ပြုံယမ်း စက်တင်ဘာ ၉
မြောက်ကိုရီးယားနိုင်ငံ ထူထောင်မှု နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အဖြစ် စစ်ရေးပြပွဲ အခမ်းအနားကို မြို့တော် ပြုံယမ်းတွင် စက်တင်ဘာ ၉ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း၊ သို့ရာတွင် ယခုနှစ်၏ စစ်ရေးပြပွဲတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံများကို ခင်းကျင်းပြသခြင်းမရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
စစ်ရေးပြပွဲတွင် စစ်သည်များက တပ်ဖွဲ့ယူနစ်အလိုက် စုဝေးချီတက်ခဲ့ကြ ပြီး အမြောက်ကားများနှင့် သံချပ်ကာကားများကလည်း အင်အားပြပါဝင်ခဲ့ကြ သည်။
စစ်ရေးပြပွဲတွင် ခေါင်းဆောင်ကြီးကင်က တရုတ်နိုင်ငံနှင့် သွေးစည်း ညီညွတ်မှုရှိပုံကို ဖော်ကျူးမှုအဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အထူးသံတမန်နှင့် အတူ စစ်ရေးပြပွဲကို ရှုစားခဲ့သည်။
ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအဖြစ် တရားဝင်အမည်တွင် သော မြောက်ကိုရီးယားနိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက် များအတွင်း နှစ်ပိုင်းကွဲခဲ့ရသော ကိုရီးယားကျွန်းဆွယ်တွင် မြောက်ဘက်ပိုင်း၌ တည်ရှိနေသော နိုင်ငံဖြစ်သည်။ ရုရှားတပ်ဖွဲ့နှင့် အမေရိကန်တပ်ဖွဲ့တို့က တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့ကို သိမ်းပိုက်ခဲ့ကြသည်။ ယင်းနောက် ၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မြောက်ကိုရီးယားက ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် နှစ်ပေါင်း အတန်ကြာမျှ ဒုံးလက်နက် ထုတ်လုပ်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အခွင့်သာခဲ့သည်။ နည်းပညာသုတေသနလုပ်ငန်းများ အောင်မြင်မှုရရှိခဲ့သည်နှင့်အမျှ အမေရိကန် ပြည်ထောင်စုအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်းရှိသော ဒုံးလက်နက်ကိုပင် ထုတ်လုပ်နိုင်သည့် အခြေအနေအထိ တိုးတက်ခဲ့သည်။
သို့ရာတွင် မကြာသေးမီကာလမှစ၍ တောင်ကိုရီးယားနိုင်ငံနှင့် လည်း ကောင်း၊ အမေရိကန်ပြည်ထောင်စုနှင့်လည်းကောင်း သံတမန်ရေးဆက်ဆံမှု တိုးတက်ကောင်းမွန်လာခဲ့သည်။ ခေါင်းဆောင်ကြီးကင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်ဇွန်လက ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့ပြီး ယခုလနှောင်းပိုင်းတွင်လည်း မြို့တော် ပြုံယမ်းတွင် တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းနှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
ဒေသဆိုင်ရာ ဆက်ဆံရေး တိုးတက်လာမှုနှင့်အတူ ယခုနှစ်တွင် ပြုလုပ် သော စစ်ရေးပြပွဲတွင် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးလက်နက်များကို အင်အားပြသမှု အဖြစ် ခင်းကျင်းပြသခြင်း မရှိပေ။
Mirror
No comments:
Post a Comment