Latest News

Tuesday, September 18, 2018

ဘိုကလေးမြို့နယ် ဗဟိုရဲကင်းအချုပ်ခန်းမှ ဖောက်ထွင်းထွက်ပြေး တရားခံသုံးဦး ပြန်လည်ဖမ်းမိ

ဘိုကလေးမြို့နယ် ဗဟိုရဲကင်းအချုပ်ခန်းမှ
ဖောက်ထွင်းထွက်ပြေး တရားခံသုံးဦး ပြန်လည်ဖမ်းမိ

ဖျာပုံ    စက်တင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မြို့မရဲစခန်းတွင်  အချုပ်ခန်း သုံးခန်းရှိရာမှ အမှတ်(၂) အချုပ်ခန်းမှ တရားခံသုံးဦးသည် စက်တင်ဘာ  ၁၈ ရက် နံက် ၃ နာရီ မိနစ် ၃ဝ ခန့်တွင် အမှတ်(၂) အချုပ်ခန်း၏ တိုင်အမှတ် (၉၃) မြေပြင်မှ (၃)ပေအမြင့် တိုင်အား သံဖြတ်လွှဖြင့်  ဖြတ်တောက်ထွက်ပြေးသွားသော   တရားခံ သုံးဦးအား ၂၄ နာရီအတွင်း   ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

 ထွက်ပြေးသွားသော တရားခံသုံးဦးသည် ဘိုကလေးမြို့နယ် ပိုက်စလေးကျေးရွာ အုပ်စုအနီးတွင်      ဘိုကလေးမြို့ဘက်မှ   မော်လမြိုင်ကျွန်းမြို့ဘက်သို့   ဆိုင်ကယ် မောင်းနှင်းလာသူထံမှ ဆိုင်ကယ်လု၍ ထွက်ပြေးသွားခဲ့သဖြင့် ဧရာဝတီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ကြီးကြပ်၍ ဖျာပုံခရိုင်ရဲတပ်ဖွဲ့၊  မအူပင်ခရိုင်နှင့် ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းဖမ်းဆီးရာ စက်တင်ဘာ ၁၈ ရက်  နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်က မအူပင်မြို့နယ်အတွင်း   ရေလဲကျေးရွာလယ်ကွင်းအတွင်း   တရားခံ အာကာဂျူး (၂၃နှစ်) ဘိုကလေးမြို့မရဲစခန်း (ပ)၃၆၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ နှင့် တရားခံ ဖိုးဖြူ(ခ)နန္ဒာအောင် (၁၉နှစ်)  ဘိုကလေးမြို့မရဲစခန်း (ပ) ၂၃၇/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ တို့ တရားခံနှစ်ဦးတို့အား  ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တရားခံလှနိုင်ဦး (၃၃ နှစ်)  ဘိုကလေးမြို့မရဲစခန်း (ပ)၃၄၆/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အား  ဖမ်းမိနိုင်ရေး   လိုက်လံစုံစမ်းဖမ်းဆီးရာ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင်   ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းပိုင် လှိုင်သာယာ (၁ဝ)ရပ်ကွက်တွင် ဖမ်းမိ ခဲ့ပြီး တရားခံ လှနိုင်ဦးအား ဖျာပုံခရိုင်ရဲတပ်ဖွဲမှ ဖျာပုံသို့ ခေါ်ဆောင်လာပြီဖြစ်ကြောင်း သိရသည်။     ပြန်လည်ဖမ်းဆီးမိသော တရားခံ အာကာဂျူးနှင့် ဖိုးဖြူတို့အား ဖျာပုံ မြို့မရဲစခန်းသို့ ပြောင်းရွှေ့ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးမိုး

No comments:

Post a Comment