(၁)
ကံကြမ္မာကိုသာ အပြစ်တင်ရမည်လား။ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်မြင်ရမည်လား။ကျွန်မမတွေးတတ်တော့ချေ။ အားကိုးအားထား ပြုချင်မိသည့်အတွက် သူ့တစ်မျက်နှာ တစ်အိမ်ထင်ပြီး တစ်ရွာတည်းနေ တစ်ရေ တည်းသောက် ကိုမြင့်အောင်နှင့် အကြောင်း ဆက် ပေါင်းဖက်ခဲ့သည်။
ချစ်စကြင်စပင် နှစ်ဦးသားကြည်နူးခဲ့ပါ သော်လည်း အချိန်ကြာသည်နှင့်အမျှ အဆင်မပြေမှုကသာ တိုးသထက်တိုးလာ၏။အချစ်နှင့်မကင်းနိုင်သော ပုထုဇဉ်ပေမို့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရဆိုသည့် အတွေးမျိုးနှင့် အချစ်နွံထဲ ကျွံခဲ့ရပြီ။ သို့သော် ချစ်တာနှင့် အိမ်ထောင်ပြုခြင်းက စိတ်ကူး ယဉ်သလောက် မလွယ်ကူပေ။ သည်အတွေး မျိုး အပျိုဘဝက မတွေးမိခဲ့။ ယခုဖြင့် အချိန် တွေနှောင်းလွန်းခဲ့လေပြီ။
တစ်ခါတလေ အတိတ်က မိဘရင်ခွင် လေးကို ပြန်မက်မောမိသည်။
မိဘလက်ထဲမှာ ကလေးတစ်ယောက် သဖွယ် နေချင်သလိုနေ၊ စားချင်သလိုစား၊ အိပ်ချိန်တန်အိပ်နှင့် ဇိမ်ကျခဲ့ရသည်။ ယခုဖြင့် ဇိမ်ဆိုတာ ဘယ်လိုအရသာရှိမှန်းမသိအောင် ကင်းကွာခဲ့ခြင်းမှာ အိမ်ထောင်စကျပြီး အချိန် ကာလတစ်ခုဟု ဆိုရမည်။ သည့်နောက်ပိုင်း အိပ်ချိန်တန်အိပ်၊ ထချိန်တန်ထဖို့ကို အချိန် ကန့်သတ်ချက်ဖြင့် ဇယားချထားရသကဲ့သို့ပင်။
အချို့သောသူတွေ အိပ်ကောင်းတိုင်း အိပ်နေသည့်အချိန် ကျွန်မ အိပ်၍မပျော်နိုင် သေးပေ။ တစ်ပူပေါ် တစ်ပူဆင့် အတွေးတွေ များလှ၏။
မနက်ဆိုလျှင်လည်း အခြားသူများ မနိုးထ သေးသည့်အချိန် ကျွန်မ အိပ်ရာနိုးနှင့် နေပြီ။ ပါးစပ်လှုပ်ဖို့ လက်လှုပ်ရဦးမည်။ အိပ်ရာက နိုးသည်နှင့်တစ်ပြိုင်နက် မီးဖိုချောင်ထဲ ဝင်ကာ မီးမွှေးပြီးနောက် ပဲပြုတ်အိုးတည်ရသည်။
သည်ပဲပြုတ်ရောင်းသည့်အလုပ်ကလေးကိုသာ မိသားစုဝမ်းရေးအတွက် မှီတင်းနေရ သည်။ အပျိုဘဝကတည်းက အမေ့ထံမှ လက်ပွန်းတတီး သင်ယူလာမိခဲ့သည့်အတွက် အမေ့ကိုသာ ကျေးဇူးတင်၍ မဆုံး။
သည်အလုပ်သာ မရှိလျှင် စားရေး၊ သောက်ရေး လွယ်မည်မဟုတ်။ အပျိုကတည်း က အခြားမည်သည့်အလုပ်ကိုမှ မည်မည်ရရ မလုပ်တတ်ခဲ့ပေ။ အားကိုးအားထားရမည် အမှတ်နှင့် ယောက်ျားယူပြန်တော့လည်း ယူသည့်ယောက်ျားက ပုံသေအလုပ်မရှိ။လင်မယားနှစ်ယောက်စလုံး ပညာတတ်ခဲ့သည် မဟုတ်တော့ ရွာအလုပ်ကိုပဲ ကြုံရာကျပန်း လုပ်မည်ဟု ဆုံးဖြတ်၍ လက်တွဲခဲ့သည်။သို့သော် လောကမှာ အထင်နှင့် အမြင်သည် စိတ်ကူးနှင့်တစ်ထပ်တည်း မကျမှန်း ကျွန်မ သိခဲ့ပြီ။ အိမ်ထောင်ကျပြီးနောက် ကျွန်မ ယောက်ျား ကိုမြင့်အောင် အချိုးမပြေချင်တော့ ပေ။ ဟိုအလုပ်ကလေး လုပ်ရနိုး။သည်အလုပ် ကလေး လုပ်ရနိုးနှင့်။ ဘယ်အလုပ်ကိုမဆို လက်ကြောတင်းတင်း မလုပ်ချင်။ ရံဖန်ရံခါ အလုပ်လုပ်လို့ရသည့်ငွေကိုလည်း စညားပြီး ခါစသာ ကျွန်မလက်ထဲအပ်သည်။ ယခု နောက်ပိုင်း သူရှာသည့်ငွေက သူ့အပေါင်း အသင်းများနှင့်သာ ဆိုင်ထိုင်ဖြုန်းလာတော့ သည်။
အိမ်ထောင်သက် ကြာလာသည်နှင့် အမျှ ယောင်ဝါးဝါးနိုင်လွန်းလှသည်။ အလုပ်ကို မယ်မယ်ရရမရှိ။
''သူများယောက်ျားတွေနဲ့များ တခြားစီ'' ဟု သူ့အရှေ့ညည်းပြလိုက်မိလျှင် တွေ့ကရာ ယောက်ျားနှင့် ပေးစားတော့၏။ ကျွန်မ ရှက်လွန်းလို့သာ ငြိမ်ခံနေရသည်။ သူနှင့် ညားခါစက နှစ်ဖက်မိဘများ၏ ထောက်ပံ့မှု လေးကြောင့်သာ အိုးနှင့်အိမ်နှင့် နေထိုင်နိုင် သည်ဆိုရုံမျှ။
တစ်ခါတလေ ယောက်ျားယူမိတာ မှားလေခြင်းဟု သံဝေဂရမိသည်။
ကျွန်မကိုယ်တိုင် သည်ယောက်ျားကို ရွေးချယ်ခဲ့ပြီးမှတော့ မှားလည်းဆက်ပေါင်း ရတော့မည်။ မပေါင်း၍လည်းမရ။ ယခုဆိုလျှင် အိမ်ထောင်သက်တမ်း လေးနှစ်ထဲကျော်လာ ခဲ့၍ သားလေးတစ်ယောက် မွေးလာခဲ့ပြီ။အိမ်ဦးနတ်ကတော့ အိမ်ဦးခန်းမှာထိုင်၍ တစ်နေ့တခြား မူးရမ်းလာပြီး စကားတွေပါ ရှေ့နောက်မညီ ရိသဲ့သဲ့နိုင်လာတော့၏။
အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ သည်းခံချင်စိတ် လျော့ပါးလာသည်။ သို့သော် သားလေး၏ရှေ့ရေးအတွက်သာ ရှေးရှုနေရ သေးသည်။ အသက်သုံးဆယ်အရွယ် ကျွန်မ မျက်နှာကို မှန်ထဲပြန်ကြည့်မိလျှင် ငယ်ငယ် ရွယ်ရွယ်နှင့် အဘွားအိုရုပ်ပေါက်နေသည်။သည်လိုယောက်ျားမျိုးကို ယူခဲ့မိသည့်အတွက် စိတ်ပင်ပန်းဒဏ်တွေကို ဦးရွက်ထားရသကဲ့သို့ ပင် ဖြစ်နေရသည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသော ရှေးလူကြီးများ၏ စကားကိုပင် မယ်တစ်ထမ်းမယ်တစ်ရွက်ဟူ၍ ပြောင်းလဲပစ်ရမလိုလိုပင်။
စိတ်ထောင်းကိုယ်ကြေဘဝမျိုးရောက်မှ အိမ်ထောင်ရေးကံခေလွန်းလှသည်ဟု ကျွန်မ ကိုယ်ကျွန်မ သနားမိပြန်၏။
ယောက်ျားတွေမကောင်းဘူးဟု ပြောပြန် လည်း အကုန်လုံးကို ဝါးလုံးအရှည်နှင့် ပတ်ရမ်းသလိုဖြစ်ဦးမည်။ယောက်ျားကောင်းရ ထားသည့် ကျွန်မငယ်ပေါင်းအချို့ကို အားကျ မိသည်။ ကျွန်မလည်း သူတို့လို ဝတ်ကောင်း စားကောင်းတွေနှင့် ပြေပြေလည်လည် နေချင် မိသည်။
သို့ပေမယ့် သည်ဘဝတော့ သည်ယောက်ျားနှင့်သာ ဝဋ်ြေ<ွကးဆပ်ပေဦးဟု ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်သည်။
''အောက်အီးအီးအွတ်''
လင်းကြက်တွန်သံတောင် ကြားရပြီ။ညအိပ်ခါနီးတိုင်း အတွေးတွေများလွန်း လှသဖြင့် ညဥ့်နက်အချိန်ထိ အိပ်၍ မပျော်ခဲ့ပါ။
သို့အတွက်ကြောင့် မိုးလင်းသည့်အခါ တိုင်း အိပ်ရေးမဝသလိုပင် ဖြစ်မိသည်။
ကျွန်မ ဆက်အိပ်ဖို့ရန် မဖြစ်တော့။ထို့ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်နေသော မျက်လုံး များကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ပြီးနောက် တုံကင်ရှိရာသို့ ဆင်းသွားပြီး အိပ်ချင်သည့်စိတ်လေး ပြေလျော့သွားစေရန် မျက်နှာသစ်လိုက်၏။ အနည်းငယ် လန်းဆန်း မိရုံမျှသာ။ ခေါင်းထဲတွင် နောက်ကျိကျိ ဖြစ်နေသေးသည်။ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်၍ ကျပ်ခိုးစင်ပေါ်ရှိ ထင်းများကိုယူကာ မီးမွှေးလိုက်သည်။ မီးစက တော်တော်နှင့် မတောက်။ မီးစအရှိန်လေးရတော့မှ ပဲပြုတ် အိုးကို မီးဖိုပေါ်တင်လိုက်သည်။ ပဲပြုတ်အိုးပြီး လျှင် ထမင်းအိုးတည်ရဦးမည်မို့ ဒန်အိုးထဲသို့ ဆန်သုံးလုံးထည့်ကာ ရေဆေးလိုက်သည်။
မီးဖိုအတွင်း ရဲရဲတောက်လောင်ကျွမ်းနေ သော မီးညွန့်များမှာ ကျွန်မစိတ်ထဲလောင်နေ သော သောကမီးတွေလောက် တောက်လောင် နေလိမ့်မည် မဟုတ်ပေ။ တစ်နေ့တာအတွက် ရုန်းထပျံသန်းလာသော ငှက်ကလေးများ၏ တကျည်ကျည်မြည်နေသောအသံများ။နေရောင်ခြည်အောက်မှာ ရုန်ြး<ွက၍ ပွင့်ဝေ လာသော ပန်းကလေးများ။ ကျွန်မ မခံစား တတ်တော့ပါ။
(၂)
အိမ်ရှေ့လမ်းမပေါ်မှ ပဲပြုတ်သည်၏အသံကြောင့် ဘုရားဝတ်ပြုနေခြင်းကို လက်စ သတ်လိုက်သည်။ ပဲပြုတ်သည်ကို လှမ်းခေါ် လိုက်၏။ မနက်စာကို ပဲပြုတ်ဆီဆမ်းနှင့်သာ နှစ်ပါးသွားနေရသည်မှာ လပေါင်းမနည်း တော့။ ကျုပ်တို့လင်မယားနှစ်ယောက် ဘဝထဲ ကို သမီးလေးတစ်ယောက် မွေးဖွားရောက်ရှိ လာကတည်းကဟု ဆိုရမည်။ ခုဆို သမီးလေး က ငါးလသားအရွယ် ရောက်ခဲ့ပြီ။ သည်လပိုင်း တွေမှာ ကျုပ်မိန်းမက ကျုပ်ထက် သမီးလေး ကိုသာ ပို၍ဂရုစိုက်လာတော့သည်။
ယခင်ကလည်း ကျုပ်ကိုဂရုတစိုက်ရှိသည် မဟုတ်ပါ။ ကျုပ်အတွက် မနက်စာမှာ ဟင်းလျာနှင့်ပဲပြုတ် ကွာခြားသွားပုံကလွဲ၍ အချို့အမူအကျင့်တွေက ယခင်လိုသာ ပုံမှန် ရှိစမြဲ။
မိန်းမယူမိတာ မှားများမှားခဲ့လေခြင်းဟု တစ်ခါတစ်ရံ ကျုပ်နောင်တရမိသည်။သည်လို အတွေးမျိုးက ကျုပ်တစ်ယောက်တည်းမဟုတ်။
ကျုပ်မိတ်ဆွေအချို့လည်း သည်လိုပြော တတ်လေ့ရှိ၏။ ကျုပ်လူပျိုအရွယ်တွင် အိမ်ထောင်သည်အပေါင်းအသင်းအချို့က ပြောလေ့ပြောထ စကားတစ်ခွန်းရှိသည်။ ''မိန်းမ မယူနဲ့ တစ်ယောက်တည်း နေတတ် အောင်နေလို့'' ပြောတတ်သည်။
သူတို့လည်း ရှေ့ကသူများပြောသည့် စကားကို နားမထောင်ဘဲ ယူခဲ့ကြတော့ ကျုပ်လည်း သူတို့စကား နားမယောင်မိပါ။
ချစ်တတ်ဖို့ မွေးဖွားလာသောလူသား တစ်ဦးပီပီ ကျုပ်လည်း အချစ်ကို လက်တွေ့ စမ်းသပ်မိချင်၏။ ကျုပ်ဘွဲ့ရပြီးနောက် စက်ရုံ တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။ အလုပ်ရပြီး သိပ်မကြာလိုက်ပါ။ ပညာစုံပြီး ကြင်ရာစုံဖို့ရန် အကြောင်းဖန်လာခဲ့သည်။
တစ်မြို့ထဲနေ ခင်ကလျာနှင့် နဖူးစာ ရွာလည်၍ ဆုံတွေ့ခဲ့ကြသည်။ ကျုပ်ကလည်း အလုပ်အကိုင်ရှိသည်။ သူကလည်း အထည် ချုပ်စက်ရုံ ဆင်းနေသောသူဖြစ်၏။တစ်ယောက်နှင့်တစ်ယောက် ချစ်သည်က တစ်ကြောင်း။ အလုပ်အကိုင်ရှိသည်က တစ်ကြောင်း။ ထို့ကြောင့် နှစ်ဖက်မိဘများ၏ သဘောတူညီမှုရှိကာ လက်ထပ်ဖြစ်ခဲ့ကြသည်။
အိမ်ထောင်ကျခါစ ကျုပ်တို့နှစ်ဦးစလုံး အလုပ်အကိုင်ဝင်ငွေလေး ရှိသောကြောင့် အဆင်ပြေလှသည်။ ထိုအဆင်ပြေမှု သိပ် ကြာကြာမဖြစ်လိုက်ချေ။ ကျုပ်မိန်းမသည် အထည်ချုပ် အလုပ်လုပ်ရသည်ကို ငြီးငွေ့လာ သည်လား။ အလုပ်မလုပ်ချင်လို့များလား။ ကျုပ်မတွေးတတ်တော့။ သူအပျိုတုန်းကလို နေပုံထိုင်ပုံ ပြောပုံဆိုပုံကအစ ပြောင်းလဲလာ သည်ကို ကျုပ်သတိထားမိလာသည်။ နေမကောင်းဖြစ်လိုက်၊ ဗိုက်အောင့်ဖြစ်လိုက် နှင့်။
ဆင်ခြေဆင်လက် များလွန်းကာ နောက်ဆုံး သူအထည်ချုပ်စက်ရုံကပါ ထွက် လိုက်၏။ သည့်နောက်ပိုင်း ကျုပ်လုပ်စာတစ်ခု သာရှိတော့သည်။ အိမ်မှုကိစ္စ၊ ဝေယျာဝစ္စက အစ နိုင်နင်းအောင် မလုပ်ချင်တော့သည်ကို ကျုပ်ရိပ်စားမိသည်။ သည်လိုဖြစ်လာတော့ ကျုပ်စိတ်က ပြောချင်ပြန်သည်။
ပြောပြန်လျှင်လည်း ကျုပ်ကို ရန်တွေ့ တတ်သေး၏။ ပတ်ဝန်းကျင်ကကြားလျှင် ရှက်စရာဖြစ်မည်။ သို့ကြောင့်သာ နှုတ်ပိတ်၍ ငြိမ်နေရသည်။
''ဒီကောင့်မိန်းမက အပျိုတုန်းက ဟုတ်တော့မလိုလိုနဲ့'' ခုတော့ ဒီကောင့်ဘဝ ''တစ်ယောက်တည်း ရုန်းနေရပြီဟေ့'' သည်လို စကားမျိုးကို အပေါင်းအသင်းများထံမှ နားစွန် နားဖျားကြားမိလာလျှင် ကျုပ်မိန်းမဖြစ်သူကို စိတ်ပျက်လာမိသလိုဖြစ်၏။ အစက သူလည်း အလုပ်နှင့် ကိုယ်လည်းအလုပ်နှင့်ဟုတွေးကာ ဘဝရှေ့ရေးအတွက် စိတ်ချယုံကြည်စွာ လက်တွဲခဲ့သည်။ ယခုဖြင့် ကျုပ်ထင်ထားခဲ့ သည့် ဘဝတစ်ခုက ခေါင်းနှင့်ပန်းလိုပင်။ကျောချင်းကပ်၍ စိတ်ချင်းမတူတော့ပေ။
တစ်ခါတလေ အလုပ်ကပြန်လာသည့် အချိန် နောက်ကျလျှင် နားမခံသာလိုသော စကားများကို ပြောတတ်သေး၏။
''ဘယ်အချိန်ရှိပြီလဲ နာရီကိုလည်းကြည့်ဦး ကိုကျော်ဆန်း၊ ဘာလဲ ငါ့ကိုစိတ်ပျက်ပြီး အငယ်အနှောင်း ရှာနေတာလား''
''တောက်''တစ်ချက်ခေါက်မိရုံမျှတစ်ပါး။နှစ်ဖက်မိဘတွေ၏မျက်နှာကို ငဲ့ရသေးသည်။သားသမီးမကောင်း မိဘခေါင်းဟု ရိုက်ခတ် မည်ကို ကျုပ်မလိုလား။ ချစ်လို့ယူထားမိမှတော့ သည်းခံပြီးသာ ဆက်ပေါင်းနေရတော့၏။
''သူများမိန်းမတွေနဲ့ ကွာပါ့''ဟု ကျုပ် စိတ်ထဲ မကြာခဏ မြည်တွန်တောက်တီးမိ၏။မိန်းမတွေမကောင်းဘူးဟု သိမ်းကျုံးပြောရ အောင်လည်း ကျုပ်မိတ်ဆွေအချို့၏ မိန်းမ တွေ သည်လိုမဟုတ်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိကြသည်။ ကျုပ် ရှေ့မှာ သည်လိုနားလည်မှုတွေ မြင်ရပြန်တော့ ကျုပ်မိန်းမကိုလည်း ကျုပ်နားမလည်နိုင်တော့။သမီးရည်းစားဘဝနှင့် လက်ထပ်ပြီးချိန်ဘဝ ခြားနားမှုက များစွာပြောင်းလဲသွား၏။ကျုပ်ကတော့ အိမ်ဦးနတ်မို့ ဆုံးမမိပြန် တော့လည်း သူမကြိုက်။ လှချင်ပချင်၊ ကြော့ကြော့လေးနေချင်သည့် စိတ်ကသာ လွှမ်းမိုးနေ၏။ အစားအသောက်ကအစ ကျုပ် အကြိုက်ထက် သူ့အကြိုက်ကိုသာ ဦးစားပေး ချက်တတ်လာသည်။ အချိန်ကြာလာသည်နှင့် အမျှ ကျုပ်မိန်းမကို စိတ်ပျက်ချင်လာမိသည်။ သည်လိုစိတ်အတွေးတွေကြောင့် ကျုပ်မျက်နှာ က အသက်အရွယ်နှင့်မလိုက်အောင် ရုပ်ရည် ကျလွန်းလှသည်။
''အိမ်ထောင်ပြု ဘုရားတည် ဆေးမင် ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်ရင် နောင် ပြင်ရန်ခက်သည့်အမျိုး''ဆိုသည့် ရှေးလူကြီး များ၏ ဆိုစကားကို ကျုပ်အခုမှ အဓိပ္ပာယ် သိခဲ့သည်။ အိမ်ထောင်ပြုသည့်ကိစ္စက ပြန်ပြင် လို့မရသည့် အမှားမှန်း ကျုပ်ကောင်းကောင်း သိခဲ့လေပြီ။
မျက်နှာလေးမြင်ရုံ၊ အသံလေးကြားရုံနှင့် စွဲလမ်းမိသည့်စိတ်ကို အချစ်ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့မိလေသည့် ကျုပ်ရွေးချယ်မှုကို တစ်ခါ တစ်ခါ နောင်တရ၍ မဆုံးနိုင်။သည်အချိန် အခါမှ ပြင်၍လည်း မရပေ။အကောင်းနှင့် အဆိုး ဒွန်တွဲနေသည့်လောကကြီးမှာ ရေစက် ရှိ၍ ဆုံလာခဲ့ပြီးပြီ။ ဝဋ်ရှိလို့သာ နေရပေဦးဟု ကိုယ့်ကိုယ်ကိုယ်သာ ကျုပ်အပြစ်တင်မိတော့ သည်။
''ကို အလုပ်မသွားသေးဘူးလား''
သမီးကလေးကို ပွေ့ချီကာ အိပ်ရာထဲမှ ထလာသော မိန်းမ၏ စကားသံကြောင့် ကျုပ် အတွေးများ ရပ်တန့်သွားသည်။ အလုပ်သွား ရဦးမည်ဖြစ်၍ စားလက်စ ပဲပြုတ်ဆီဆမ်းနှင့် ထမင်းကြမ်းကို ရေနွေးဖြင့်မျှောချလိုက်သည်။ သည်လိုမနက်ခင်းတိုင်း ကျုပ် ထမင်းနင်လာ သည်မှာ မဆန်းတော့ပေ။ တိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။ ခုနစ်နာရီခွဲတော့ မည်။
ပြီးနောက် ကျုပ်ခြေလှမ်းတွေက လမ်းမ ထက်ပေါ်တရွေ့ရွေ့။ အိမ်ထဲ၌ ကျန်ရှိခဲ့သော ကျုပ်မိန်းမ၏ကလေးချော့တေးက နားထဲမှာ တလွင့်လွင့်နှင့်။ ။
ပြည့်စုံအောင်(မှော်ဘီ)
No comments:
Post a Comment