Latest News

Wednesday, September 12, 2018

ပုံမှန်အရောင်းအ၀ယ်နှင့် ညာမောင်းများ၊ ဈေးတက်သွားသည့်ကားသစ်များနှင့် ငြိမ်သက်နေသည့် စလစ်များ

ပုံမှန်အရောင်းအ၀ယ်နှင့် ညာမောင်းများ၊ ဈေးတက်သွားသည့်ကားသစ်များနှင့် ငြိမ်သက်နေသည့် စလစ်များ


ယခုသီတင်းပတ်အတွင်း ရောင်းချနေကျဖြစ်သည့် တစ်ပတ်ရစ် ဂျပန်ညာမောင်း ကားများအရောင်းအဝယ်ဖြစ်နေပြီး ပွင့်လင်း ရာသီအကြို မေးမြန်းခြင်း၊ လေ့လာခြင်းနှင့် ဈေးစကားကြိုတင်ပြောဆိုခြင်းများလည်း ပြုလုပ်နေကြသည့်အတွက် ကားဈေးကွက် အနည်းငယ် သွက်လက်နေကြောင်း ကားလောကသားများက ပြောကြားသည်။

''မိုးလေကလည်း ကင်းတော့မယ်လို့ ထင်ကြတယ်။ ပြီးတော့ အများစုက မျှော်တာတွေများပြီး ရောင်းလည်းမရောင်းကြဘူး။ ဝယ်မယ့်သူကလည်း မဝယ်ကြဘူး။ ဒီလို ဖြစ်တာ သင်္ကြန်အပြီး မိုးဦးမကျခင်ကတည်းကပဲလေ။ အခုတော့ လိုတဲ့သူတွေလည်း များလာတယ်။ ရောင်းချင်တဲ့သူတွေလည်း များလာတယ်။ အရင်ထက်စာရင်တော့ ပြီးခဲ့တဲ့ သီတင်းပတ်ဟာ အရောင်းအဝယ် အနည်းငယ်မြင့်ခဲ့တယ်''ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုကျော်ဇေယျာဝင်းက ပြောသည်။

အများစုသည် ဂျပန်ညာမောင်း စတိနံပါတ်ကားငယ်များနှင့် နံပါတ်နိမ့်ကားများကို စိတ်ဝင်စားမှုမြင့်တက်လာကြပြီး တစ်နေ့လျှင် အရောင်းအဝယ်  သုံးခုထက်မနည်း ဖြစ်လာကြောင်း ကားပွဲစားတစ်ဦးက ပြောပြသည့်အပြင်   ''စတိကားတွေကတော့  အခုအချိန်မှာ  ဈေးလည်း မြင့်မားသလို သည်းခြေကြိုက်တဲ့ ကားမျိုးပဲလေ။ ဒါကြောင့် အရောင်းအဝယ်က ပုံမှန်အဖြစ်ဆုံးထဲမှာ ပါပါတယ်။ နောက်ပိုင်း ကိုယ်လိုချင်ရင်တောင် ဝယ်ဖို့ခက်ပြီလေ။ အဲဒီအခါကျ ကုန်သည်ပွဲစားတောင်းတဲ့ဈေးပေးရမှာမျိုးပဲ။ ညာမောင်းလိုချင် ရင်တော့ ဒီကားလေးတွေ အဆင်ပြေတယ်''ဟု ¤င်းက ဆက်ပြောသည်။
ထို့အပြင် ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သည့် မော်တော်ကားများ အရောင်းအဝယ်ပြန်လည်မြင့်တက်လာနိုင်ရန် အရောင်း မြှင့်တင်မှုများ ပြုလုပ်လာကြသည်ကို မြင်တွေ့ရပြီး တစ်ဖက်တွင်လည်း ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် ကားအချို့ ဒေါ်လာ ဈေးမြင့်တက်သည်ကို အကြောင်းပြုကာ ဈေးနှုန်းများ လိုက်ပါမြင့်တက်လာသည်ကိုလည်း သိရသည်။
ကားတင်သွင်းမှုများတွင်လည်း ယခုနှစ် နှစ်ဝက်ကာလသို့ ရောက်ရှိလာသော်လည်း မော်တော်ကားမှာယူတင်သွင်းသည့် ပမာဏမှာ အလွန်နည်းပါးနေသည်ကို မြင်တွေ့ရကြပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက များစွာကျဆင်းနေသည်ကို ကားလောကသား များထံမှ  သိရပြီး ယခုနှစ်တွင် ပါမစ်များဖြင့်တင်သွင်းသည့်  အရေအတွက်လည်း  နည်းပါးသွားခြင်း၊ နိုင်ငံခြားငွေဈေးနှင့် ဘယ်မောင်းစနစ်တို့ကြောင့် တင်သွင်းသူများ မရှိသလောက်နည်းပါးရခြင်း ဖြစ်သည်။

ဒေါ်လာဈေးမြင့်မားခြင်းကြောင့် ကားသစ်များ၏ ဈေးနှုန်းမှာ မြင့်တက်နေပြီး ရန်ကုန်လိုင်စင်များ ရရှိနိုင်ရန် မသေချာသေး ခြင်းကြောင့်လည်း အရောင်းအဝယ်အတွက်များစွာ ထိခိုက်နေကြရကြောင်း ကားလောကသားများထံမှ သိရသည်။ ရှေ့လအတွင်း ရန်ကုန်လိုင်စင်ချထားပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း ပြောကြားထားခဲ့ခြင်းကြောင့် အောက်တိုဘာလအတွင်း ရန်ကုန်လိုင်စင် လျှောက်ထားကြရန်လည်း စိုင်းပြင်းနေကြပြီ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စလစ်ဈေးနှုန်းများ တည်ငြိမ်နေပြီး ငွေကျပ် ၁၂၆ သိန်းပတ်လည်ဖြင့် ငြိမ်သက်လျက်ရှိသည်။ အရောင်း အဝယ်အေးသော်လည်း ဈေးမာနေခြင်းကြောင့် အထိုက်အလျောက် ငွေကစားနိုင်သူများက စလစ်ဝယ်ယူကာ လက်ဦးမှုရရှိရန် ပြင်ဆင်နေကြသော်လည်း ဘယ်မောင်းကားများထက် လက်ရှိဈေးကွက်တွင် ညာမောင်းကားများကသာ အရောင်းအဝယ်ကို ဦးဆောင်နေဆဲအခြေအနေကို မြင်တွေ့ရသည်။       ။

မင်းသော်

No comments:

Post a Comment