Latest News

Tuesday, September 25, 2018

အပိုင်း [၉]… ICC ၏ လမ်းကြောင်း (၃) သွယ်…


[Referral by U.N Security Council, State Party, Proprio Motu…]
..
1) U.N. Security Council Referral 
~ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ICC ကို နိုင်ငံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတစ်ခုကို စုံစမ်းစစ်ဆေးတရားစီရင်ဖို့ လွှဲပြောင်းတဲ့ အခါမှာ ICC တရားစီရင်ခွင့်ဟာ အလိုလို တရားဝင်ဖြစ်သွားတယ်။ စုံစမ်းစစ်ဆေးမယ့်နိုင်ငံက ICC တရားစီရင်းရေး-စုဖွဲ့နိုင်ငံတွေထဲမှာ အဖွဲ့ဝင်ခြင်း မ၀င်ခြင်းတွေနဲ့ မဆိုင်တော့ဘူး။ Rome Statute ကို လက်မှတ်ထိုးခြင်း မထိုးခြင်းတွေနဲ့ မဆိုင်ဘူး။ မြန်မာနိုင်ငံရဲ့ Case မှာတော့ ရခိုင်ဒေသမှာ တပ်မတော် “နယ်မြေရှင်းလင်းရေး” အတွင်း သေဆုံးခဲ့ထွက်ပြေးခဲ့ကြရတဲ့သူတွေအရေးကို ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက ICC ကို လွှဲပြောင်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေ နိုင်ငံတကာမီဒီယာတွေက အထူးတလည်တောင်းဆိုနေကြပေမယ့် တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချမှာဆိုတော့ လမ်းကြောင်း (၁) က မဖြစ်နိုင်ဘူး... ~
..
၂) State Party Referral 
နိုင်ငံအစိုးရ (မြန်မာ) က ICC ကို ရခိုင်ဒေသမှာ တပ်မတော် “နယ်မြေရှင်းလင်းရေး” အတွင်း သေဆုံးခဲ့ထွက်ပြေးခဲ့ကြရတဲ့ သူတွေ အရေးကို စုံစမ်းစစ်ဆေးတရားစီရင်ပေးဖို့ လွှဲပြောင်းတဲ့အခါမှာ ICC က တရားဝင်စွာ စုံစမ်းစစ်ဆေးမှုကို စနိုင်တယ်။ မြန်မာနိုင်ငံအစိုးရ အနေနဲ့ တပ်မတော်ရဲ့ဦးဆောင်မှုအောက်က စစ်သားတွေ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အားဆန့်ကျင်သည့် ရာဇ၀တ်မှုတွေ မကျူးလွန်ဘူးလို့ ယူဆမလား၊ ကျူးလွန်တာကိုသိသိနဲ့ ကာကွယ်ပေးသွားမလား၊ (သို့) အစိုးရနဲ့ တရားစီရင်ရေးဟာ တပ်မတော်အောက်ရောက်နေလို့ ဘာမှမစွမ်းသာဘဲ “ICC တရားစီရင်ရေး မြန်မာနိုင်ငံက မလိုအပ်ဘူးလို့ ငြင်းဆန်တဲ့အခါမှာ” မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တာကြောင့်, ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ICC ရဲ့ တရားစီရင်ခြင်း တရားဝင်ဘောင်ထဲမရောက်ဘူး။ မြန်မာနိုင်ငံရဲ့ Case မှာ လမ်းကြောင်း ၂) State Party Referral ကလဲ ဖြစ်နိုင်ချေ မရှိဘူး။ ဒါပေမယ့်…
..
နိုင်ငံတကာဥပဒေတွေအရတော့ အဖွဲ့ဝင်ခြင်း/မ၀င်ခြင်းတွေက အဓိကမဟုတ်ဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်ပူပန်ရလောက် တဲ့ ရည်ရွယ်ချက်ရှိရှိ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ သေစေမှု၊ ဘ၀ပေါင်းများစွာ သောင်းနဲ့ချီ၊ သိန်းနဲ့ချီ ထိခိုက်ပျက်ပြားစေမှု စတာတွေဖြစ်ရင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျူးလွန်သူတွေ၊ တာဝန်ရှိခေါင်းဆောင်တွေကို အရေးယူဖို့ဆောင်ရွက်ကြတယ်။ ICC မပေါ်ခင်ကတည်းက စစ်ဝါဒီခေါင်းဆောင်းတွေကို တရားစီရင်ပြစ်ဒဏ်ချဖို့ Ad hoc, ယာယီ-နိုင်ငံတကာရာဇ၀တ်မှုစစ်ခုံရုံး (International Criminal Tribunals) တွေ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ရှိခဲ့ဖူးတယ်။ 
..
ဥပမာ - International Criminal Tribunal for the former Yugoslavia (ICTY) နဲ့ International Criminal Tribunal for Rwanda (ICTR), U.N. Security Council အစီအစဉ်နဲ့ ဖွဲ့စည်းခဲ့၊ တရားစီရင်ခဲ့တယ်။ အလားတူ ခုံရုံးပုံစံမျိုးတွေ ဥပမာ - Kosovo, Bosnia Herzegovina, East Timor, Sierra Leone, Cambodia, နဲ့ Lebanon စတဲ့ နိုင်ငံတွေမှာ စစ်ရာဇ၀တ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် စီရင်ဖို့ ပေါ်ထွက်လာခဲ့ဖူးတယ်။ မြန်မာနိုင်ငံက စစ်ရာဇ၀တ်မှုကျူးလွန်သူခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ဆိုတာတော့ ဘယ်အင် အားကြီးနိုင်ငံတွေက ဘယ်လောက်အထိ ပါဝင်ဦးဆောင်ပြီး, ICC က ဘယ်လောက်တွန်းနိုင်မလဲဆိုတာအပေါ် မူတည်တယ်။ 
..
3. Proprio Motu Investigation 
~ Initiative by the Office of the Prosecutor (ICC ရှေ့နေအဖွဲ့က တရားလိုပြုပြီး) စတင် စုံစမ်းတာတို့ ဖြစ်တယ်။ ICC က တတိယ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ဇွန် ၂၁ ရက်မှာ မြန်မာအစိုးရကို တရားဝင်ဆက်သွယ်တယ်။ ဇူလိုင် ၂၇ နောက်ဆုံးထားပြီး ICC က ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တာနဲ့ ပက်သက်ပြီး ICC အပေါ် မြန်မာအစိုးရက ဘယ်လိုသဘောထားအမြင်ရှိတယ်ဆိုတာ သိချင်လို့ အကြောင်းပြန်ဖို့ တောင်းဆိုခဲ့တယ်။ သြဂုတ်လ ၉ ရက်မှာ မြန်မာနိုင်ငံအစိုးရက အကြောင်းပြန်တယ်။ နိုင်ငံတော်သမ္မတရုံးက ICC ကို “No” ပါလို့ ငြင်းဆိုထားပါတယ်… … … ။ 
..
ကိုချမ်းမှိုင်း
စက်တင်ဘာ ၂၀၁၈

No comments:

Post a Comment