ရွှေတိဂုံစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်ရန် ငြမ်းစေတီလုပ်ငန်းစတင်
ရန်ကုန် စက်တင်ဘာ ၁၅
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းအတွက် ငြမ်းစေတီလုပ်ငန်း စတင်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်း အနားကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် အထက် ပစ္စယံ တနင်္ဂနွေထောင့်တွင် ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ၊ စေတီတော်ဂေါပက အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် နတ်ဒေဝါများအား ဖိတ်ကြားတိုင်တည်ခွင့်တောင်းခြင်းနှင့် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းအခမ်းအနားများကို ကျင်းပသည်။
''ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ဖို့ ငြမ်းစေတီလုပ်ငန်းကိုလည်း ဒီကနေ့ စတင်ပါ တယ်။ ငြမ်းလုပ်သား ၁ဝဝ နဲ့ တစ်လကြာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကြာမှောက်၊ ကြာလှန်နဲ့ ငှက်ပျောဖူး မှာရှိတဲ့ ရွှေပြားတွေစစ်ဆေးပြုပြင်ဖို့၊ ထီးတော်မှာ ချိတ်ဆွဲ ထားတဲ့ ခေါင်းလောင်းလေးတွေ အသံမြည်အောင်ပြန်လုပ်ဖို့ အတွက် ငြမ်းလုပ်ငန်းကို ငှက်ပျောဖူးအထိ လုပ်သွားဖို့ ရှိပါတယ်။ ရွှေပြားတွေစစ်ဆေးခြင်းလုပ်ငန်းကို စက်မှု ဝန်ကြီးဌာနက ပညာရှင်တွေနဲ့ စစ်ဆေးသွားမယ်လို့ သိရ ပါတယ်။ ငှက်ပျောဖူးနေရာအထိ ဖြုတ်ပြီးတော့ ၁ဝ ချပ်ကို စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပါတယ်''ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော် ထားသော ရွှေသင်္ကန်းမှာ သုံးမျိုးရှိကြောင်း၊ Gold Plate, Gold Coating နှင့် မျက်ပါး ရွှေသင်္ကန်းများဖြစ်ကြောင်း၊ Gold Plate မှာ ခြောက်ကျပ်သား ရွှေသားစစ်စစ် ရွှေပြားများဖြစ်ပြီး ငှက်ပျောဖူးပိုင်းတွင် ကပ်လှူပူဇော် ထားကြောင်း၊Gold Coating မှာ ကြေးပြားပေါ်တွင် တစ်ကျပ်သား ရွှေပြားများကို အပူပေးကပ်ထားခြင်းဖြစ်ပြီး ရွှေသားမှာ အလွန်ပါးလွှာသည့်အတွက် ရာသီဥတုဒဏ် ကြောင့် ကွာကျနိုင်ကြောင်း၊ ၄င်းGold Coating များ ကို ကြာမှောက်၊ ကြာလှန်နှင့် ခေါင်းလောင်းရစ်ကြီးအောက် အဝိုင်းကြီး ငါးခုတွင် ကပ်လှူပူဇော်ထားကြောင်း၊ မျက်ပါး ရွှေသင်္ကန်းမှာ ကြေးပြားပေါ်တွင် စစ်စေးသုတ်လိမ်းပြီး ရွှေမျက်ပါးကို ကော်ဖြင့်ကပ်ကာ စေတီတော်အောက်ခြေပိုင်း နေရာများတွင် ကပ်လှူပူဇော်ထားကြောင်း ၄င်းက ထပ်လောင်းရှင်းပြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် စေတီတော်ဂေါပက အဖွဲ့ကကြီးမှူး၍ ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်လေ့ရှိပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ရွှေရောင်မှိန်လာ သည့်အတွက် ရောင်တော်ဖွင့်လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုအခါ ကြာမှောက်၊ ကြာလှန်နေရာတွင် အရည်အသွေးကျဆင်းလာသည့်အတွက် လိုအပ်သော စစ်ဆေးမှုများပြုလုပ်နိုင်ရန် နှစ်စော၍ ရွှေသင်္ကန်း ကပ်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်စိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment