ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာ့ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် နိုင်ငံတော်ဘက်မှ ဒေါ်လာဈေးနှုန်းကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (ဦးထုံ ရွှေပန်းထိမ်)က ပြောသည်။
''နိုင်ငံတော်ဘက်က ဒေါ်လာဈေး ငြိမ်သွားအောင် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးဖို့နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ဝိုင်းလုပ်ပေးမယ်ဆိုရင်တော့ ရွှေဈေး လည်း တည်ငြိမ်သွားမယ်၊ ငွေဈေးလည်း အထိုက်အလျောက် တည်ငြိမ်သွားမယ်။ ရွှေဈေး တည်ငြိမ်ပေမယ့် ငွေဈေး မတည် ငြိမ်ဘူးဆိုရင် ဘာမှလုပ်လို့မရဘူး'' ဟု ဦးကျော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ ယနေ့ကျင်းပခဲ့သော အစည်း အဝေးတွင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေအရောင်းအဝယ်ပြုလုပ်ရာ၌ ကြို ရောင်း၊ ကြိုဝယ်စနစ်ကို မကျင့်သုံးရန်၊ မိမိ လက်ငင်းငွေချေ ဝယ်ယူနိုင်သော အတိုင်းအတာထိသာ အရောင်းအဝယ် ပြုလုပ်ရန်၊ တစ်ပိုင်တစ်နိုင် အရောင်း အဝယ်သာ ပြုလုပ်ရန်၊ အရေအတွက် ပိုမိုဝယ်ယူခြင်း ကြိုပြီးရောင်းချခြင်းများ မပြုလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။
ရွှေဈေးနှုန်း မြင့်တက်နေရခြင်း အကြောင်းကို မ္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင် ထွန်းက ''အရင်က ရွှေမှာ လေပတ်ကား ရှိတယ်။ ငွေမှာ လေပတ်ကား မရှိဘူး။ ပြင်ပဒေါ်လာပေါက်ဈေးမှာ လေပတ်ကား မရှိဘူး။ ခုတော့ ပြင်ပဒေါ်လာပေါက်ဈေး မှာ မနက်ဖြန်ဈေးပေါ့။ လေပတ်ကား ရှိနေ တယ်။ အဲဒီတော့ သူတို့က ဆွဲတင်ချင် တယ်၊ ဆွဲချချင်တယ်။ အဲဒါမျိုးလေးတွေ ရှိတယ်။ အဲဒီလို ငွေဈေးတက်တဲ့အခါမှာ ရွှေဈေးတက်တာ။ ရွှေဈေးသည် အလကား တက်လို့ မရဘူး''”ဟု ပြောသည်။
လက်ရှိ မြန်မာ့ရွှေဈေးကွက်တွင် အဝယ်မရှိဘဲ ရောင်းချသူများသာရှိပြီး ရွှေဈေးနှုန်းတက်သည့်အတွက် ရွှေဆိုင် များ၊ ရွှေပန်းထိမ်များ၊ ဝယ်ရောင်းများ အားလုံးသည် အရှုံးနှင့် အလုပ်လုပ်နေ ရသော အခြေအနေတွင် ရှိနေကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့်လည်း ငွေဈေးနှုန်း တည်ငြိမ်အောင် ထိန်းညှိပေးရန် လိုအပ် ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရ သည်။
မြန်မာ့အလင်း၊ထင်ပေါ်ဝင်း(ကမာရွတ်)ဓာတ်ပုံ - ဗလစိုး
No comments:
Post a Comment