Latest News

Wednesday, September 12, 2018

ရုရှား၏ အကြီးကျယ်ဆုံးသော စစ်ရေးလေ့ကျင့်မှု စစ်သည်သုံးသိန်းနှင့်အတူ စစ်ယာဉ်များစွာ ပါဝင်

ရုရှား၏ အကြီးကျယ်ဆုံးသော စစ်ရေးလေ့ကျင့်မှု
စစ်သည်သုံးသိန်းနှင့်အတူ စစ်ယာဉ်များစွာ ပါဝင်

မော်စကို   စက်တင်ဘာ   ၁၁

ရုရှားနိုင်ငံက  ပြုလုပ်ခဲ့ဖူးသမျှ  စစ်ရေးလေ့ကျင့်မှုများ အနက် အကြီးကျယ်ဆုံးသော စစ်ရေးလေ့ကျင့်မှုကြီးကို စက်တင်ဘာ ၁၁ ရက်တွင် စတင်ပြုလုပ်ကြောင်း၊ ယင်း စစ်ရေး လေ့ကျင့်မှုကြီးတွင် စစ်သည် ၃ဝဝဝဝဝ ပါဝင် ပြီး ရုရှားတပ်ဖွဲ့ဝင်များနှင့်အတူ တရုတ် တပ်ဖွဲ့ဝင် များလည်း ပါဝင်လေ့ကျင့်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဗော့စတော့ခ်-၂ဝ၁၈   (အရှေ့-၂ဝ၁၈)ဟု အမည် ပေးထားသည့် ရက်သတ္တနှစ်ပတ် ကြာမြင့်မည့် စစ်ရေး လေ့ကျင့်မှုကြီးကို ရုရှားအရှေ့ဖျားဒေသနှင့်  ပစိဖိတ် သမုဒ္ဒရာတွင် ဖွင့်လှစ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

စစ်ရေးလေ့ကျင့်မှု၏ကနဦးအဆင့်တွင် စစ်ဘက် ဆိုင်ရာယာဉ်များ၊ စစ်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များ နှင့် စစ်ရေယာဉ်များ နေရာယူပုံများကို ဗီဒီယိုပုံရိပ်များ အဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုကြီးတွင်    တရုတ်နှင့် မွန်ဂိုလီးယား တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် လက်နက်ကိုင်ပဋိပက္ခကြီးတစ်ရပ် အတွက် ဝတ်စုံပြည့်လေ့ကျင့်မှုအဖြစ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)က ပြစ်တင်ဝေဖန်ခဲ့သည်။

မျှော်လင့်ရ

ရုရှားနိုင်ငံ အရှေ့ဖျားမြို့တော် ဗလာဒီဗော့စတော့ တွင် ကျင်းပမည့် စီးပွားရေးဆိုင်ရာ ဖိုရမ်သို့ သမ္မတ ဗလာဒီမာပူတင် တက်ရောက်ပြီးသည့်အခါ စစ်ရေး လေ့ကျင့်ပွဲကြီးကို တက်ရောက်ကြည့်ရှုမည်ဟု မျှော်လင့် ရသည်။ အဆိုပါ စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အရေးပါသော ဧည့်သည်တော်များ ထဲတွင် တရုတ် သမ္မတ ရှီကျင့်ဖျင်လည်းပါဝင်သည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဆီးရီးယား နှင့်   ယူကရိန်းအရေးတို့တွင် လည်းကောင်း၊ အနောက် အုပ်စုနိုင်ငံများ၏ အရေးတွင် လည်းကောင်း ရုရှားက ဝင်ရောက်စွက်ဖက်မှုများရှိသည်ဟူသော စွပ်စွဲမှုများ ကြောင့် အနောက်အုပ်စုနှင့် ရုရှားနိုင်ငံအကြား တင်းမာမှု များ  မြင့်တက်နေစဉ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခြင်း ဖြစ်သည်။

အကြီးကျယ်ဆုံး

ယခုပြုလုပ်သော အရှေ့-၂ဝ၁၈ စစ်ရေး လေ့ကျင့်မှု ကြီးတွင် တပ်ဖွဲ့ဝင်ဦးရေ ၃ဝဝဝဝဝ၊ စစ်သုံးယာဉ်စီးရေ ၃၆ဝဝဝ၊ စစ်လေယာဉ် အစင်း ၁ဝဝဝ နှင့်စစ်ရေယာဉ်အစင်း ၈ဝ တို့ ပါဝင်ပြီး ပြုလုပ်ခဲ့သမျှ စစ်ရေးလေ့ကျင့်မှုများထဲ တွင် အကြီးကျယ်ဆုံးဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေးရှီုအီဂူက ပြောကြားသည်။                       

Mirror

No comments:

Post a Comment