Latest News

Friday, September 21, 2018

သဘာဝဘေးအန္တရာယ် ဖြစ်ပွား၍ ပျက်စီးဆုံးရှုံး၊ ဒဏ်ရာရမှုများဖြစ်ပွား

သဘာဝဘေးအန္တရာယ် ဖြစ်ပွား၍ ပျက်စီးဆုံးရှုံး၊ ဒဏ်ရာရမှုများဖြစ်ပွား

နေပြည်တော်၊ စက်တင်ဘာ ၂၁

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန် ဖလမ်းမြို့နယ် အတွင်း မိုးရွာသွန်းပြီး ချောက်ကမ်းပါး ပြိုကျမှုကြောင့် ကျင်မွှာလ်ရပ်ကွက်၌ (၂၄×၁၄×၈) ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် (လူမနေ) နှင့်တွဲလျက် ဆောက်လုပ်ထားသော (၁၄×၁၂×၈) ပေရှိ မီးဖိုဆောင် ၁ ခု မြေသားအိ၍ ပြိုကျပျက်စီးခဲ့ရာ တန်ဖိုး (၁,၅၀၀,၀၀၀) ကျပ် ဆုံးရှုံးခဲ့ကြောင်း၊  ၀၄၃၀ အချိန် ယင်းမာပင်မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ဇီးတော-လာဘို့ ကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အလျား ၂၂၀ ပေ၊ အနံ ၉ ပေရှိ ကိုယ်ထူကိုယ်ထ သစ်သားတံတား ၁ စင်း ရေမျောပျက်စီးခဲ့ရာ တန်ဖိုး (၂၅,၀၀၀,၀၀၀) ကျပ် ဆုံးရှုံးခဲ့ကြောင်း၊ ၇ နာရီ ၄၅ မိနစ်တွင် မင်းကင်း မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် မင်းကင်း-ကလေးဝ ကားလမ်း မိုင်တိုင် (၁၂၁) နှင့် (၁၂၂) ရှိ မြေသားလမ်း အလျား ၂၀ ပေ၊ အကျယ် ၁၀ ပေခန့် ပဲ့ကျပျက်စီးခဲ့သဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်လဲ့ရည်ဝင်း ဦးစီးအဖွဲ့က ပြင်ဆင်ခဲ့ရာ ၉ နာရီ ၅၀ မိနစ်တွင် ပြီးစီးခဲ့၍ ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီအချိန် စဥ့်ကိုင်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဆည်သည် (တောင်) ကျေးရွာရှိ နေအိမ် ၅ လုံးအား ကျေးရွာအတွင်းရှိ မြေကွက်လပ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၆ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၄၅ ထိ သာပေါင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကုန်းကျေးရွာမှ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း နေအိမ် ၁ လုံး သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး (၁,၆၀၀,၀၀၀) ကျပ် ဆုံးရှုံးခဲ့ကြောင်း၊ ၇ နာရီ ၃၀ မိနစ်တွင် ပုသိမ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဂျိုင်လယ်ကျေးရွာ၌ ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၁ လုံး သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး (၂,၀၀၀,၀၀၀) ကျပ် ဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်ခင်ထွေး (၅၀) နှစ်တွင် ဝဲခြေထောက်ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကာ ပုသိမ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ နံနက် ၉ နာရီအချိန် ကန်ကြီးထောင့်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် (၅) ရပ်ကွက်၊ မာလာကုန်းလမ်းဆုံရှိ ဆောက်လုပ်ဆဲ " (၆၆) ကြိမ်မြောက် အဘဘိုးမင်းခေါင် အောင်ပွဲ" စာတမ်းပါ အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၁၂ ပေရှိ သစ်သား/သံဘောင်မုခ်ဦး ဆိုင်းဘုတ်ပြိုကျပျက်စီးခဲ့ရာ မုခ်ဦးဆောက်လုပ်နေသူ ရိုးကြီးကျေးရွာနေ မောင်ကျော် (၃၁) နှစ်တွင် ဦးခေါင်း၊ ယာခြေသလုံး ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ) နှင့် ရွာသစ်ကုန်းကျေးရွာနေ ပြောင်ကြီး (၃၅) နှစ်တွင် ယာနံရိုးကျိုးဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့၍ ပုသိမ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်းနှင့် ၄ နာရီ ၁၀ မိနစ်မှ ၄ နာရီ ၂၅ မိနစ်ထိ ငပုတောမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ဝါးတောကြီးကျေးရွာမှ စာသင်ကျောင်း ၁ ကျောင်းအမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုး (၂၀၀,၀၀၀) ကျပ် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)

No comments:

Post a Comment