ်မှာ ညဥ့်အိပ် ခဲ့ပြီးပြီ။ ဒီကောင် အချိုးတွေ ပြင်ရင်တော့ သိပ်ကောင်းမှာပေါ့ဗျာ။  အလမ္ပာယ်ဆရာ ဦးသာချမ်းကြီးရဲ့ ကာယသိဒ္ဓိလက်ဖွဲ့အားကိုးနဲ့ အရင်ထက်ကို ဆိုးနေပြီ။ ကြာရင် ဖမ်းဝရမ်း တောင် အထုတ်မခံရရင်  ကံကောင်းတယ် မှတ်ရမယ်။

''ဟာ ဖိုးလုံးရာ လာစမ်းပါကွာ။ မင်းက နှေးလိုက်တာ  လိပ်ခြေကျိုးကမှ မင်းထက် မြန်ဦးမယ်''

စံလှက  အရေးတကြီး  ကျုပ်ကိုခေါ်နေ တယ်။ ကျုပ်ကလည်း ကျုပ်ပဲ ဘယ်တော့ဖြစ်ဖြစ် အမြဲနောက်က။ ဒီနေ့ကျုပ်နဲ့ စံလှ သပြေကုန်း က ရဲကြီးတို့နဲ့ ကြက်တိုက်ဖို့ ချိန်းထားတယ် လေ။ အချိန်က မွန်းလွဲချိန်ဆိုတော့ ပူချက်က လွန်ရော။ နေတအားပူတော့ စိတ်မြန်တဲ့စံလှ က ကျုပ်ကို စိတ်မရှည်ဘူး ထင်ပါရဲ့။

''အေးပါကွာ   ဖြည်းဖြည်းပေါ့   စံလှရ၊ ဟိုကောင်တွေလည်း ရောက်လောက်ဦးမယ် မထင်ပါဘူး''

ကျုပ်လည်း အေးအေးပဲ  ပြန်ပြောလိုက် တယ်။ စံလှကတော့ တစ်နာရီ မိုင်ခြောက်ဆယ် နှုန်းနဲ့  သွားနေသလားမှတ်ရ။  မြန်ချက်က ကျုပ်အပြေးလိုက်မှ မီတယ်။

''နောက်တစ်ခါဆို မင်းမလိုက်နဲ့ ဖိုးလုံး၊  ရတဲ့အချိန် အလုပ်လုပ်ရမှာကွ၊ အချိန်ကောင်း မှာ ရဲတွေလာဝိုင်းမှ နန်းစံနေရမယ် သိလား''

''အေးပါ စံလှရာ ဒါဆိုလည်းသွား''

ကျုပ်တို့ သပြေကုန်းရောက်တော့ နှစ်နာရီ ထိုးတော့မယ်။ ရဲကြီးတို့အုပ်စုကတော့ ရောက် နှင့်နေပြီ။ ကျုပ်တို့ရဲ့  ကြက်ငထိန်ကြီးက လည်း ပြိုင်ဘက်မြင်ကတည်းက လည်ဆံမွေး ပွနေပြီ။ သို့ပေမယ့် ငထိန်ကြီးက ခွပ်လက် နှစ်ဖလောက်ပဲရှိသေးတာ။ ဟိုဘက်ကြက်ကြီး က ရှစ်ဖလောက် နိုင်ပြီးသားဆိုပဲ။ ကျုပ်ဖြင့် သိပ်တောင်အားမရလှဘူး။   စံလှကတော့ အားသန်နေပုံပဲ။ ကြက်နိုင်တိုင်း သူဆိုနေကျ သီချင်းကို ခပ်တိုးတိုးလေး ညည်းနေလေရဲ့။

''ကိုကြီးဖိုးလုံး ကိုကြီးဖိုးလုံး''

နောက်ကခေါ်သံကြောင့်  ကျုပ်လှည့် ကြည့်လိုက်တော့ ဆိတ်ကျောင်းသားမောင်စိန်။ကျုပ်တို့ဆီ အပြေးအလွှားပြေးလာနေတယ်။

''မောင်စိန် ဘာဖြစ်လို့လဲ''

''ကိုကြီးဖိုးလုံးအမေ  အိမ်ပေါ်ကချော်ကျ လို့ဗျ''

''ဟေ ဟုတ်လား အေးအေး ညီလေး ငါ အခုလိုက်ခဲ့မယ် အနမ့်''

ကျုပ်စံလှကို အကျိုးအကြောင်းပြောပြပြီး အိမ်ပြန်လာခဲ့တယ်။ တော်သေးတယ် အမေ ဘာမှမဖြစ်လို့။   ခေါင်းတော့နည်းနည်းလေး ပေါက်သွားတာပေါ့။   ဆေးမှူးလေးပေးတဲ့  ဆေးနဲ့ အမေသက်သာနေတော့ ကျုပ်အမေ့ကို နောက်တစ်ခါ အမေ့နားက ဘယ်မှမသွားတော့ ဘူးလို့   ကတိပေးလိုက်ရတယ်။  ဒါမှ အမေ စိတ်ချမ်းသာမှာလေ။ ကျုပ် ညနေစောင်းတော့ အိမ်မှာရေထမ်းနေရင်း စံလှပြန်လာမယ့် ရွာ လမ်းအတိုင်း မျှော်နေမိသေးတယ်။ သြော် စံလှ စံလှ ...။

(၄)

''ဟုတ်လို့လား အမေရာ''

''ဟုတ်ပါတယ်  ဖိုးလုံးရယ်  ခုနကမှ ငါးသည် ချိုဝင်း ပြောသွားတာ''

အမေ့စကား ကျုပ်မယုံနိုင်ပါ။ စံလှလို လူကို ဘယ်သူ သတ်ရဲမှာလဲ။ ကျုပ်နားထဲ မယုံနိုင်သလို ကျုပ်စိတ်ထဲလည်း ဝမ်းနည်း သလိုလိုပဲ။

''အမေရယ် စံလှကို သတ်ရဲတဲ့လူ ရှိပါ့ မလားဗျာ''

''ဟဲ့ ရဲကြီးတို့က အုပ်စုလိုက် သတ်သွား တာတဲ့။ ခုတ်ထစ်ထားတာ လူမြင်လို့တောင် မကောင်းဘူးဆိုလား။  နင်ပါ   မသေတာ ကံကောင်းတယ်မှတ်''

ဟုတ်ပေသား ကျုပ်ပါဆက်ရှိနေရင် ကျုပ် ပါသေမလို့။ အမေ အိမ်ပေါ်ကချော်ကျတာ ကျုပ်အတွက် ကံကောင်းတယ် ဆိုရမလား။ကျုပ် ခုမှ တကယ့်နောင်တတွေ ရမိတယ်။စံလှအဖြစ်ကိုလည်း သင်ခန်းစာရမိတယ်။

သြော် စံလှ စံလှ လူမိုက်ကြီး စံလှ။ အခု တော့ လူမိုက်လည်း လူမိုက်လမ်းသွားရတာပဲ။သူ့ဆရာ အလမ္ပာယ် ဦးသာချမ်းလည်း ဟိုနေ့ ကမှ သူဖမ်းလာတဲ့ မြွေက သူ့ပြန်ကိုက်လို့ ဆုံးရှာပြီတဲ့။ သူတို့ ဆရာတပည့်နှစ်ယောက် တစ်နေရာရာမှာ ဆုံနေလောက်ပြီ ထင်ပါရဲ့။

လင်းညို(ရွှေလင်းမြေ)

No comments:

Post a Comment