Latest News

Monday, September 17, 2018

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသူ အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦးအား ပြန်လည်ဖမ်းမိ

ဘားအံအကျဉ်းထောင်မှ  ထွက်ပြေးသူ အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦးအား ပြန်လည်ဖမ်းမိ




ဘားအံ   စက်တင်ဘာ   ၁၆

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၁ ဦး  ယနေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ရာမှ ၁၃ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့    နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်က အကျဉ်းထောင်ဓမ္မာရုံအနီး စိုက်ခင်း အတွင်း အကျဉ်းသားများဖြင့် ရှင်းလင်းစုပုံထား သော  အမှိုက်များကို အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် ကျော်ဝင်းစိန် မောင်းနှင်သည့် 7N/ 9847၊ Mazda  Titan    အပြာရောင်ဖြင့် တင်ဆောင်၍  သွားရောက်စွန့်ပစ်ရန်အတွက် ယာဉ်အားထွက်ခွာမည့်အချိန်တွင်  ကျော်မိန်လ (ခ)အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှ (၃၃) နှစ် (အကျဉ်းသား ထောင်ဝင်အမှတ် ဖအ/၁၅/ ဝဝ၃၃ဝ/က ) က ယာဉ်မောင်းကို ဆွဲချထိုးကြိတ် ကာ   ယာဉ်ကို   မောင်းနှင်ထွက်ပြေးသွားခဲ့  ကြောင်း၊  ¤င်းယာဉ်ဖြင့် ထောင်တံခါးလေးဆင့်ကို တိုက်ဖွင့်ပြီး    ဘားအံ-လှိုင်းဘွဲလမ်းအတိုင်း လှိုင်းဘွဲမြို့နယ်အတွင်းသို့ မောင်းနှင်ထွက်ပြေး သွားရာ အကျဉ်းသားများ  စုစုပေါင်း  ၄၁  ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့   နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်   မြင့်ကျော်ထွန်းနှင့်     ဗိုလ်မှူးကြီး ရန်နောင်စိုးတို့  ဦးဆောင်သော  တပ်မတော်သား များ၊  ကရင်ပြည်နယ်  ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး အောင်မြတ်မိုးနှင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်သော  ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီး ဌာန(ဘားအံ)     ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် အကျဉ်းထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးသန်းတို့ ဦးဆောင်သည့်    အကျဉ်းထောင်ဝန်ထမ်းများ ပူးပေါင်းကာ အကျဉ်းထောင်လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး    ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ် ရဲတပ်ဖွဲ့မှူး၊   မြို့မရဲစခန်းမှူးတို့  ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက ထွက်ပြေးရာလမ်းကြောင်း တစ်လျှောက်    လိုက်လံရှာဖွေပိတ်ဆို့ခြင်း၊ ပြည်နယ်အတွင်းမှ    လမ်း၊  တံတားများတွင် လုံခြုံရေးဆောင်ရွက်နေသည့်   ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းများမှ     ရဲတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်သားများ    ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် မောင်းနှင်ထွက်ပြေးသွား သည့် ယာဉ်ကို လှိုင်းဘွဲမြို့နယ် ရွာသာအေးရွာနှင့် သပုထိုရွာကြား ဆည်မြောင်းတာပေါင်လမ်းတွင် ဗွက်နစ်လျက်ပြန်လည်တွေ့ရှိသဖြင့် ထွက်ပြေး လွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးကို ပိတ်ဆို့ဖမ်းဆီးရမိရေး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း    ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့   ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို ကွက်ပြည့်နင်း ဆောင်ရွက်ခဲ့သဖြင့် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရဲအုပ်လှဟန်ဦးစီးအဖွဲ့က ဝတုတ်(ခ)စည်သူကျော်၊ စောကျော်ပိ၊ ရဲနောင်ဖြိုး (ခ)သဲမောင်တို့သုံးဦးကို    ဘားအံမြို့နယ်    မိဇံ ကျေးရွာဇရပ်တွင်လည်းကောင်း၊ ညနေ ၄ နာရီ တွင် ရဲတပ်ကြပ်အောင်မျိုးသူနှင့်အဖွဲ့က  စောထူး (ခ)ဗီလားကို    ဘားအံမြို့    မဲဘောင်ဈေးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်  လည်းကောင်း၊  ရဲမှူးကြီးတင်ဦး  ဦးစီးအဖွဲ့က ညနေ ၄ နာရီ မိနစ် ၄ဝ တွင်  ထွန်းထွန်းသန်း(ခ)ကိုနေ ကို လည်းကောင်း၊ ညနေ ၄ နာရီ မိနစ်  ၅ဝ တွင် ဝဏ္ဏ(ခ)ဖြိုးတေဇတို့နှစ်ဦးကို    ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာတွင်လည်းကောင်း၊ ညနေ ၅ နာရီတွင်   ရဲအုပ်သန်းဇော်မြင့်  ဦးစီးအဖွဲ့က ဝင်းအောင်(ခ)မိုးဒီကို ဘားအံမြို့နယ် ကော့လှိုက် ကျေးရွာတွင်လည်းကောင်း၊ ညနေ ၅ နာရီ ၅ မိနစ်တွင် ရဲမှူးကြီးတင်ဦး  ဦးစီးအဖွဲ့က ပြည်ဟိန်း ကို   ဘားအံမြို့နယ်  နောင်ပလိန်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၂ဝ တွင် ရဲအုပ်ကြည်တိုးဦးစီးအဖွဲ့က    အောင်ဝင်းနှင့် ထွန်းထွန်းဦးတို့နှစ်ဦးကို ဘားအံမြို့နယ် တဝန်ဖန်ရ လယ်ကွင်းထဲမှလည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၅ဝ တွင် နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့က ပြည့်ဖြိုးအောင်၊   ကျော်မြင့်၊   ကျော်မိန်လ(ခ)အရှောင်(ခ) ကျော်ဖကုလား(ခ)မိန်လှတို့ သုံးဦးကို ရေဘုတ်ဆည်တွင်လည်းကောင်း    စသည်ဖြင့် ဖမ်းဆီးရမိခဲ့၍   ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦးကို ဖမ်းဆီး ရမိပြီဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။                   

မင်းသူ(ဘားအံ)

No comments:

Post a Comment