Latest News

Friday, September 21, 2018

ရန်ကုန်-မန္တလေးရထားလမ်း ရေတာရှည်မြို့နှင့်ဆွာမြို့အကြား အစုန်လမ်းပိုင်းမှ ရထားများသွားလာနိုင်ပြီ

ရန်ကုန်-မန္တလေးရထားလမ်း ရေတာရှည်မြို့နှင့်ဆွာမြို့အကြား အစုန်လမ်းပိုင်းမှ ရထားများသွားလာနိုင်ပြီ

ရေတာရှည်   စက်တင်ဘာ   ၂ဝ

ရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အတွက် မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာ ဌာန၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ သွားလာပို့ဆောင်ရေးဌာနတို့  ပူးပေါင်း၍ သြဂုတ် ၃ဝ ရက်မှစတင်၍ နေ့ရောညပါ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ဝ ရက်တွင် တံတားအမှတ်(၃ဝ၅)၏   အစုန်လမ်းပိုင်း အနေဖြင့် ယာယီသွားလာနိုင်ရန် ပြုပြင်ပြီးစီး သွားပြီဖြစ်၍ ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာ လာသော ခရီးသည်တင် အမှတ်(၁၁)အဆန် ရထားသည်  လည်းကောင်း၊  မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသည့်   အမှတ်(၁၂)အစုန်ရထားသည်  လည်းကောင်း တံတား အမှတ်(၃ဝ၅)ပေါ်မှ ညနေ ၃ နာရီဝန်းကျင် ခန့်၌  အောင်မြင်စွာ  ဖြတ်သန်းနိုင်ခဲ့ပြီဖြစ် သည်။

ထိုသို့ ခရီးသည်တင်ရထားများ သွားလာ နိုင်ခြင်းမရှိမီ နံနက်ပိုင်း ၉ နာရီ ၄၁ မိနစ်ခန့် က မြန်မာ့မီးရထားစီးပွားရေးဌာနမှ အထွေထွေ မန်နေဂျာ   ဦးအောင်မြင့်လှိုင်နှင့်  မြို့ပြ အင်ဂျင်နီယာဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးဌေးလှိုင်တို့   အနီးကပ်ကြီးကြပ်မှုဖြင့် မြင်းကောင်ရေ ၉ဝဝ စက်ခေါင်းတပ်ဆင်ထား သော ကျောက်တင်ရထားဖြင့် လည်းကောင်း၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် မြင်းကောင်ရေ ၂ဝဝဝ    စက်ခေါင်းတပ်ဆင်ထားသော ကျောက်တင်ရထားဖြင့် လည်းကောင်း စမ်းသပ် မောင်းနှင်ပြီးမှ ခရီးသည်တင်ရထားများအား ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရထားများ  ပြေးဆွဲနိုင်ခြင်းမရှိသည့် အတွက် ရန်ကုန်နှင့်မန္တလေးဘက်မှ ရထားဖြင့် လိုက်ပါလာကြသည့် ဝန်ထမ်း၊ ခရီးသည်များ အား တပ်မတော်ပိုင် City Bus များဖြင့် သြဂုတ် ၃၁ ရက်မှ ယနေ့နံနက်ပိုင်းအထိ ခရီးသည်ပေါင်း ၃၂၃၉၂ ဦးကို ရေတာရှည်မြို့ နှင့် ဆွာမြို့အကြား ပြေးဆွဲပေးခဲ့ပြီး တံတား အမှတ်(၃ဝ၅)၏  အဆန်လမ်းပိုင်း တံတား ပြုပြင်မှုမှာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ပြီးစီးမည့်ကာလကို အတိအကျမပြောနိုင်သေး ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းသည် သြဂုတ် ၂၉ ရက်က ရေတာရှည်မြို့နယ် ဆွာချောင်းတမံ ပင်မရေပိုလွှဲကျိုးပေါက်ရာမှ ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ဆွာမြို့နှင့် ကုန်းကြီး ဘူတာအကြား၌ ဆိုးရွားစွာ ထိခိုက်ပျက်စီး ခဲ့ပြီး မိုင်တိုင် ၁၉၈/၂၁ နှင့် ၂၂ အကြားရှိ တံတားအမှတ်(၃ဝ၅)မှ အုတ်ခုံများပါမကျန် ကျိုးပြတ်ကာ      ရေနောက်မျောပါပျက်စီး ခဲ့သည်။ 

ကိုလွင်(ဆွာ)

No comments:

Post a Comment