ယာခင်းများ ဖျက်ဆီးသော တောဆင်ရိုင်းများကို
ကွန်ဂျီဆင်များဖြင့် ပြန်မောင်းထုတ်မည်
သာပေါင်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ် ကွမ်းခြံကုန်းကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာရှိ ယာစိုက်ခင်းများအား တောဆင်ရိုင်းအုပ် ၁၅ ကောင် ခန့်သည် လွန်ခဲ့သော သုံးရက် ကတည်းက ဝင်ရောက်ဖျက်ဆီးခဲ့ရာ ယင်းဆင်ရိုင်းများကို သစ်တော ဦးစီးဌာနမှ ကွန်ဂျီဆင်များဖြင့် တောတွင်းသို့ ပြန်လည်မောင်းထုတ် ရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် သဘာဝ အလျောက် ပေါက်ရောက်လျက် ရှိသည့် သစ်တောဧရိယာ ကျယ်ပြန့် စွာရှိသော်လည်း တရားမဝင် သစ်ခုတ်လှဲမှု၊ သစ်အလွန်အကျွံ ထုတ်လုပ်မှုများကြောင့် သစ်တောများ လျင်မြန်စွာပြုန်းတီး၍ ဂေဟစနစ် ပျက်စီးမှုများရှိသည့်အားလျော်စွာ သစ်တောများကို အမှီသဟဲပြုကာ နေထိုင်ကြရသည့် တောရိုင်းတိရစ္ဆာန် များအနေဖြင့် စားကျက်မြေနေရာများ ကျဉ်းမြောင်းလာရာက လူတို့စိုက်ပျိုး ထားသော သီးနှံစိုက်ခင်းများအား ဝင်ရောက်ဖျက်ဆီးစားသောက်ခြင်း ဖြစ်ပြီး ဆင်နှင့်လူ ထိပ်တိုက်တွေ့မှု ယခင်ကထက် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း အငြိမ်းစား ဆင်ဆရာဝန်တစ်ဦးက သုံးသပ် ပြောကြားသည်။
ယခုလက်ရှိ သာပေါင်းမြို့နယ် ပျဉ်းမထုံးကျေးရွာအုပ်စုအတွင်းရှိ တောင်သူနှစ်ဦးတို့၏ ကလောပင်နှင့် သီဟိုဠ်ပင် စိုက်ခင်းများကို ဝင်ရောက် ဖျက်ဆီးခဲ့သည့် တောဆင်ရိုင်းအုပ် ၁၅ ကောင်ခန့်အား မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်ဇော ဦးဆောင်သည့် သစ်တော ဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး အဖွဲ့ဝင်များက တောဆင်ရိုင်းအုပ် များအား ခြောက်လှန့်မောင်းနှင်ခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် ဝင်ရောက် ဖျက်ဆီးခဲ့သော ယာခင်းနှင့် နှစ်မိုင် ခန့်အကွာ ခရုသစ်တောကြိုးဝိုင်း အတွင်းသို့ ရောက်ရှိသွားပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ တောဆင်ရိုင်းအုပ်အား ဒေသတွင်း လူများနေထိုင်သည့်နေရာ များနှင့် လွတ်ကင်းရာသို့ ထပ်မံမောင်း ထုတ်နိုင်ရေးအတွက် ဆောင်ရွက်မှု များနှင့်ပတ်သက်ပြီး ''ဆင်တွေ မောင်းထုတ်ဖို့အတွက် ကျွန်တော် တို့က ကွန်ဂျီဆင်တွေ လှမ်းခေါ် ရတယ်။ ဆင်တွေ ဒီနေ့ ရောက်လာ ပါပြီ။ ဆင်ဦးစီးတွေက အရင်ဦးဆုံး ရောက်လာတာ။ ဆင်တွေကို မောင်းလာရင် ပင်ပန်းမှာစိုးလို့ လူတွေအရင်လာတာ။ တောဆင်တွေ ဘယ်နေရာမှာရှိတယ်ဆိုတာ တိတိ ကျကျ သိအောင်လို့ပါ။ လက်ရှိ ကွန်ဂျီဆင်မောင်းအဖွဲ့က ဝါးယား အနီးမှာရှိတဲ့ သပြုဆင်စခန်းမှာ ရောက်နေပြီ။ ဆင်တွေကိုတော့ ဟိုင်းချောင်းဆင်စခန်းမှာ ထားတယ်'' ဟု တောအုပ်ကြီးက ပြောသည်။
ကိုလွင်(ဆွာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment