Latest News

Tuesday, September 25, 2018

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အား အလိုရှိကြောင်း ဗီနိုင်း ပိုစတာများ နယူးယောက်တွင် စိုက်ထူ


Amnesty International (AI) နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ကြီးမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား အလိုရှိကြောင်း (Wanted) ဆိုင်းဘုတ်များကို နယူးယောက် ရှိ အထင်ကရ နေရာ ၃၀ ရှိ လမ်းဘေး ပလက်ဖေါင်းများတွင် ယမန်နေ့က ကပ်ထား လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အချို့နေရာများ၌ ထရပ်ကားဘေးတွင် ဗီနိုင်း ပိုစတာကြီးများကပ်ကာ လှည့်လည်သွားလာလျက် ရှိနေတာ တွေ့ရပါတယ်။

အဆိုပါ ဆိုင်းဘုတ်များကို ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ရောက်ရှိလာနေကြသည့် ကမ္ဘာတ၀ှမ်း မှ ခေါင်းဆောင် များ မြင်သာရန် ချိန်ကိုက် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်ပုံရပါတယ်။

အဆိုပါ ဆိုင်းဘုတ်တွင် ၎င်း၏ ဓါတ်ပုံကြီးနှင့် အတူ “Wanted for Mass Murder – Don’t Let him get away with it ဟု ရေးသားထားပြီး ရိုဟင်ဂျာ ဆိုသူ အမျိုးသမီး တဦး၏ စကားဖြစ်သော “I heard the baby cry, then they shot, then nothing” ဟူ၍ လည်း ကိုးကား ဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး မတိုင်မှီ နှင့် ပြုလုပ်နေစဉ်အတွင်း အဆိုပါ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး စစ်ဆင်ရေး တစိတ်တပိုင်းကို ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘုတ် ပို့စ်များမှ တဆင့် မှတ်တမ်းမှတ်ရာ များ ရှိတယ်လို့ ဆိုပါတယ်။

ထို့အတွက် ၎င်း၏ မျက်နှာကို ကမ္ဘာခေါင်းဆောင်များ အာရုံတွင် စွဲထင်နေရန် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှုးချုပ် Kumi Naidoo က ပြောပြခဲ့ပါတယ်။
လှစိုးဝေ

No comments:

Post a Comment