Latest News

Sunday, September 2, 2018

အာဖရိက ထွန်းသစ်စ ဈေးကွက်နိုးထလာ

အာဖရိက  ထွန်းသစ်စ ဈေးကွက်နိုးထလာ

ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးသောအခါ လစ်လပ်သွားသောစီးပွားရေးလေဟာနယ်ကို ဖြည့်တင်းနိုင်ရန် အတွက် ယခုပင် အာဖရိကတိုက်ဘက်သို့ ဦးလှည့်လိုက်သူမှာ ဝန်ကြီးချုပ် ထရီစာမေ ဖြစ်၏။ မေသည် ဝန်ကြီးချုပ်အဖြစ်
အာဖရိကတိုက်သို့ ပထမဆုံးအကြိမ် ခရီးနှင်ခဲ့ရာတွင် ယင်းဒေသရှိ နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှု အောတိုက်ပြုလုပ်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့၏။

ဗြိတိန်နိုင်ငံက အာဖရိကတိုက်၌ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်ခြင်းသည် အီးယူမှ သူ၏ နိုင်ငံ နုတ်ထွက်ပြီးချိန်နောက် ပိုင်း အကောင်အထည်ဖော်မည့် ရည်မှန်း ချက်နှင့်အညီဖြစ်ကြောင်း ဝန်ကြီးချုပ်မေက ထုတ်ပြန်ကြေညာခဲ့သည်။

အာဖရိကတိုက်သို့ သွားရောက်သည့် သုံးရက်ကြာ  ခရီး
စဉ်၏  ပထမခရီးတစ်ထောက်ရပ်နားရာ နိုင်ငံအဖြစ် တောင်
အာဖရိကနိုင်ငံသို့ သြဂုတ် ၂၈ ရက်က ရောက်ရှိလာခဲ့သူ မေ
သည်     ကိဗ်တောင်းမြို့၌ သမ္မတဆိုင်ရီးလ်ရာ မာဖိုဆာ
နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အလုပ်အကိုင်များ ဖန်တီး

အာဖရိက ဈေးကွက်များအား အကူအညီပေးနိုင်ရန် ပေါင်ငွေ     လေးဘီလီယံ(ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ)
ရင်းနှီးမြှုပ်နှံ     ပါမည်ဟုဝန်ကြီးချုပ် မေက ကိဗ်တောင်း
မြို့၌   မိန့်ခွန်းပြောကြားရာတွင်       ဖော်ညွှန်းခဲ့သည်။   အာဖရိကတိုက်ရှိ စီးပွားရေးထွန်းသစ်စနိုင်ငံများ၌ ဗြိတိန်
နိုင်ငံ   ရင်းနှီးမြှုပ်နှံခြင်းဖြင့် အလုပ်အကိုင်    နေရာများ
ဖန်တီးပေးနိုင်မည် ဆို၏။

လာမည့်နှစ်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်
ခြင်းမရှိမီ အာဖရိကတိုက်သို့ သွားရောက်ခြင်းမှာ ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဖက်ပြုဆောင်ရွက်ရေး ရည်မှန်းချက် ကို အခိုင်အမာ ပြသလိုက်ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးခြင်းဖြင့် အာဖရိကနိုင်ငံများ၌ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကာ ဒေသဆိုင်ရာ တည်ငြိမ်မှု
နှင့် လုံခြုံရေးတို့အတွက်လည်း အထောက် အကူဖြစ်စေမည်ဟု ဝန်ကြီးချုပ်မေက ဆို သည်။

ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေ အများဆုံးနေထိုင်ရာ ကုန်းမြေတိုက်ကြီးဖြစ်သော အာဖရိကတိုက်နှင့် ကုန်သွယ်ရေး
ဆက်ဆံမှုမြှင့်တင်ရေးမှာလည်း မိမိ၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည်ဟု မေက ထုတ်ဖော်ပြောဆိုခဲ့သည်။

အာဖရိကတိုက်၌     ဗြိတိန်နိုင်ငံက တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းသည်  ယင်းဒေသ၌ ကာလတို ဆင်းရဲမွဲတေမှုလျှော့ချ ရေးအတွက် မဟုတ်မူ၍ ကာလရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေ ရန်သာဖြစ်ကြောင်း မေက သူ၏ မူဝါဒအရွေ့ကို ရှင်းပြသည်။

ဗြိတိန်နိုင်ငံသည်  အာဖရိက နိုင်ငံများ အား တန်းတူရည်တူရှိသော လုပ်ဖော်ကိုင်ဖက်နိုင်ငံများအဖြစ် သတ်မှတ်ထား ကြောင်း၊ ဗြိတိန်ကုမ္ပဏီများသည် အာဖရိကအနောက်ပိုင်းရှိ နိုင်ငံများဖြစ်ကြသော
အိုင်ဗရိကို့စ်နှင့် ဆီနီဂေါနိုင်ငံတို့ကဲ့သို့ သော နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှု မြှင့်တင်သွားမည်ဖြစ်ကြောင်း မေက ပြော
ကြားသည်။

တီထွင်ဆန်းသစ်မှု

ဗြိတိန်နိုင်ငံသည် အာဖရိကတိုက်ရှိ လူငယ်အင်အားစု၏ တီထွင်ဆန်းသစ်မှုနှင့် တီထွင်ဖန်တီးနိုင်မှု စွမ်းပကားတို့ကို အသုံး
ချကာ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။

ဝန်ကြီးချုပ်မေသည် ကိဗ်တောင်းမြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူများနှင့်   တွေ့ဆုံခဲ့သည်။ ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များ၌ အာဖရိက ကျောင်းသား ကျောင်းသူများ ပညာရည်နို့သောက်စို့နိုင်စေရန် ပညာသင် ဆုများ ချီးမြှင့်ပေးမည်ဟု ဝန်ကြီးချုပ်မေ က ထုတ်ဖော်ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံသည် ၂ဝ၂၂  ခုနှစ်ထက် နောက်မကျဘဲ စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံ အုပ်စု (ဂျီ-၇) ဝင် နိုင်ငံများအနက် အာဖရိက   
တိုက်၌ အများဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားသော အမေရိကန်ပြည်ထောင်စု၏ နေရာကို လွှဲပြောင်းရယူသွားရန် ရည်မှန်း ထားသည်။

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ နုတ်ထွက်သွားသည့်တိုင်အောင် အာဖရိကတိုက်ရှိ နိုင်ငံများနှင့် ရရှိထားပြီးဖြစ်သော စီးပွားရေးဆက်ဆံမှုများကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ဆိုသည်။ တောင်
အာဖရိက အကောက်ခွန်သမဂ္ဂနှင့်လည်း ကောင်း၊  မိုဇမ်ဘစ်နိုင်ငံနှင့်လည်းကောင်း စီးပွားရေးဆက်ဆံမှုများ  ဆက်လက်ရှိနေ
မည်သာဖြစ်ကြောင်း ဝန်ကြီးချုပ် မေက ပြောကြားသည်။

အာဖရိကတိုက်၌ လာရောက်ရင်းနှီး မြှုပ်နှံနေသည့်  တရုတ်နှင့် အမေရိကန်တို့ ကဲ့သို့သော  စီးပွားရေး  အင်အားရှင်နိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် ယခုလောလောဆယ် တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုနည်းပါးနေမည်
ဖြစ်သော်လည်း ကာလရှည်တွင် အာဖရိက
တိုက် နိုင်ငံများအတွက် အခွင့်အလမ်းသစ် များ ပေးစွမ်းနိုင်မည့် နိုင်ငံအဖြစ် ဗြိတိန် ရပ်တည်သွားမည်ဆို၏။

အာဖရိကတိုက်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ရာတွင် ယင်းဒေသ၌ လုံခြုံမှုတိုးတက် ကောင်းမွန်လာစေရေးအတွက်လည်း ဦး
တည်ကြိုးပမ်းရန် လိုအပ်မည်ဖြစ်သည်။ အာဖရိကတိုက်ရှိ ချဒ်၊ မာလီနှင့် နိုင်ဂျာ နိုင်ငံတို့ကဲ့သို့ နိုင်ငံများ၌ အစ္စလာမ္မစ် အစွန်းရောက်ဝါဒီများ၏ ခြိမ်းခြောက်မှုများရှိနေခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးရေးမှာ ထိခိုက်
ရသည်။

နိုင်ဂျီးရီးယားခရီးစဉ်

ဝန်ကြီးချုပ်မေသည် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့သို့ သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ဝန်ကြီးချုပ်မေသည် နိုင်ဂျီးရီးယားသမ္မတ မူဟာမာဒူးဘူဟာရီနှင့် တံခါးပိတ် အစည်းအဝေးပြုလုပ်ခဲ့သည်။ ဗြိတိန်နှင့်
နိုင်ဂျီးရီးယားခေါင်းဆောင်တို့သည် လုံခြုံရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုမြှင့်တင်ရေး နှင့်ပတ်သက်၍လည်းကောင်း၊ ၂ဝ၁၉ ခုနှစ်
တွင် နိုင်ဂျီးရီးယားနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

ခေတ်သစ်ကျေးကျွန်စနစ်

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ ကြပြီးနောက် ကုန်သွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး  သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ်မေသည် လေဂို့စ်ပြည်နယ်၏ မြို့တော် လေဂို့စ်မြို့သို့လည်းသွားရောက်ခဲ့ပြီး   ခေတ်သစ်ကျေးကျွန်စနစ်၏ သားကောင်ဖြစ်ခဲ့သူများနှင့် တွေ့ဆုံနိုင်ရန် ပရဟိတ အဖွဲ့အစည်းတစ်ရပ်ဖြစ်သော ကယ်တင်ရေးတပ်ဦးသို့ သွားရောက်ခဲ့ သည်။

ဗြိတိသျှလူမျိုး   ရင်းနှီးမြှုပ်နှံသူများ လေဂို့စ်မြို့၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လေဂို့စ်ပြည်နယ်အုပ်ချုပ်ရေးမှူး အမ်ဘော က တိုက်တွန်းပြောကြားခဲ့သည်။ လေဂို့စ်
မြို့သည် နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်နယ်များ အနက် လူဦးရေအများဆုံး ပြည်နယ်ဖြစ် သည်။ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှုန်း ဖြင့် ဖွံ့ဖြိုးစည်ပင်နေသော မြို့ကြီးများတွင် ယင်းမြို့ပါဝင်ပြီး အာဖရိကတိုက်၏ ဘဏ္ဍာရေး အချက်အချာတစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။

ဝန်ကြီးချုပ်မေသည်   လေဂို့စ်မြို့၌
နိုင်ဂျီးရီးယားစီးပွားရေး အသိုက်အဝန်းနှင့် တွေ့ဆုံခဲ့ရာတွင် ယင်းနိုင်ငံ၏ ကုဋေကြွယ် သူဌေးကြီး သုံးဦးလည်း ပါဝင်ဆွေးနွေးခဲ့ သည်။

ဝန်ကြီးချုပ်မေသည် ကင်ညာနိုင်ငံသို့ သြဂုတ် ၃ဝ ရက်တွင် ရောက်ရှိခဲ့သည်။

ဗြိတိသျှ ကိုလိုနီနယ်မြေဟောင်းဖြစ်သော ကင်ညာနိုင်ငံသည် ဗြိတိန်နိုင်ငံ၏ အရှေ့အာဖရိက မဟာမိတ်နိုင်ငံဖြစ်သည်။ ဗြိတိန်စစ်ဘက်သည် ကင်ညာတပ်ဖွဲ့ဝင် များအား စစ်ရေးလေ့ကျင့်ပေးမှုကို  နှစ်
ပေါင်းကြာရှည် ပြုလုပ်လာခဲ့သည်။

ဝန်ကြီးချုပ်မေသည် မြို့တော်နိုင်ရိုဘီရှိ ဗြိတိသျှတပ်ဖွဲ့ထံသို့ အလည်အပတ်သွား ရောက်ခဲ့သည်။ အဆိုပါ ဗြိတိသျှတပ်ဖွဲ့
သည် ဆိုမာလီနိုင်ငံ၌ အာဖရိကသမဂ္ဂ (အေယူ)က ဆောင်ရွက်နေသော ငြိမ်းချမ်း ရေး ထိန်းသိမ်းမှုမစ်ရှင်လုပ်ငန်းအတွက်
ဒေသဆိုင်ရာ တပ်ဖွဲ့ဝင်များကို လေ့ကျင့် ပေးလျက်ရှိသည်။ ဆိုမာလီနိုင်ငံ၌ အယ်လ်ခိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်မှုရှိသော အယ်လ် ရှာဘတ်အစွန်းရောက်အဖွဲ့၏   ခြိမ်းခြောက်မှုရှိနေသည်။

အာဖရိကသမဂ္ဂ၏   ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်   လုပ်ငန်းအတွက် အထောက်အပံ့  ပေးနိုင်ရန်လည်းကောင်း၊ မိုးခေါင်မှုဒဏ်ခံနေရသော  အိမ်နီးချင်း  ဆိုမာလီနိုင်ငံအတွက် ရန်ပုံငွေ
ထောက်ပံ့ပေးရန်    လည်း ကောင်း   ဝန်ကြီးချုပ်မေက
ထုတ်ပြန်ကြေညာခဲ့သည်။

ကုန်ထုတ်လုပ်မှု အခြေခံ

အာဖရိက    တိုက်သည် သဘာဝသယံဇာတ အရင်း
အမြစ် ပေါကြွယ်သော်လည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်
မှု   နောက်အကျဆုံးဒေသအဖြစ် ရပ်တည်နေရဆဲဖြစ်
သည်။ နည်းပညာဆိုင်ရာ  အခြေခံ အဆောက်အအုံ ပြည့်စုံ
ကုံလုံမှုမရှိခြင်း၊ ရာဇဝတ်ပြစ်မှု ထူပြောခြင်း၊ အဂတိလိုက်စားမှု
များပြားခြင်း စသည့်အကြောင်းတရားများအရ  နိုင်ငံတကာ 
ရင်းနှီး     မြှုပ်နှံသူများသည် အာဖရိက   ဈေးကွက်ကို အန္တရာယ်ရှိသော ဈေးကွက်အဖြစ် ယခင်က  ရှုမြင်ခဲ့ကြသည်။

သို့ရာတွင် ယနေ့ကာလ၌ အာဖရိကတိုက်သည် စွန့်စား
ရင်းနှီးမြှုပ်နှံသူများအတွက် အန္တရာယ်နည်းပါးလာသော ဒေသအဖြစ် ရှုမြင်လာကြ သည်။ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှုန်းဖြင့် လူဦးရေတိုးပွားနေသော ဒေသဖြစ်သည်နှင့်အညီ ကုန်ထုတ်လုပ်မှု  လုပ်ငန်း
များအတွက် အခြေခံလူ့စွမ်းအား အရင်းအမြစ်ကို အလုံအလောက် ထောက်ပံ့ပေး နိုင်သည်။

တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ဘရာဇီးနိုင်ငံ တို့သည် အာဖရိကတိုက်နှင့် စီးပွားရေး ဆက်ဆံမှု မြှင့်တင်လျက်ရှိနေချိန်တွင် ဗြိတိန်နိုင်ငံကလည်း   ယင်းဒေသနှင့် စီးပွားရေးဆက်ဆံမှုတိုးမြှင့်နိုင်ရန် ကြိုးပမ်း လာပုံကို တွေးတောမိရင်း ''အာဖရိက ထွန်းသစ်စ ဈေးကွက် နိုးထလာ'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။     ။

Ref: Britain's Prime Minister Pledges $ 5.1 Billion In Investment In Africa (NPR)
ကို    ရင်  သြ

No comments:

Post a Comment