Latest News

Tuesday, September 11, 2018

ရွှေအလေးချိန် တစ်နိုင်ငံလုံးခြားနားမှုမရှိစေရန် ညှိနှိုင်းဆွေးနွေးပွဲ မန္တလေးမြို့တွင် ကျင်းပ

ရွှေအလေးချိန် တစ်နိုင်ငံလုံးခြားနားမှုမရှိစေရန်
ညှိနှိုင်းဆွေးနွေးပွဲ မန္တလေးမြို့တွင် ကျင်းပ

မန္တလေး  စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဦးစီး ကျင်းပသော   ရွှေအလေးချိန်   တစ်နိုင်ငံလုံးခြားနားမှု မရှိစေရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ Wilson Hotel  ၌ ကျင်းပသည်။

တက်ရောက်ဆွေးနွေး

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် ရွှေလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းရှင်များ၊ ရွှေတူး ဖော်ထုတ်လုပ်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း နာယက ဦးမောင်ကိုက အမှာစကားပြောကြားပြီး မန္တလေး တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က မြန်မာနိုင်ငံ၌  ရွှေရောင်းဝယ်ရာတွင် ရွှေပမာဏကွာခြားနေမှု၊ ကမ္ဘာ့ရွှေဈေးနှင့်ပတ်သက်၍ ရွှေတစ်ကျပ်သား    တွက်ချက်ပုံကွာခြားနေမှု၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်  ကချင်ပြည်နယ်တို့တွင် တစ်ကျပ်သားလျှင် ၁၂ဝ ရွေးသတ်မှတ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၊   မွန်ပြည်နယ်၊  ရှမ်းပြည်နယ် တောင်ပိုင်း၊  ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့်  ပဲခူးတိုင်းဒေသကြီးတို့တွင်  တစ်ကျပ်သားလျှင်  ၁၂၈ ရွေး သတ်မှတ်ရောင်းဝယ်နေသောကြောင့် တစ်နိုင်ငံလုံး ခြားနားမှု မရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ရှင်းလင်းပြောကြားချက်များအပေါ် တက်ရောက်လာကြသည့် လုပ်ငန်းရှင် များက ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ရောင်းဝယ်ခြင်းဖြင့် ရွှေရောင်းသူများနှင့် ရွှေဝယ်ယူသူများအတွက်  နစ်နာမှုမရှိစေရန်  လိုအပ်ကြောင်း  ပြန်လည် ဆွေးနွေးရာ  တာဝန်ရှိသူများက  ရောင်းဝယ်မှုပုံစံအသစ်နှင့်  စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ရွှေတစ်ကျပ်သား၏ ဈေးနှုန်းကို ကမ္ဘာ့ ရွှေဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘာ့ရွှေပေါက်ဈေးနှင့် ပြင်ပ ဒေါ်လာပေါက်ဈေးမြှောက်ပြီး ၁ ဒသမ ၈၇၅ ဖြင့် စား၍ ဈေးနှုန်း သတ်မှတ်ပြီး တော်လှန်ရေးကောင်စီလက်ထက်က ၁ ဒသမ ၉ဝ၄၇၆၁၉၁၅ ဖြင့် စား၍ တွက်ချက်ကြောင်း၊ တွက်ချက်မှုနှစ်ခု၏ ကွဲလွဲမှုအရ ဈေးနှုန်းကွာခြားချက် ဖြစ်ပေါ်နေခြင်းကြောင့် ရောင်းဝယ် သူများ နစ်နာမှုမရှိစေရန် တစ်ပြေးညီဖြစ်စေရန် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ၈ ရွေးဖြင့် တွက်ချက်ရောင်းချသွားရန်၊ အဆိုပါနေ့ အရင်က ဝယ်ထားသော ရွှေများကို ၇ ရွေး ၁ ခြမ်းဖြင့် တွက်ချက်ပြီး ပြန်ဝယ်ရန် ဆွေးနွေးခဲ့ကြသည်။

အေးမြ(မန္တလေး)

No comments:

Post a Comment