အခန်း(၁)
''ကျေးရွာအတွင်းရှိ မိဘပြည်သူအပေါင်း ခင်ဗျာ ဒီနေ့နံနက် ၉ နာရီအချိန် ကျွန်တော်တို့ ကျေးရွာမှာ ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ လာရောက်ပြီး အသိပညာပေး ဟောပြောပွဲနဲ့ ဆေးအခမဲ့ကုသပေးမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ရွာဦးဘုန်းကြီးကျောင်းကို ကြွရောက်ခဲ့ကြပါခင်ဗျာ''
အသံချဲ့စက်အော်သံ တကြော်ကြော်က ကျေးရွာဥက္ကဋ္ဌအိမ်ကနေ ထွက်ပေါ်နေတယ်။
''ဟွန်း အလုပ်တွေများလို့ မောနေပါ တယ်ဆို မိုက်ကြီးကလည်းတော် ပိတ်ကို မပိတ်တော့ဘူး။ မိုးလင်းကတည်းက တကြော်ကြော်အော်နေတာ။ တစ်ခါလောက် အော် တော်ရောပေါ့ တော်။ တကတည်းမှပဲ နားနှစ်ဖက်လည်း ပူလှပြီ''
ကျုပ်တစ်ယောက် အိမ်အလုပ်တွေ လုပ်နေရင်း စိတ်ထဲက ခပ်ချဉ်ချဉ် ပြောလိုက် မိတယ်။ ဟုတ်တယ်လေ ဘယ့်နှယ်။ ရွာထဲကို ခဏခဏလာပြီး ဟိုဟာပြောလိုက် ဒီဟာပြော လိုက်နဲ့။ ကျုပ်တို့က သူတို့ပြောတာကို နားထောင်ရတာ ရိုးနေပြီတော့ ရိုးနေပြီ။ အိမ်တိုင်ရာရောက် လာပြောလိုက်ကြ၊ ဟော ခုလည်း ဟောပြောပွဲလုပ်ပြီး အဖွဲ့လိုက် လာပြောလိုက်နဲ့ နားမထောင်ချင်ပေါင်တော်။
အခန်း(၂)
ကျုပ်သားလေးကို ကျုပ် သိပ်ချစ်တာပဲ တော်။ သားလေးကို ပိုချစ်လာသလောက် ကျုပ်ယောက်ျားကိုမြမောင်ကိုတော့ တစ်နေ့ ထက်တစ်နေ့ စိတ်ကုန်တာများ ပြောမပြော ချင်ဘူး။ တစ်နေ့တစ်နေ့ ဒင်းက အရက် ကလေးတမြမြနဲ့၊ ကျုပ်မှာ သားအတွက်၊ ယောက်ျားအတွက် ရုန်းကန်ရတာ လွယ်တာ မှတ်လို့။ ကိုမြမောင်ကတော့ ညားစတုန်းကလို ကျုပ်ကို ကြင်နာဖို့၊ စာနာဖို့ ဝေးစွ။ သူ့အတွက် အရက်ဖိုးမပေးရင် ပြဿနာက ရှာချင်သေး သေးတယ်။ ကျုပ်မှာတော့ နံနက်စောစော ပဲထပြုတ်လိုက်ရ၊ ပဲပြုတ်ရပြီဆိုတာနဲ့ ပဲပြုတ် တောင်းကို ခေါင်းပေါ်တင် ရွာစဉ်လှည့်လိုက် ရ။ ပြန်လာလို့ နားရမလား အောက်မေ့တယ်။ အိမ်မှုကိစ္စတွေက တပုံတပင်ကြီး ဆီးကြိုနေ တယ်လေ။ မောတယ်လို့လည်း သဘောမထား နိုင်တော့ပါဘူးတော်။ ပြန်ရောက်ရောက်ချင်း ထမင်းအိုးကောက်တည်၊ တခြားအလုပ်တွေပါ ရောပြီး အမောတကော လုပ်လိုက်ရတာ နေဝင်ချိန်အထိပဲ။
ညမှောင်လာလို့ နားရမယ် မထင်လိုက် နဲ့ဦး။ နောက်တစ်နေ့စာ ပဲပြုတ်ဖို့နဲ့ချက်ဖို့ အသီးအရွက်တွေ ပြင်ဆင်ရသေးတယ်။ ညသန်းခေါင်ကြက်တွန်ချိန်နီးနီးမှ ကျုပ်လည်း နားရတော့တယ်။ နေ့တိုင်း ဒီလိုပဲ နံနက် စောစောထ ညသန်းခေါင်အထိ အလုပ်လုပ်နေ ရတာ။ ကျုပ်အတွက်တော့ ဒါတွေက နေ့စဉ် နိစ္စဓူဝ လုပ်ငန်းတွေပါပဲ။
အခန်း(၃)
''ဟဲ့ မိငွေ ငါတို့ ဘုန်းကြီးကျောင်းထဲ သွားမလို့၊ ညည်း မလိုက်ဘူးလားအေ့''
''မလိုက်နိုင်သေးဘူးတော်ရေ့၊ ညည်း တို့သာ သွားကြ၊ အလုပ်တွေ မပြီးသေးဘူး''
အလိုတော် ကိုယ်မှ အလုပ်တွေ မပြီးသေး လို့ ယားလို့တောင် မကုပ်နိုင်ပါဘူးဆို ညိုမ တို့က လာခေါ်နေသေး။ လိုက်ဖို့ဆိုတာ ဝေးပါ့ တော်။ ကျုပ်ကတော့ အလုပ်ပျက်မခံနိုင်ဘူး။ ဟုတ်တယ်လေ။ တော်ကြာနေ ရွာထဲက ကလေးတွေဖျားလို့ ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ဆရာမတွေ ခြေလာလာရှုပ်ကြတာများ မပြော ချင်ပေါင်။ အရင်ကတော့ ဟိုဘက်ရွာဆေးခန်း မှာ သားဖွားဆိုလားဘာဆိုလား လုံချည် အနီရောင်နဲ့ အသက်ကြီးကြီးဆရာမ တစ်ယောက်တည်းရယ်။ လွန်ခဲ့တဲ့ ငါးနှစ် လောက်ကမှ ဆေးခန်းမှာ ခပ်ငယ်ငယ် ဆရာမတစ်ယောက် ထပ်ရောက်လာတာ။ ကျန်းမာရေးကြီးကြပ် ဆိုလားဘာဆိုလားပဲ။ အဲဒီဆရာမက အပြာရောင်လုံချည်လေးနဲ့တော့။ သူတို့နှစ်ယောက်တော် ကျုပ်တို့ရွာတွေမှာ ခဏခဏလာကြတာ။ တစ်ခါလာပြန်ပြီး ဆေးတိုက်၊ နောက်တစ်ခါ ကလေးပေါင်ချိန်၊ နောက်တစ်ခါ ဆေးခန်းဖွင့် ဘာညာနဲ့ အနီနဲ့ အပြာခြေချင်းလိမ်နေသလား အောက်မေ့ရ တယ်။
အပြာဝတ်ဆရာမလေးဆို ပိုတောင်ဆိုး သေး။ မိုးမရွာသေးဘူး လာပြီ။ ဘာတဲ့ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးတဲ့ တော့။ ရွာထဲကို ကျွမ်းထိုးကောင် လိုက်စစ် တာတဲ့လေ။ သူပြောတာတော့ ပိုးလောက် လန်းတဲ့။ ကျုပ်တို့ကတော့ မခေါ်တတ်ပေါင်။ ခေါ်နေကျအတိုင်း ကျွမ်းထိုးကောင်ဟာ ကျွမ်း ထိုးကောင်ပဲပေါ့တော်။ တစ်ရက်က ရွာထဲ လှည့်ပြီးစစ်ဆေးကြတော့ ကျုပ်အိမ်ကို ရောက် လာတယ်လေ။ ကျုပ်ကလည်း ပဲပြုတ်ရောင်း ပြီးအပြန်၊ ထမင်းအိုးတည်နေချိန်ဆိုတော့ သူတို့ကိုလည်း ဂရုစိုက်မနေနိုင်ပေါင်တော်။ အိမ်ရှေ့ကနေ ''အိမ်ရှင်တို့ ရှိလားရှင့်၊ ကျွန်မ တို့ ပိုးလောက်လမ်း စစ်မလို့''တဲ့။ ရတယ်လေ။ သူတို့ဘာသူတို့ စစ်ချင်စစ် မစစ်ချင်နေ။ ကျုပ်ကတော့ ကိုယ့်အလုပ်ကို ဆက်လုပ်မှာပဲ။ ဆရာမလေးက ရွာဆော် ဖိုးတုတ်နဲ့အတူ အိမ်ထဲဝင်လာပါရော။ ကျုပ်ကလည်း သူတို့ နားမသွားမိပေါင်။ ဆရာမလေးက လှမ်းခေါ် ပေမယ့် ကျုပ်ကမှ မအားတာ။ စစ်ချင်သလိုသာ စစ်လို့ လှမ်းအော်ပြောလိုက်တယ်။ ရေအိုး၊ ရေကန်တွေကြည့်ပြီးလို့ ထင်တယ်။ အိမ်က တန်းလျားပေါ် ဆရာမလေးလာထိုင်ပြီး ကျုပ်ကို မေးတယ်။
အိမ်ထောင်ဦးစီးနာမည်၊ လူဦးရေ၊ အိမ် သာ ရှိ၊ မရှိ စုံလို့။ အိမ်သာဆိုလို့ ကျုပ်အိမ်မှာ မဆောက်ရသေးပေါင်။ သွားချင်ရင် ရွာပြင်က ကွင်းကြီးက အကျယ်ကြီးလေ။
''အိမ်သာ မရှိရင် ဆောက်ထားဦးနော် အစ်မ။ ပြီးတော့လေ ဟိုနားက အိုးတွေထဲမှာ ပိုးလောက်လမ်းတွေ တွေ့တယ်သိလား။ အဲဒါတွေ ချက်ချင်းသွန်ပစ်ပေးပါဦး။ မကြာခင် မိုးရာသီရောက်တော့မှာဆိုတော့ ပိုးလောက်လမ်းတွေကပေါက်၊ ခြင်တွေ ကပေါနဲ့ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ ရာသီ ရောက်တော့မှာမို့ ကိုယ့်အိမ်က ရေကန်၊ အိုး၊ ခွက်တွေမှာ ပိုးလောက်လမ်းတွေ မရှိ အောင် ဂရုစိုက်ပေးပါ အစ်မ''
''ကလေးဖျားနာခဲ့ရင် နီးစပ်ရာ ဆေးခန်း က ဆရာ၊ဆရာမတွေနဲ့သာ ပြသပါ။ အပြင်က လူတွေနဲ့ မပြပါနဲ့''တဲ့။
အခန်း(၄)
ခါတိုင်းနေ့တွေဆို ကျုပ်သားလေးဟာ တအားဆော့တာ။ ဒီနေ့မှ အိပ်ရာထဲ ခွေနေ တယ်။ အိပ်နေတဲ့သားလေးအနားသွားပြီး သူ့ကို စမ်းကြည့်လိုက်တော့ အမလေးကိုယ်တွေ ပူနေလို့ပါလား။ မဖြစ်ဘူး ဆေးတိုက်မှ။ ကျုပ်လည်း ဆေးဆိုင်ကရောင်းတဲ့ ကိုယ်ပူ ကျဆေး ဝယ်ထားတာရှိတော့ အဲဒီဆေးပဲ တိုက်ထားလိုက်တယ်။ ခဏနေတော့ ကိုယ်ပူ ကျသွားတယ်။ ဟော နေ့လည်ကျ ပြန်ပူလာ ပါရော။ ကျုပ်လည်း ဆေးထပ်တိုက်လိုက်တယ်။ ဒီလိုပါပဲ။ ဥတုပြောင်းဖျားတာဆိုတော့ ပြီးရင် ပျောက်သွားတာပဲ။ သားလေးက ကိုယ်ပူလာ လိုက်၊ ကျုပ်က ဆေးတိုက်လိုက်နဲ့ သုံးရက် လောက်ကြာရော အဖျားလုံးလုံးကျသွားတယ်။ ကဲ ကျုပ်မပြောဘူးလား။ ခဏပဲ ဖျားတာပါလို့။ ဒါပေမယ့် အဆော့မက်တဲ့ကျုပ်သားက ခါတိုင်း လို မဆော့ဘူးတော့။ အေးပေါ့။ သုံးရက် လောက် ဖျားတာဆိုတော့ သူလည်း နွမ်းမှာ ပေါ့လို့ ကျုပ်တွေးလိုက်တယ်။ ကျုပ်က သူ့ကို အစားကျွေးလည်း မစားဘူးတော့။ အလုပ် တစ်ဖက်နဲ့ကျုပ် မအားတော့ သားလေးကို အချိန်မှန်ဂရုတစိုက် မကျွေးနိုင်ဘူးလေ။ ကျုပ်ယောက်ျားအရက်သမားကြီးကလည်း အားမကိုးရပေါင်တော်။ ကျုပ်အိမ်ပြန်ရောက် ချိန်တော့ အစားကို သေချာကျွေးပါတယ်။ ကိုယ်ပူကျသွားပြီး နှစ်ရက်လောက်နေတော့ ကျုပ်သားလေးကို ကြည့်ရတာ ခပ်နွမ်းနွမ်း ရယ်။ လေသံဖျော့ဖျော့လေးနဲ့ သားလေးက ပြောတယ်။ ''အမေ သား နှာခေါင်းသွေးတွေ ယိုလာတယ်''တဲ့။ ဟုတ်ပါ့တော်။ သားလေး နှာခေါင်းမှာ သွေးတွေက စီးကျနေလိုက်တာ ရဲနေတာပဲ။ သားက သူ့လက်ကလေးနဲ့ နှာခေါင်းကို ပိတ်ထားပေမယ့်လည်း မရဘူး။ ကျုပ်လည်း နှာခေါင်းသွေးယိုရင် နွားချေးရှူ ရတယ် လို့ပြောသံ ကြားဖူးတော့ အိမ်ရှေ့ လမ်းပေါ်က နွားချေးခြောက်ကို ကောက်ရှူ ခိုင်းလိုက်တယ်။ သွေးယိုတာ မရပ်ဘဲ အဆက် မပြတ်စီးကျနေသေးတယ်။ ဒါနဲ့ ကျုပ်တို့ သားအမိ အဖြစ်ကို မြင်သွားတဲ့ ညိုမက ''ဟဲ့ မိငွေ နှာခေါင်းသွေးယိုရင် ရေရှူ ရတယ်တဲ့၊ ဆရာမပြောတာ ကြားဖူးတယ်။ နွားချေးမရှူ ခိုင်းနဲ့ဟဲ့''
မတတ်နိုင်ဘူး။ ကျုပ်လည်း မတတ်သာ တဲ့အဆုံး ညိုမပြောသလို သားလေးကို လုပ်ပေး လိုက်တယ်။ ခဏလောက်ကြာတော့ နှာခေါင်း သွေးယိုတာ ရပ်သွားတယ်။ ခုမှပဲ ကျုပ်လည်း သက်ပြင်းချနိုင်တယ်။
''မိငွေ ညည်းသားက ဖျားနေတာ ကြာပြီ မို့လား။ ဆေးခန်းသွားပြပါလားအေ့။ ခုရာသီက သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရိမ် ရတယ်။ ပြီးတော့ ညည်းသားက နွမ်းဖတ်ဖတ်နဲ့။ နှာခေါင်းသွေးကလည်း လျှံနေသေးတယ်ဟဲ့။ ဟိုနေ့က ဆရာမပြောသွားတဲ့အထဲမှာ အဲဒါ တွေ ပါတယ်။ ညည်း မပေါ့နဲ့နော်''
လုပ်ပြီ။ ညိုမတို့ကတော့ ဆရာမကြီးစတိုင် လာလုပ်နေပြီ။ ''အေးအေး'' လို့သာ ပြန်ပြောလိုက်တယ်။ ညိုမပြောသလို ဟုတ်ချင် မှ ဟုတ်မှာပေါ့။
အခန်း(၅)
နောက်တစ်ရက်ကျ သားလေးက မြော့တော့တာ။ နှာခေါင်းသွေးကလည်း ခဏ ခဏယိုလာတယ်။ ပြီးတော့ အစားလည်း မဝင်ဘူး။ အန်ပဲအန်နေပြီး ဗိုက်ထဲကလည်း နာတယ်တဲ့။ ကျုပ်လည်း ဝေဒနာခံစားနေရတဲ့ သားကို မကြည့်ရက်တော့ဘူး။ သားကို ကျောပိုးပြီး ဆေးခန်းပြဖို့ ထွက်လာလိုက်တယ်။ ဆေးခန်းရောက်တော့ ကျုပ်တို့ရွာကို လာနေ ကျ ဆရာမလေးနဲ့ တွေ့တယ်။ ဆရာမလေးက ဘာဖြစ်လို့လဲ၊ ဖျားတာ ဘယ်နှရက်လဲ၊ ဘာညာမေးတာ စုံလို့။ ကျုပ်လည်း သားလေး ဖြစ်နေတာ ပြောပြလိုက်တော့ ဆရာမလေး မျက်နှာမှာ စိုးရိမ်တဲ့ပုံစံနဲ့။ ကျုပ်သားလေးကို သွေးပေါင်ချိန်ပေးပြီး လက်မောင်းမှာ သွေး ပေါင်ချိန်ကို အတော်ကြာ ပတ်ထားသေးတယ်။သူ့လက်က လက်ပတ်နာရီးလေးကို တကြည့် ကြည့်နဲ့ပေါ့။ ခဏကြာတော့ သားလေး လက်မောင်းက သွေးပေါင်ချိန်ကို ဖြုတ်ပြီး သားလေးလက်ကို ကြည့်နေတယ်။ ပြီးမှ ကျုပ်ဘက် လှည့်ပြီး။
''အစ်မရေ ကလေးက ဖျားတဲ့ရက်က လည်း ကြာပြီ။ ပြီးတော့ သွေးပေါင်ချိန်လည်း ကျနေတယ်။ လက်မှာလည်း အနီစက်တွေ ထွက်နေတယ်။ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေ တွေ့ရတယ် အစ်မ။ ကျွန်မ စာရေးပေးလိုက်မယ် ဆေးရုံကိုသာ အခု ချက်ချင်း သွားတော့နော်''
ဆရာမစကားကြားတော့ ကျုပ်ခေါင်း ထဲမှာ လေးခနဲပဲ။ ဆေးရုံသွားဖို့ ပိုက်ဆံမရှိ၊ လိုက်ပို့မယ့်သူလည်း မရှိနဲ့ ကျုပ်ဘယ်လို လုပ်ရပါ့မယ် မသိဘူးတော်။ ကိုမြမောင် ကိုလည်း အားကိုးလို့ ရမယ့်ပုံမပေါ်။ နောက် ဆုံးတော့ ကျုပ်ခေါင်းပဲပေါ့တော်။ သားလေးကို ဆေးခန်းမှာ ခဏထားပြီး အိမ်ကိုပြန်၊ အိမ်နီး ချင်းတွေဆီက ပိုက်ဆံချေးပြီး လူမှုကူညီရေး ကားနဲ့ ဆေးရုံကို လာခဲ့လိုက်တယ်။ ကျုပ် ယောက်ျားအရက်သမားကိုလည်း လိုက်လာ ခဲ့ဖို့ မှာထားခဲ့လိုက်တယ်။ ဆေးရုံကိုရောက် တော့ ဆရာဝန်နဲ့ ဆရာမတွေ ပျာယာခတ် ကုန်တယ်။ ကျုပ်ကလည်း ဆေးခန်းက ဆရာမ ပေးလိုက်တဲ့ စာရွက်လေးကို ပြလိုက်တယ်။ သားလေးကို သွေးပေါင်ထပ်ချိန်ကြတယ်။ ပြီးတော့ ဆေးရုံမှာ ခုတင်တစ်ခုပေးပြီး ဆေးကုသပေးကြတယ်။ သူတို့တွေ တီးတိုး ပြောသံ ကြားရတယ်။လာတာနောက်ကျတယ်၊ ၅ဝ စီပဲတဲ့။ ကျုပ်လည်း နားမလည်ပါဘူး။ ကျုပ်ရင်ထဲ သားဇောကြောင့် လေးတေး တေးကြီးဖြစ်နေတာဆိုတော့လေ။ ကျုပ်သား လေး အမြန် နေကောင်းသွားရင် ပြီးရောတော်။ ပြီးတော့ သားလေးကို သွေးစစ်မယ်ဆိုလားပဲ။ ဆေးရုံပေါ်မှာ သားလေးလက်ကို ဆလိုင်း ပုလင်းတွေ ချိတ်ထားတယ်။ သူတို့ခေါ်တာ တော့ ကျုပ်မသိပေါင်။ အရပ်ထဲ ရွာထဲတော့ ဆလိုင်းပုလင်းလို့ပဲ ခေါ်ကြတာလေ။
ညနေပိုင်းလောက်ကျ နှာခေါင်းသွေး ယိုတာတော့ ရပ်သွားတယ်။ ဒါပေမယ့် သားလေးက ပိုပြီးအန်လာတယ်။ ဗိုက်နာတယ် လို့လည်း ပြောတယ်။ ကျုပ်လည်း ဆရာမတွေ ကို အလောတကြီးသွားခေါ်တယ်။ ဆရာမ လေးတစ်ယောက် ပျာယာပျာယာနဲ့ လိုက်လာ ပြီး ကြည့်ပေးတယ်။ ကလေးကို ဆရာ့ဝန်ဆီ ပွေ့ခေါ်ခဲ့တဲ့။ အဲဒါနဲ့ ကျုပ်လည်း သားကို ပွေ့ပြီး ဆရာမခေါ်ရာ လိုက်ခဲ့တယ်။ ဆရာဝန် ဆီ ရောက်တော့ ဆရာဝန်က ပြောတယ်။ သားလေးက သွေးလွန်တုပ်ကွေးဖြစ်တာတဲ့။ သားလေးကို သွေးပေါင်ချိန်ကြည့်တော့ ချိန်မရဘူး။ ဆရာဝန်နဲ့ ဆရာမတွေ မျက်နှာလည်း မကောင်းကြဘူး။ ကျုပ်ရင်ထဲ စိုးရိမ်စိတ်က ရေနွေးအိုးလို ပိုပိုဆူလာတယ်။ ဘုရား ဘုရား သားလေး ဘာမှ မဖြစ်ပါစေနဲ့။ ဒါပေမယ့် ကျုပ်ဆုတောင်းတွေ မပြည်ခဲ့ဘူး။ဆရာဝန်စမ်းသပ်နေတုန်း ရပ်ကြည့်နေတဲ့ အချိန်ခဏလေးအတွင်းမှာပဲ ကျုပ်သားလေး က ကျုပ်ဘဝထဲကနေ ထွက်ခွာသွားခဲ့တယ်။ကျုပ်ရင်ထဲက နှလုံးသားကို ဆွဲနုတ်ခံလိုက် ရသလိုပါပဲတော်။ အော်ဟစ်ငိုယိုရုံပဲ တတ်နိုင် တော့တယ်။ ဆရာဝန်နဲ့ ဆရာမတွေ ကလည်း မျက်နှာမကောင်းကြပေမယ့် ကျုပ်ကို နှစ်သိမ့် ကြတယ်။
''ကလေးက နောက်ကျသွားတာကိုး အစ်မရယ်။ စောစောစီးစီးသာ ဆေးရုံလာခဲ့ရင် အစ်မသား ဒီလိုဖြစ်မှာ မဟုတ်ဘူး အစ်မ ရယ်''တဲ့။
ဆရာမတွေ ပြောသံလည်း ကျုပ်နားထဲ မကြားတစ်ချက်၊ ကြားတစ်ချက်ပါပဲတော်။
ကျုပ်သားလေးအလောင်းကိုပဲ စိုက်ကြည့် နေမိတယ်။ ကျုပ်ရင်တွေ ကွဲအက်ပြီး ပလောင် ဆူနေကြောင်း ပါးပြင်ပေါ်က မျက်ရည်တွေက သက်သေပေါ့တော်။ သားလေးဆုံးပြီးမှ ကျုပ် ယောက်ျားအရက်သမားကြီး ကိုမြမောင်ပေါ့ မူးမူးရူးရူးနဲ့ ရောက်လာတယ်။
''ကိုမြမောင်ရဲ့ တော်ကတော့ မူးကောင်း ရူးကောင်းနေတာတော်။ ခု ကျုပ်တို့သားလေး မရှိတော့ဘူးတော် မရှိတော့ဘူး''
ကျုပ် ကိုမြမောင်ကို ငိုယိုပြီး အော်ဟစ် ပြောဆိုနေမိတယ်။ ကိုမြမောင်ကလည်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး သားလေးအလောင်းကို တွေတွေကြီး စိုက်ကြည့်နေတယ်။ သားလေးကို တစ်ခုခုများ ပြောနေမလားပဲ။ အိုတော် သူ့ရင်ထဲ ဘယ်လိုရှိတယ် မသိပေမယ့် ကျုပ်ရင်ထဲမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချပစ်လိုက်တယ်။
အခန်း(၆)
အခုဆို ကျုပ်ယောက်ျား ကိုမြမောင် တစ်ယောက် ဘုံဆိုင်တွေနဲ့ ရန်ဖြစ်ထား သလားတောင် ထင်မိတယ်။ အချိန်ရှိသရွေ့လယ်ထဲကိုင်းထဲမှာပဲ အချိန်ကုန်နေတော့ တယ်။အိမ်နောက်ဖေးက ရေအိမ်ကလည်း သူကိုယ်တိုင် လုပ်ထားတာပါတော်။ ပြီးတော့ ကျုပ်အိမ်မှာ ရေထည့်တဲ့ကျောက်ခွေတွေ ဘာတွေနဲ့တော့။ ကျောက်ခွေတွေမှာ အပြာ ရောင်သွပ်ပြားတွေ ဖုံးထားတာများ မြင်ရတာ ကို သပ်သပ်ရပ်ရပ်နဲ့ ကျုပ်တော့ ကြည့်မဝဘူး တော်ရေ့။ ကျုပ်ယောက်ျားကြီး ကိုမြမောင် ပေါ့တော် အမှိုက်မကျအောင်၊ ခြင်မဝင်အောင် ဖုံးထားတာတဲ့လေ။ ကျုပ်ကိုလည်း ရေအိုးဖုံးဖုံး ဖို့ နှီးအဖုံးတွေ ဝယ်ခိုင်းထားသေးတယ်တော်။ ဆရာမလေးတွေ ရွာထဲ ဟောပြောပွဲလာလုပ်တဲ့ နေ့တွေများဆို အိမ်တံခါးပိတ်ထားခဲ့ပြီး ဟောပြောပွဲ ရှေ့ဆုံးတန်းမှာ ကျုပ်တို့ လင်မယားက မိန့်မိန့်ကြီး ထိုင်နေတတ် ပါပြီတော်။ ကျုပ်တို့သားလေးကလေ သူ့ အသက်နဲ့ရင်းပြီး မှောင်မိုက်နေတဲ့ ကျုပ်တို့ လင်မယားရဲ့အသိတွေကို အလင်းပြသွားခဲ့တာ တော့။ ထုံနေတဲ့ကျုပ်တို့ရဲ့ အသိဥာဏ်ကို ဖြေဆေးပေးခဲ့တဲ့သူလေးပါတော်။ အောင်မ လေး အတိတ်ကို တွေးမိတိုင်း ကျုပ်လေ ကျုပ် ရင်တွေ နာလိုက်တာတော်။
ပန်းဒဏ္ဍာရီ
No comments:
Post a Comment