ရန်ကုန်မြို့မှ သမိုင်းဝင်သွေးဆေးကန်
ကျွန်တော်တို့ ငယ်စဉ်ဘဝများသည် ယနေ့ခေတ်ကာလ ကလေးများကဲ့သို့ မဟုတ်ပေ...။ ယနေ့ခေတ်ကလေးများသည် များသောအားဖြင့် မိဘများနှင့် ကင်းကွာလွန်းကြသည်။
ချမ်းသာသော မိဘများက ငွေနောက် တကောက်ကောက် လိုက်ရင်းဖြင့် အချိန်များ ကုန်နေကြသကဲ့သို့၊ ဝန်ထမ်းမိဘ များသည်လည်း တာဝန်ဟူသောဖိအားဖြင့် အချိန်ကုန်နေကြ ရသည်။ မိမိကလေးများအတွက် အချိန်ပေးနိုင်မှု အလွန်ပင် နည်းခဲ့ကြသည်။
ကျွန်တော်တို့ခေတ်က အိပ်ရာဝင်ပုံပြင်များသည် အလွန် တန်ဖိုးရှိခဲ့သည်။ စိတ်ဓာတ်အားမာန်ကို ပြည့်စေသော သူရဲ ကောင်းများအကြောင်း၊ အကျင့်စာရိတ္တကောင်းဖြင့် စံနမူနာ ယူထိုက်သော ပုဂ္ဂိုလ်များအကြောင်း၊ မိမိပတ်ဝန်းကျင်တွင် လူကောင်းလူတော်တစ်ယောက်ဖြစ်စေရေးအတွက် လိုက်နာ ကျင့်သုံးနေထိုင်ရမည့် ပြည်သှူနီတိအခြေခံတရားများကို အဘိုး၊ အဘွား၊ အဖေ၊ အမေတို့ပြောပြသော အိပ်ရာဝင်ပုံပြင် များဖြင့် ကြီးပြင်းလာခဲ့ရသည်။
ယနေ့ကလေးများက မိဘချင်းပြိုင်၍ ကျောင်းမှသည် ကျူရှင်- ကျူရှင်မှသည် ကျောင်းဖြင့်သာ အချိန်များတိုက်စား သွားခဲ့ကြသည်။ ကျောင်းစာအပြင် အပြင်ဗဟုသုတ နည်းခဲ့ ကြသည်။ ပြည်သှူနီတိဆိုသည်မှာ ဘာလဲဟု မေးစရာ စကားလုံးများ ဖြစ်လာခဲ့ကြသည်။
တလောက ရွှေတိဂုံစေတီတော် မြောက်ဘက်စောင်းတန်း ရှေ့ရှိ သွေးဆေးကန်သို့ အကြောင်းတစ်ခုကြောင့် ရောက်ခဲ့ရ သည်။ ဟိုးလွန်ခဲ့သော နှစ်များစွာကနှင့်မတူ ပြောင်းလဲမှုကြီးစွာ ဖြင့် မြင်ခဲ့ရသည်။ ယခင်က ကန်အတွင်းသို့ ယတြာချေ ငါးလွှတ် ရန်အတွက် သို့မဟုတ် ငါးစာကျွေးရန်အတွက် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော လှေကားဟောင်းလေး သုံးထစ်မျှဆင်း၍ လွှတ်ရ ကျွေးရသည်။
ယခု ထိုကဲ့သို့ မဟုတ်တော့ပေ။ ငါးစာကျွေးရန်၊ ငါးလွှတ် ရန်အတွက် အကာအရံပါသော အခင်းအကျင်းဖြင့် သပ်သပ် ရပ်ရပ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ တနင်္ဂနွေနေ့ဖြစ်၍ ဘုရားခြေတော်ရင်း၌ ဘုရားဖူးလာတို့ဖြင့် စည်ကားနေသကဲ့သို့၊ သွေးဆေးကန်၌ ငါးစာကျွေးသူများဖြင့် ပြည့်နေသည်။ ကန်ရေ ပြင်မှာ အမှိုက်သရိုက်များမရှိတော့၊ အရိပ်အာဝါသကောင်း တော့ ရေပြင်ကစိမ်း၍ ကြည်လင်နေသည်။
စိမ်းနေသာ ကန်ရေပြင်ကိုကြည့်ရင်းမှ ငယ်စဉ်က အဘိုး ပြောပြခဲ့ဖူးသော သူရဲကောင်းများအကြောင်းကို ပြန်ပြောင်း သတိရမိသည်။
''ငါ့မြေးရဲ့ တို့ ရွှေတိဂုံမြောက်ဘက်မုခ်ရှေ့မှာ သွေးဆေး ကန်ဆိုတာရှိတယ်။ အင်္ဂလိပ်တွေ ရန်ကုန်ကို သိမ်းတုန်းက သိဂုင်္တ္တရကုန်းလို့ခေါ်တဲ့ ရွှေတိဂုံစေတီရင်ပြင်ပေါ်မှာ သူတို့ စစ်စခန်းချခဲ့တယ်။ အဲဒါကို တို့မြန်မာစစ်သူရဲကောင်းတွေက ရွပ်ရွပ်ချွံချွံတက်တိုက်ခဲ့တာ ဓားဆိုတာ လက်ထဲမှာ သွေး တွေနဲ့စေးကပ်ပြီး ခွာလို့မရအောင် ဖြစ်ခဲ့ကြရတယ်။ ဓားနဲ့ လက်မှာပေနေတဲ့ သွေးတွေကို အဲဒီကန်မှာ ဆေးခဲ့ကြရလို့ 'သွေးဆေးကန်'လို့ ခေါ်တာကွ''ဟု ပြောပြခဲ့သည်များကို ပြန်လည်ကြားယောင်လာမိသည်။
ကန်ဝန်းကျင်သည် စိမ်းလန်းသောမြက်ခင်းတို့ဖြင့် စိုပြည် နေသည်။ ပန်းခြံငယ်လေးအသွင်သ္ဌာန် ပြုပြင်ထားသည်။ အတွင်း၌ တူနှစ်ကိုယ်လူငယ်မောင်မယ်များ၊ အမှတ်တရအဖြစ် စိုက်ထူထားသော ရုပ်တုရှေ့၌ မိသားစုအလိုက် ဓာတ်ပုံရိုက်နေ ကြသည်ကို တွေ့ရ၍ ပိုမိုစိတ်ဝင်စားလာခဲ့သည်။ အတွင်းလမ်း တစ်ဖက်စီမှလှည့်၍ ခြံအတွင်းသို့ ဝင်ရောက်ခဲ့သည်။
စိုက်ထူထားသော အုတ်ခုံထက်ဝယ် ရှေးခေတ်ဟန် အမျိုးသားကြီးတစ်ဦးက ဓားသွေးနေသည့်ပုံဖြစ်ပြီး၊ နောက်ထပ် ရုပ်တုတစ်ခုမှာ အမျိုးသားကြီးလက်အတွင်းမှ ဓားအား လုံမငယ်တစ်ဦးက ရေအိုးဖြင့် ရေလောင်းပေးနေသည့်ဟန် ဖြစ်သည်။
အမျိုးသားကြီးမှာ အပေါ်ပိုင်းအင်္ကျီဗလာဖြင့် ဖြစ်သည်။ သျှောင်တစောင်းထုံးထားပြီး မျက်ခုံး၊ မျက်လုံး၊ နဖူးတို့က ပီပြင်လွန်းလှသည်။ ကျယ်ပြန့်သော ရင်အုပ်နှင့်ြ<ွကက်သား၊ လက်မောင်း လက်ဖျံတို့ကအစ အားကျအတုယူစရာ ယောက်ျား ကောင်းတစ်ဦးအသွင်ရှိနေသည်။ နယ်ချဲ့တို့အား တွန်းလှန်ခဲ့ သည်မှာ ဤကဲ့သို့သော အားကောင်းမောင်းသန် သူရဲကောင်း ကြီးများပါတကားဟု ဂုဏ်ယူစွာဖြင့် တစိမ့်စိမ့်ကြည့်နေမိခဲ့ သည်။ ကျောက်တုံးထက်၌ ဓားသွေးနေပုံကလည်း ပန်းပုထု သူ၏ ပညာဖြင့် မာန်ပါလှသည်။
နောက်ထပ်ရုပ်တုမှာ နှစ်ရုပ်ဖြစ်သည်။ သူရဲကောင်းကြီး၏ ဓားကို လုံမငယ်တစ်ဦးက အိုးဖြင့် ရေလောင်းပေးနေပုံ ဖြစ်သည်။ သူရဲကောင်းကြီးမှာ အပေါ်အင်္ကျီဗလာ၊ ပုဆိုးကို ခါးတောင်းမြှောက်အောင် ကျိုက်ထားပြီး ကိုယ်တစောင်း ညွတ်ကာ လက်အတွင်းရှိ ဓားပေါ်မှ ပေနေသည့် ရန်သှူသွေး များကို ဆေးနေသည့်ပုံဖြစ်သည်။
လုံမငယ်မှာလည်း ထိုခေတ်ထိုအခါက ဝတ်စားဆင်ယင် ပုံအတိုင်း လုံလုံခြုံခြုံရှိလှသည်။ ဦးခေါင်းထက်၌ မြို့ပြတွင် မြင်ရခဲသော ဆံရစ်ဝိုင်းဖြင့် ဖြစ်သည်။ ကမ္ပည်းမှတ်တမ်းအရ မြန်မာမှုပန်းပုပညာရှင်ဆရာကြီး ဦးဟန်တင်၏ ကြေးသွန်း လက်ရာဖြစ်ကြောင်း သိရသည်။
ငယ်စဉ်က အဘိုးပြောခဲ့သည့် အချို့သော သူရဲကောင်းများ ရာဇဝင်များကို အရွယ်ရောက်သည့်အခါ အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ပါးစပ်ရာဇဝင်တစ်ခုဟု ပေါ့ပေါ့တန်တန် အတွေးရောက်ခဲ့သည် များ ရှိခဲ့ဖူးသည်။
ယနေ့ ထိုရုပ်တုအခြေ၌ ရေးထိုးထားသော ကမ္ပည်းကို ဖတ်လိုက်ရသည့်အခါ တကယ့်ဖြစ်စဉ်များဖြင့် ယှဉ်တွဲနေသော သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်လာမိခဲ့ သည်။
ထိုကမ္ပည်းစာမှာ ''သွေးဆေးကန်သမိုင်း''ဟု ခေါင်းစီး တပ်ထားပြီး အောက်၌ ရှေးယခင်ကတည်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော်ပေါ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီး၏ မြောက်ဘက်စောင်းတန်းဝင်ပေါက်ရှေ့ တည့်တည့် လက်ယာဘက်တွင် ရေကန်ငယ်တစ်ခုရှိခဲ့ပါသည်။ ၁၈၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ တွင် မြန်မာ့တပ်သားများသည် ရွှေတိဂုံစေတီတော် မြောက်ဘက် စောင်းတန်းမှ ကုန်းပေါ်၌ တပ်စွဲထားသော အင်္ဂလိပ်စစ်တပ်ကို ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာ့တပ်သားများ သည် တိုက်ပွဲဝင်ဓားများတွင် ပေနေသောသွေးများကို အဆိုပါ ရေကန်၌ ဆေးကြောခဲ့ကြ၍ 'သွေးဆေးကန်' ဟူ၍ အဆိုရှိခဲ့ ကြောင်း မှတ်တမ်းများအရ သိရပါသည်။
၁၉၉၁ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက အာဇာနည်လမ်းဘေးရှိ သွေးဆေး ကန်အနီး အကျယ်အဝန်းမြေဧကတစ်ဧက၌ အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ပန်းခြံငယ်တစ်ခု တည်ဆောက်ခဲ့ပြီး 'သွေးဆေးကန်ပန်းခြံ ' ဟု အမည်ပေးခဲ့ပါသည်။
ယင်းပန်းခြံအတွင်း၌ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း မြန်မာတပ်သားတို့၏ တိုက်ပွဲဝင်ဓားများတွင် ပေနေသော သွေးများကို ဆေးကြောနေသည့်အဓိပ္ပာယ်ပုံစံကို ပန်းပုဆရာကြီး ဦးဟန်တင်က ဖော်ကျူးထုလုပ်၍ အထိမ်းအမှတ်ïပ်တုအဖြစ် တည်ဆောက်ထားခြင်းဖြစ်သည်'' ဟု ရေးထိုးထားသည်ကို လေ့လာတွေ့ရှိရသည်။
ထိုကမ္ပည်းစာကိုဖတ်ပြီးနောက် ထပ်မံပြီး သိချင်စိတ်က စစ်ပွဲတွင် မြန်မာသူရဲကောင်းကြီး မည်သူမည်ဝါတို့က ဦးဆောင် တိုက်ခိုက်ခဲ့ကြောင်းကို အလွန်သိချင်လာမိသည်။
ဤအကြောင်းကို စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဌေး ကို ပြောပြမိရာ သူမက ''ဆရာသိချင်ရင် သမီးဌာနက စာအုပ် တွေထဲမှာ ရှာပေးမယ်'' ဆို၍ 'သတင်းစာဆရာဦးသိမ်းမောင်' ၏ ''မြန်မာသူရဲကောင်း'' စာအုပ်ဟောင်းတစ်အုပ်ကို ရှာဖွေ ပေးခဲ့သည်။
ထိုစာအုပ်ထဲတွင် ''မြို့လတ်ဝန်မင်းကြီး မဟာမင်းလှ မင်းခေါင်ကျော် အုပ်ချုပ်သောတပ်မှာ အရှေ့မျက်နှာ ပုဇွန် တောင်ကလှည့်၍ ရန်ကုန်သို့ချဉ်းကပ်တိုက်ခိုက်ရမည်။ မင်းထင် မင်းခေါင်အုပ်ချုပ်သောတပ်မှာ မြောက်မျက်နှာ ဆံတော်ကြို လမ်းမှဝင်၍ ချဉ်းကပ်တိုက်ခိုက်ရမည်။ အတွင်းဝန်ကြီး မဟာမင်းလှရာဇာအုပ်ချုပ်သောတပ်မှာ သိင်္ဂုတ္တရကုန်းတွင် ရှိသည့် ကုလားဖြူ၊ ကုလားနက်တို့ကို စီးနင်းတိုက်ခိုက်ရမည်။ လက်ဝဲဝင်းမှူးကြီး မဟာမင်းလှဇေယျသူ၊ စားတော်ဝန် မင်းလှ မင်းခေါင်တို့ အုပ်ချုပ်သောတပ်များ အနောက်မျက်နှာ ကြည့်မြင် တိုင်မှသည် ရန်ကုန်သို့ဝင်၍ ချဉ်းကပ်တိုက်ခိုက်ရမည်။ ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်အုပ်ချုပ်သောတပ်မှာ ဒလဘက် ''ပိုင်တူ''ဆိပ်မှနေ၍ ရန်ကုန်သို့ ချဉ်းကပ်တိုက်ခိုက်ရမည်ဟု အသီးသီးစီမံနေရာချထားပြီးလျှင် စစ်သူကြီး မဟာဗန္ဓုလ ကိုယ်တိုင်နောက်တပ်မပြုလုပ်အုပ်စီး၍ အပြင်းအထန် တိုက်ခိုက် ရန် အောင်စည်အောင်မောင်း ဆော်ရွမ်းတီးခတ်လျက် ချီတက် ကြလေ၏'' ဟု မှတ်တမ်းပြု ရေးသားထားသည်ကို ဖတ်ရှု လေ့လာခွင့်ရခဲ့သည်ဖြစ်ရာ ရွှေတိဂုံစေတီတော်ကုန်းတော် ဝန်းကျင်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတို့မှာ မည်မျှပြင်းထန်ခဲ့ ကြောင်း၊ မြန်မာတို့၏ သူရသတ္တိနှင့်ဇွဲတို့မှာ အလွန်ပင် ကြီးမား ခဲ့ပုံကို မှန်းဆကြည့်နိုင်မည် ဖြစ်ပေသည်။ နယ်ချဲ့ရန်သူတို့ကို ရှင်းလင်းသုတ်သင်ခဲ့ရသော တိုက်ပွဲဝင်ဓားများ မည်သည့် အတိုင်းအတာအထိ သွေးများစွန်းပေနေခဲ့ကြောင်း၊ မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်သော်လည်း တိုက်ပွဲဝင်ဓားများနှင့် လက်တို့တွင် စီးဆင်းနေသည့်သွေးများကို ဤကန်ငယ်တွင် ဆေးကြောခဲ့ရသည်ကိုတော့ဖြင့် ဧကန်မုချ သမိုင်းမှတ်တမ်း တစ်ရပ်အဖြစ် ထင်လင်းစွာ တွေ့မြင်လာရပြီဖြစ်ရာ ရန်ကုန်မြို့ တစ်နေရာမှ သမိုင်းဝင်မှတ်တမ်းတစ်ခုအဖြစ် ဖော်òန်းရေးသား လိုက်ရပါသည်။ ။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment