ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လှူဒါန်းထားသည့်ရွှေများမှာ အရောအနှောများမဟုတ်ဘဲ အစစ်အမှန်သာကပ်လှူထားဟု ဂေါပကအဖွဲ့ပြောကြား
ရန်ကုန် စက်တင်ဘာ ၂ဝ
စေတနာရှင်၊ အလှူရှင်များလှူဒါန်းထားသည့် ရွှေသင်္ကန်း များအား အခြားသောအရာများနှင့် ရောနှောထားခြင်းမရှိဘဲ ရွှေအစစ်များကိုသာ ရာနှုန်းပြည့်ကပ်လှူထားခြင်း ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း(ရင်ပြင် တော်တောင်ဘက်တွင်)ကျင်းပသည့် ၂ဝ၁၈-၂ဝ၁၉ ရွှေသင်္ကန်းတော်ကပ်လှူခြင်းကိစ္စ မီဒီယာရှင်းလင်းပွဲတွင် ဂေါပကအဖွဲ့၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။
''မသိနားမလည်ကြတာရယ်၊ မရှင်းလင်းမှုတွေရယ် ကြောင့် သတင်း၊ ဆောင်းပါးအမှားတွေ၊ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဖော်ပြနေတဲ့သတင်းမှားတွေကြောင့် အများသူငါ ယုံကြည်သဒ္ဓါပွားများ ကြည်ညိုနေကြတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံရိပ်ကို ထိခိုက်မှုတွေဖြစ်စေလို့ ဒါတွေနဲ့ပတ်သက်ပြီး အခုလို မီဒီယာရှင်းလင်းပွဲကို လုပ်ရ ခြင်းဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အသုံးပြုတဲ့ရွှေနဲ့ ပတ်သက်လို့ ရွှေထဲမှာ အခြားသော သတ္တုတွေရောတယ်၊ ပါဝင်နေတယ်။ မှန်ကန်မှုမရှိဘူး၊ မသမာဘူးဆိုပြီးတော့ ပြောဆိုရေးသား ဖော်ပြနေကြတာတွေ့ရတယ်။ မသိ နားမလည်လို့ ဝေဖန်ကြတာလို့ပဲမြင်ပါတယ်။ အမှန် တကယ်က နိုင်ငံတော်အစိုးရထံတင်ပြပြီးတော့ နေပြည်တော်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်း(ရာနှုန်းပြည့် နီးပါး)ရှိတဲ့ ရွှေတုံးတွေကို သွားရောက်ဝယ်ယူပြီး သက်ဆိုင်ရာဌာနတွေက အတည်ပြုပြီးဖြစ်တဲ့ အစစ်အမှန် တွေကိုသာ ကပ်လှူပူဇော်ခြင်းဖြစ်ပါတယ်။ ပြင်ပရွှေတွေကို ဝယ်ယူမှုလည်းမရှိပါဘူး''ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်က ပြောသည်။
ထိုသို့ဝယ်ယူထားသည့် ရွှေတုံးများကို ရွှေတိဂုံ စေတီတော်ပုရိဝုဏ်အတွင်းရှိ လုံခြုံစိတ်ချရသည့်နေရာ တွင် စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း၊ ရွှေပြားအဖြစ် ထုတ်လုပ်ရန် ထုတ်ယူသည့်အခါတွင်လည်း အဖွဲ့နှင့်တကွ စနစ်တကျဆောင်ရွက်ကြောင်း၊ စာရင်းရေးမှတ် စိစစ်မှု များပြုလုပ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် စီစီတီဗွီ ကင်မရာများဖြင့် ရိုက်ကူးထားပြီး ဗဟိုအဆင့်မှ ကြီးကြပ် နေသလို ဂေါပကအဖွဲ့ဝင်များအနေဖြင့်လည်း အနီးကပ်စောင့်ကြပ်မှုပြုလုပ်ကြောင်း၊ မသမာမှုများ၊ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ဂေါပက အဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။
ရွှေတိဂုံစေတီတော်ကြီး၏ ကြာမှောက်ကြာလှန်နေရာ တွင် ရွှေအရောင်များလွင့်ပြယ်ပြီး အမည်းရောင် ပြောင်းလဲ လာခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးသော ရှုထောင့်များမှ ရေးသားတင်ပြနေမှုများကြောင့် အများပြည်သူနှင့် ကမ္ဘာတစ်လွှားမှ အကြည်ညိုပျက်မှုများ မရှိစေရန်အတွက် စေတီတော်ဂေါပကအဖွဲ့အနေဖြင့် ယခုလို မီဒီယာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''စေတီတော်ရဲ့ ကြာမှောက်ကြာလှန်ဆိုတာ အနုပညာလက်ရာမြောက်တဲ့ နေရာတစ်ခုလို့ ပြောလို့ ရတယ်။ အခုလိုဒီနေရာမှာ အမည်းကွက်တဲ့ကိစ္စ ဖြစ်လာ တော့ အမျိုးမျိုးဝေဖန်ပြောဆိုရေးသားကြတာ တွေ့ရပါ တယ်။ အမှန်တကယ်က ဒီပြဿနာက ဘယ်ကစဖြစ်လဲ ဆိုတော့ ၂ဝ၁၄ ခုနှစ်မှာ ရောင်တော်ဖွင့်တာ ပြုလုပ်ခဲ့ကြ တယ်။ အဲလိုလုပ်တဲ့အခါမှာ စာချုပ် ချုပ်ထားတဲ့ကုမ္ပဏီက ဓာတုဆေးသုံးခဲ့တဲ့အတွက် ၂ဝ၁၆ ခုနှစ်မှာ အမည်းကွက်တဲ့ ကိစ္စဖြစ်လာတယ်။
ဒါနဲ့ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာလမှာပဲ ပညာရှင်တွေနဲ့ဆွေးနွေးပြီး အဖြေရှာတော့ ဓာတုပစ္စည်း တွေသုံးပြီးတဲ့အခါ ရေကိုဖောဖောသီသီမသုံးခဲ့လို့ ဖြစ်ရ တယ်ဆိုပြီး အနီးစပ်ဆုံး ကောက်ချက်ချခဲ့ကြတယ်။ ဖြစ်ချင်တော့ ရောင်တော်ဖွင့်တဲ့အချိန်မှာ စေတီတော်ရဲ့ အောက်ခြေမှာက ရွှေမျက်ပါးသင်္ကန်းတွေတစ်ပြိုင်တည်း ကပ်လှူနေတာဆိုတော့ ရေများများသုံးရင် အောက်က လုပ်တဲ့နေရာတွေ ပျက်စီးကုန်မယ်ဆိုပြီးတော့ ရေများများ မသုံးခဲ့တာကို တွေ့ရတယ်။ ပညာရှင်တွေကတော့ အဲဒီ မည်းနေတဲ့ ရွှေပြားတွေကိုဖြုတ်ပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ် ကြည့်မယ်ဆိုရင်တော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အဖြေကို ထုတ်နိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီနေရာကိုပဲ ကွက်ပြီး ရွှေပြားတွေဖြုတ်လိုက်မယ်ဆိုရင်လည်း အများအမြင်မသင့်တော်လို့ ငြမ်းဆင်တဲ့အချိန်ကျမှပဲ တစ်ခါတည်း စစ်ဆေးမယ်ဆိုပြီးတော့ ၂ဝ၁၆ ခုနှစ် ကတည်းက ညှိနှိုင်းဆုံးဖြတ်ခဲ့ကြတာပါ။ အခုလိုရွှေသင်္ကန်း ကပ်လှူမယ်ဆိုပြီး ငြမ်းဆင်နေတာပြီးရင် အဲဒါကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖွဲ့စည်းပေးတဲ့ ပညာရှင်အဖွဲ့တွေနဲ့ စစ်ဆေးပြီး ရလာတဲ့အဖြေပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သေချာတာက အရည် အသွေးကောင်းမွန်အောင် ပြန်လည်လုပ်ဆောင်သွားမှာ ပါ။ ရွှေအစစ်မဟုတ်ဘဲ ဘော်သုံးတယ်ဆိုတာ မဟုတ်ပါ ဘူး''ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ရွှေနှင့် ရတနာ တာဝန်ခံ ဦးညိုဝင်းက ပြောသည်။
ကောလာဟလဖြစ်မှုများ၊ သတင်းမှားများထွက်ပေါ် မှုများနှင့်ပတ်သက်၍ စေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးတင်ဦးက မီဒီယာဆိုသည်မှာ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် မိမိခံယူထားကြောင်း၊ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၂၆ဝဝ ကျော်ခဲ့ပြီဖြစ်ပြီး သမိုင်းဝင်၊ ကမ္ဘာကျော်စေတီတော်ကြီးပင် ဖြစ်ကြောင်း၊ သို့ဖြစ်၍ လက်လွှတ်စပယ် ထောက်ပြ ရေးသားခြင်းများကို ပြုလုပ်ရန်မသင့်ဟု ယူဆကြောင်း၊ ယခုကိစ္စကို မိမိတို့ဂေါပကအဖွဲ့ဝင်များသာမက ရွှေတိဂုံ သြဝါဒဆရာတော်ကြီးများပါ များစွာစိတ်မကောင်းဖြစ်ရ ပါကြောင်း၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် ဝိုင်းဝန်းထိန်းသိမ်း၍ အမှန် တရားကိုသာ ဝေဖန်ထောက်ပြစေလိုကြောင်း၊ ပေါ့ပေါ့ တန်တန် သဘောမထားစေလိုကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် စေတီတော်ဂေါပက အဖွဲ့ကကြီးမှူး၍ ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော် လေ့ရှိပြီး ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရွှေသင်္ကန်းကပ်လှူရန် အတွက် ငြမ်းစေတီလုပ်ငန်းစတင်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက စေတီတော်အထက်ပစ္စယံ တနင်္ဂနွေ ထောင့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း- ရာမည၊ ဓာတ်ပုံ- ရဲထွဋ်
Friday, September 21, 2018
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လှူဒါန်းထားသည့်ရွှေများမှာ အရောအနှောများမဟုတ်ဘဲ အစစ်အမှန်သာကပ်လှူထားဟု ဂေါပကအဖွဲ့ပြောကြား
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လှူဒါန်းထားသည့်ရွှေများမှာ အရောအနှောများမဟုတ်ဘဲ အစစ်အမှန်သာကပ်လှူထားဟု ဂေါပကအဖွဲ့ပြောကြား
Reviewed by Ar Ti
on
7:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment