Latest News

Friday, September 21, 2018

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ခရီးစဉ် ပြီးဆုံး၊ ပုန်းစရာ နေရာမရှိ အိုင်စီစီ လွှဲပြောင်းရေး ထောက်ခံမည်ဟု ဆို


ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဂျရယ်မီ ဟန့် ၏ ခရီးစဉ် ပြီးဆုံး သွားပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ‘ခက်ခဲသော အနေအထား’ ကို နားလည်ကြောင်း ကာကွယ် ပြောဆိုသွားခဲ့ပြီး ကမ္ဘာ အသိုက်အ၀န်း အနေဖြင့် အဖိနှိပ်ခံခဲ့ရသော လူနည်းစု မှ တရားမျှတမှု မရရှိမခြင်း အလျော့ပေးသွားမည် မဟုတ်ဟု ပြောကြားခဲ့ပါတယ်။

ရခိုင် ပြည်နယ် သို့ တပ်မတော် ရဟတ်ယာဉ် ဖြင့် သွားရောက်ပြီး အပြန်တွင် ဗြိတိန် အနေဖြင့် အိုင်စီစီ အား လွှဲပြောင်းပေးရေး ကို ထောက်ခံသွားဖွယ် ရှိကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

၎င်းရောက်ရှိခဲ့ရာနေရာတွင် “အကြောက်တရား များ ဖုံးလွှမ်းနေကြောင်း” ဖေါ်ပြခဲ့ပြန်ပါတယ်။

မြန်မာ အနေနဲ့ တပ်မတော်၏ ပြုမူချက်များကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော စုံစမ်းရေး ကော်မရှင် ကို ဖွဲ့စည်းခဲ့ပြီး လည်း ဖြစ်ပါတယ်။

ယင်းကိစ္စနှင့် စပ်လျင်း၍ ၎င်းက ပြောကြားရာတွင် ထို လုပ်ငန်းစဉ်များမှ တစုံတရာ ဖြစ်ပေါ်လာခြင်း မရှိက တရားမျှတမှု ဖြစ်ပေါ်စေရေး အတွက် မိမိတို့ တွင် ရှိသော လုပ်ထုံးလုပ်နည်း များကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးခဲ့မှုသည် တက်တက်ကြွကြွ ပွင့်ပွင့်လင်းလင်း ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

စစ်တပ် အနေဖြင့် အပြစ်ဒဏ်ခတ်ခံရခြင်း မရှိပဲ လုပ်နိုင်စွမ်း ရှိနေပြီး သူမအားလည်း တာဝန်ခံစရာ မလိုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိနေသဖြင့် သူမ၏ အနေအထားသည် လွန်စွဲခက်ခဲနေရသည်ကို မိမိတို့ နားလည်ကြောင်း တွစ်တာ တွင် ဖေါ်ပြခဲ့ပါတယ်။

၎င်းက ပြောကြားရာတွင် အိုင်စီစီအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အတည်ပြုချက် မရရှိခဲ့ပါက တရားစွဲဆိုမှုများကို ယင်းကိစ္စအတွက် အထူးရာဇ၀တ်မှု ခုံရုံး ဖွဲ့ခြင်း သို့မဟုတ် universal jurisdiction ဖြင့် ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဂျရယ်မီ ဟန့်က တော့ ထိုကိစ္စတွေ အတွက် လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ တင်ပြ ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။

ပြစ်မှု ကျုးလွန်သူများ အတွက် ‘ပုန်းကွယ်စရာ နေရာမရှိ’ ကြောင်းနှင့် တိုင်းပြည်ရဲ့ အမဲစက် ထင်ကျန်နေခဲ့မှုများ ပပျောက်စေရေးအတွက် အပြစ်ဒဏ် စီရင်နိုင်ဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အား ပြောခဲ့တယ်လို့ ဆိုပါတယ်။ သို့မဟုတ်ပါ က ကမ္ဘောဒီယား ရှိ ခမာနီများလို အမဲစက်ကြီး ကျန်ခဲ့တော့မှာ ဖြစ်တယ်လို့ ဟန့်က တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။

ဟန့်က ရိုက်တာ သတင်းထောက်နှစ်ဦးမှ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရေး စဉ်းစားပေးပါရန် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းခဲ့ပါတယ်။

ဒီမိုကရေစီ နိုင်ငံသစ်တခု အနေဖြင့် ၎င်းတို့၏ တရားစီရင်ရေး သည် ထိရောက်မှု ရှိပြီး လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြသဖို့ လိုပေမယ့် အခု အမှုမှာ ဒီအချင်းအရာ တွေ မတွေ့ခဲ့ရဖူးလို့ ဆိုပါတယ်။

ကနေဒါ အောက်လွှတ်တော်ကတော့ မြန်မာ စစ်တပ်၏ ရခိုင်တွင် အကြမ်းဖက် ကျုးလွန်မှုများ အား လူမျိုးတမျိုးအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု genocide ဟု ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေ ဂျရယ်မီ ဟန့် ၏ ပြောဆိုချက်များက ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကို မည်သို့မျှ အထောက်အကူ မဖြစ်စေခဲ့ပဲ မီးလောင်ရာ လေပင့် ဖြစ်သွားစေခဲ့ပါတယ်။

တပ်မတော်မှ ဂျရယ်မီ ဟန့်နဲ့ တွေ့ဆုံဖို့ကို ငြင်းပါယ်ခဲ့ပါတယ်။

ဟန့် ပြောသော Universal Jurisdiction (UJ) ဆိုတာကတော့ နိုင်ငံတခု၏ တရားရုံး တခုမှ နိုင်ငံတကာမှ သတ်မှတ်ထားသော ရာဇ၀တ်မှုများကို ကျုးလွန်ခဲ့သူအား တရားစွဲဆို စီရင်နိုင်ခွင့် ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အသိုက်အ၀န်း နှင့် တည်ရှိနေသော စနစ်ကို ထိခိုက်အောင် ပြုမူသည်ဟု ယူဆက လုပ်ပိုင်ခွင့် ရှိတဲ့ သဘော ဖြစ်ပါတယ်။

အနီးစပ်ဆုံး ဥပမာ ပြရက အဆိုပါ လုပ်ပိုင်ခွင့် ကို အသုံးပြုကာ နာဇီ စစ်ရာဇ၀တ်ကောင် ဖြစ်သူ အဒေါ့ဖ အိုက်ခမန်းကို ၁၉၆၁ မှာ အစ္စရေး က ရုံးတင် တရားစွဲဆို အပြစ်ပေးခဲ့ပါတယ်။ ထိုအချိန်က အိုက်ခမန်းသည် အာဂျင်တီနား တွင် ပုန်းအောင်းလျက် ရှိနေရာမှ အစ္စရေး ထောက်လှမ်းရေး မော့ဆက်က လျို့ဝှက် စစ်ဆင်ရေး ဖြင့် ဆင်နွှဲကာ ၀င်ရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှု ကျးလွန်သူဟု ယူဆရာသူအား ၎င်း၏ နိုင်ငံမှ တရားရုံ တင်လိုခြင်းမရှိ၊ တင်ရန်လည်း မတတ်နိုင် ဖြစ်နေသည့်အခါ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ၁၉၄၉ ဂျနီဗာ သဘောတူညီချက် ဖြင့် နိုင်ငံပေါင်း ၁၉၄ နိုင်ငံ က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထို့အတွက် အိရတ် နဲ့ အာဖဂန်နစ္စတန် မှာ ပြစ်မှု ကျုးလွန်ခဲ့တယ်လို့ ယူဆတဲ့ အမေရိကန် စစ်ဖက်အရာရှိင်္တေကို ဥပမာ အားဖြင့် ဂျာမန် နိုင်ငံ အနေနဲ့ တရားစွဲဆို ဆုံးဖြတ်ခွင့် ရှိနေပါတယ်။

နောက်ထပ် ဥပမာတခုကတော့ ယခင် ချီလီ အာဏာရှင်ဟောင်း ပီနိုချေး အား ချီလီ နိုင်ငံတွင်း ပြဌာန်းပေးခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေအရ တရားစွဲဆို ခဲ့ခြင်း မရှိသော်လည်း ၎င်းကြောင့် ထိခိုက်နစ်နာရသူများက စပိန်တရားရုံးမှ တရားစွဲဆိုခဲ့ကြပါတယ်။ ထို့အတွက် မျက်ကွယ်မှ ပီနိုချေးကို တရားစီရင်ခဲ့ပါတယ်။ ၁၉၉၃ မတ်လအထိ ချီလီတပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ထမ်းဆောင်ခဲ့ပါတယ်။ သို့သော် ၁၉၉၈ မှ လန်ဒန်သို့ ခရီးထွက်ခဲ့ရာမှာ UJ အရ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ပီနိုချေးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အထူးခုံရုံး ဖွဲ့စည်းမယ် လို ဂျရယ်မီ ဟန့် နောက်ထပ် ပြောဆိုသွားတာက Specialized Criminal Court
ဖြစ်ပါတယ်။ အဆိုပါ ခုံရုံးကတော့ အိုင်စီစီ မှ တိုက်ရိုက်ပါဝင်ပါတ်သက်ခြင်း မရှိပဲ နုရင်ဘတ် နဲ့ တိုကျို စစ်ခုံရုံးများ မှ အစပြုခဲ့ပြီး ကော့ဆိုဗိုလ်၊ အာဖရိကနိုင်ငံများနဲ့ လကဘနွန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား နဲ့ အရှေ့တီမော တို့ မှာ နိုင်ငံတကာ တရားသူကြီးများနဲ့ ဖွဲ့စည်းခဲ့တဲ့ အထူး ခုံရုံးမျိုး ဖြစ်ပါတယ်။

အထူးသဖြင့် တော့ သက်ဆိုင်ရာ အစိုးရက ကုလသမဂ္ဂ နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ပြည်တွင်းမှာ ခုံရုံး ဖွဲ့စစ်ဆေးစေတာ မျိုး ဖြစ်ပါတယ်။

ရာဇ၀တ်မှု ကျုးလွန်ခဲ့သူများ အား အပြစ်ဒဏ်စီရင်ခြင်း မှ ကင်းလွတ်ခွင့် ရနေခြင်း ကို ဟန့်တားနိုင်စေတဲ့ လုပ်ထုံး လုပ်နည်းများပဲ ဖြစ်ပါတယ်။

ယခု မြန်မာအပေါ် UJ သုံးရန် စတင် အကောင်အထည် ဖေါ်လိုက်တဲ့ နိုင်ငံကတော့ တူရကီ ပဲ ဖြစ်ပါတယ်။ တူရကီ ရှေ့နေတဦးမှ မြန်မာ စစ်ဖက် အရာရှိကြီး ၂၂ ဦးအား အင်ကာရာ တရားရုံးမှာ အမှုဖွင့်လိုက်ပါတယ်။
လှစိုးဝေ

ကိုးကား၊ ။ Daily Telegraph (UK), Sky News (UK), Anadolu Agency (Turkey), Globe and Mail (Canada), Nikki Asian Review (Japan)

No comments:

Post a Comment