Saturday, September 29, 2018
ကျနော်ဖတ်ဖူးခဲ့သော ကဗျာတပုဒ် ။ (၁)
သူက အရပ်ပုပု ခန္ဒာကိုယ်လုံးလုံး လမ်းလျှောက်ရင် ကုန်းကုန်းနဲ့ လျှောက်လေ့ ရှိသည်။ သူ--အင်းစိန်သီးသန့် ထောင်ကိုစရောက်တဲ့နေ့ က သီးသန့် ထောင်၏ တောင်စွယ်မှာ နေကွယ်ချိန်ဖြစ်သည်။ ထောက်လှမ်းရေးက ဖမ်းဆီးမိတဲ့ နိုင်ငံရေး သမားတွေကို စစ်ကြောရေး ငရဲခန်းတွေမှာ နှိပ်စက်ရိုက်နှပ်ကာ (၁၀) ရက်လောက် စစ်ကြောပြီး စစ်ကြောရေးပြီးသွားခဲ့ရင် သီးသန့် ထောင်၏ ထောင်ပိတ်ချိန် ၆ နာရီ နောက်ပိုင်လာပို့ လေ့ရှိသည်။ ၁၉၉၄ခုနှစ် ဖေဖေါ်ဝါရီလ အစောပိုင်း ရက်တရက် ထောင်ပိတ်ပြီးလို့ မကြာခင်မှာ စောင်အုပ်ပြီး ကျတော်နေထိုင်ရာ အင်းစိန်သီးသန့် ထောင် တိုက်ဆောင် ၂ နောက်ဖက်ခြမ်းသို့  ခေါ်လာသည်ကို တွေ့ လိုက်ရသည်။ ကျ နော်၏အခန်းက အခန်းအားလုံး၏ ထိပ်ဆုံးခန်း အခန် ၁၃ ဖြစ်ပြီး ၀င်လာသူတိုင်းက ကျနော်အခန်းရှေ့  ဖြတ်သွားကြရသည်။ နောက်တော့ အခန်းတံခါးဖွင့်သံ ပိတ်သံကြားလိုက်ရပြီး သူကို လာပို့ တဲ့ ထောင်ဝန်ထမ်းက သူကို အုပ်ခေါ်လာခဲ့သော ပုံစံစောင်ကို လက်တဖက်က ကိုင်ပြီး ကျန်လက်တဖက်က တိုက်ခန်းတွေကို ခတ်တဲ့ သော့တွဲကို လေပေါ်ကို ပစ်မြောက်လိုက် ပြန်အကျမှာ ဖမ်းထားလိုက်နဲ့  သော့တွဲကို ကစားရင်း တိုက်ဆောင် ရှေ့ ဖက်ခြမ်းက ညစောင့် ထောင်ဝန်ထမ်းများ အိပ်တဲ့ ကွတ်ပျစ် ကုတင်တွေရှိတဲ့ နေရာကို ပြန်သွားတာကို ကျနော် တိုက်ခန်းအတွင်းက လှမ်းကြည့်နေခဲ့သည်။ သူအဖို့ ကတော့ သူတာဝန် သူဘ၀အတွက် အလုပ်တခုကို ပေါ့ပေါ့ပါးပါး လွယ်လယ်ကူကူ လုပ်နေကြ အလုပ်တခုပြီးမြောက်သွားခြင်းဖြစ်တော့သည်။ ထောင်ထဲကို လူတွေရောက်လာရင် သူအလုပ်က တိုက်ထဲထည့် သော့ခတ်ပိတ်ထားလိုက်ယုံပဲဖြစ်သည်။ သူရဲ့ခံစားမှုတို့ က သံတ္တောတလုံးထဲ ပစ္စည်းတခုကို မပျောက်မပျက်အောင် ထည့်သိမ်းထားလိုက်သော ခံစားမှုမျိုးထက်မပို။
သူရောက်လာချိန်က သီးသန့် ထောင်မှာ ဖိနှိပ်မှု လျော့ကစမို့  သုံးခန်းပေါင်း ရေချိုး၊ မိလ္လာချခွင့် ရထားသဖြင့် တနေ့ ကို (၂၅)မိနစ်ခန့်  ရေချိုး၊ မိလ္လာချ၊ လမ်းလျှောက်ခွင့် ရထားချိန်လဲ ဖြစ်သည်။ သူရောက်လာချိန်က ညနေ ထောင်ပိတ်ချိန်ဖြစ်ပြီး ညနေ တချိန် မိလ္လာဂံဖလာများတောင် ချပြီးသွားပြီးမို့  သူဘယ်သူဆိုသည်ကို မည်သူမှ သိခွင့်မရလိုက်ကြတော့ချေ။ ထောင်ပိတ်ချိန်မို့  လူစစ်ပုံစံထိုင် လူစစ်ခံနေရသည်မို့  သူကို စပ်စုဖို့  အခန်းတိုင်းက မအားကြသေး။ သူအား ထည့်ထားသည့်အခန်းက အခန်း (၁၅ ) ဖြစ်သည်။ သူနဲ့ ကျတော့်နေသော အခန်းက တခန်းခြားနေသေးသည်။ ထိုကြားခန်းက အခန်လွတ်ဖြစ်တာကြောင့် လူမနေ။ သူ၏ ဘေးဖက်အခန်းဖြစ်သည့် အခန်း(၁၆)က ဦးဇင်း ဦဇ၀န(ရွှေပြည်သာ စာသင်တိုက်)၏ အခန်းဖြစ်နေသည်။ ဆရာတော်က အခန်း(၁၆)မို့  ရောက်လာသော လူသစ်နဲ့ ဘေးချင်းကပ်လျှက် အခန်းဖြစ်နေခဲ့သည်။
ထောင်အိပ်ဆောင်ပိတ် လူစစ်ပြီးသွားချိန်၊ နေ့ စောင့် ထောင်ဝင်ထမ်းများ တာဝန်ချိန်ပြီးဆုံး၍ ည၀န်ထမ်းများလည်း သူတို့ သွားလိုရာကို သွားကြတော့သည်။ ထောင်ညစောင့် ၀န်ထမ်းများ၏ တာဝန်က ကင်းစောင့်ရန်သာဖြစ်ပြီး တိုက်တွင်းနေတိုင်ကြသော နိုင်ငံရေးအကျဉ်းသားများအတွက် သော့ဖွင့် သော့ပိတ် လုပ်ရန်လည်းမလိုပါ။ တိုင်းခန်းများအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအရ တိုက်ခန်းဖွင့်စရာ လိုအပ်ပါက ထောင်မိန်းဂျေး တာဝန်ကြပ်က သက်ဆိုင်ရာ ညတာဝန်ကျ ထောင်မှုးကို သတင်းပို့ ပြီးမှသာ တိုက်ခန်းတံခါးများကို ဖွင့်ခွင့်ရှိသည်။ လူသစ်ရောက်ပြီဆိုရင် တိုက်ခန်းအတွင်းမှ လူဟောင်းများက အခန်းသံတံခါး အပေါက်ဝတွင် ထိုင်ပြီး အပြင်ဖက်ကို နားစွင့်ပြီး အခြာအခန်းများမှာ အသံများကို နားစွင့်ထောင်ကြစမြဲဖြစ်သည်။ တွင်အောင်းသတ္တ၀ါများ၏ အလေ့အဓသဘာအတိုင်း အခြေအနေထူးခြားမှုအပေါ် တွင်းနာခမ်းဝမှ ပြူတစ်ပြူတစ်လုပ်ပြီး အခြေအနေလေ့လာပုံချင်း အတူတူဖြစ်တော့သည်။ တွင်းအောင်သတ္တ၀ါတို့ က သူတို့ ၏ မျိုးရိုးဗီဇအရ ကိုယ်ပိုင်အိမ်ယာ တွင်းများနဲ့ နေထိုင်ကြသော်လည်း နိုင်ငံရေးအကျဉ်းသားများက ဖီနှိပ်ညှင်းပန်းသူတို့  ဖန်တီဆောက်လုပ်ထားသော တွင်းများနဲ့ တူသော တိုက်ခန်းကျဉ်းကျဉ်း တွင်းများအတွင်း နေထိုင်ကြရသောကြောင့် လူသဘာဝ အတိုင်း အတုယူ အတက်မြန်ကြသဖြင့် နရသိန်အကျဉ်းထောင်များ၏ တိုက်ခန်းငယ်များအတွင်း တွင်းအောင်သတ္တ၀ါများကဲ့သို့  နေထိုင်ကျင့်ကြံလာနိုင်ခဲ့ပြီ။ အပြင်ဖက်မှ အသံအမျိုးအစားကို ခွဲခြားတက်သော အာရုံသိ အတက်ပညာများ၊ ခြေသံနားထောင်ပြီး မည်သူမည်ဝါ ဆိုသည်ကိုပင် တပ်အပ်ပြောလာနိုင်ခဲ့ပြီးဖြစ်သည်။ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲနေထိုင်ကြရင်း တွင်းအောင်းသတ္တ၀ါတို့ ၏ အလေ့သဘာဝအတိုင်း နေထိုင်တက်လာကြပြီ ဖြစ်တော့သည်။ ကျနော်၏ ညာဖက်ခြမ်းကို နားစွင့်ကြည့်လိုက်သည့်အခါ ထိုင်းလူမျိုး အကျဉ်းသားမျာ စိုက်ပျိုးထားသော ပြောင်းခင်းများမှ လေတိုးသံကိုသားကြားရသည်။ ထိုလေတိုးသံတို့ က ပြောင်ဖူးပင်အရွက်တို့ ကို လေတိုးသဖြင့် တရွက်နဲ့ တရွတ်ပွတ်တိုက်ကြရင်း ထွက်လာသော အသံများဖြစ်တော့သည်။ လေပြင်ကြမ်းကြမ်းလေးများ တချက်ဝှေ့ လိုက်တိုင်းမှာ ပြောင်းဖူးမွေးဆံ ရှည်ရှည်နုနုလေးများ လေထဲလွှင့်ပါလာပြီး ပြောင်းဖူးဆံအမွှေး အနံသင်းသင်းလေးတို့ ၏ ရနံကိုလဲ ကျနော်ခံစားလို့ ရနေခဲ့သည်။ ခါတိုင်းလဲ ထောင်ပိတ်ချိန် အိပ်ချိန်သံချောင်းမခေါက်ခင် ည(၇)နာရီနဲ့  (၉)နာရီအချိန်များတွင် တိုက်ခန်များ၏ သံတံခါးဝ အပေါက်များတွင် အခန်းတွင်းရှိကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ တယောက်မဟုတ် တယောက် အခန်းဝများတွင် ထိုင်ကြပြီး တခန်းနဲ့ တခန်း လှမ်းအော်စကားပြောနေကြ ဖြစ်သည်။ အခန်းတခန်းချင်းဆီတွင် ၃ယောက် သို့ မဟုတ် ၄ ယောက်ရှိတက်ကြသည်။ သိုသော်လည်း အင်းစိန်သီသန့် ထောင် တိုက်ဆောင်(၁)နဲ့  တိုက်ဆောင်(၂) ရှိ ထောင့်ခန်း(၄)ခန်းတို့ မှာ အခန်းကျယ်များ ဖြစ်ကြသဖြင့် တခန်းကို ၅ယောက်၊ ၆ ယောက်စီ နေကြရသည်။ ထိုအချိန်က ကျနော်နှင့် တခန်းတည်း နေထိုင်သူများက ကိုကျော်သိုက်၊ ကိုတင်ထွန်း၊ နိုင်နိုင်၊ နေရိန်ကျော်၊ ကိုစံဝင်း၊ ဦးဘမြင့်တို့ ဖြစ်ကြသည်။
အခန်းဝတွင် ကျနော်လာထိုင်ပြီး အပြင်ဖက်အခြေအနေကို စောင့်ကြည့် အကဲခတ်နေချိန်မှာ ကျန်သူအားလုံးက အိပ်ယာ ၀ါးခြမ်းဖျားပေါ်တွင် တုံးလုံးလှဲ အနားယူနေခဲ့ကြသည်။ အခန်းတိုင်း၏ သံတံခါး အပေါက်ဝများက လူတကိုယ်သာသာ ထိုင်စရာ အကျယ်အ၀န်းသာရှိသဖြင့် (၂)ယောက်ထိုင်၍မရသော်ကြောင့်လဲ တယောက်ယောက်က သံတံခါး အပေါက်ဝတွင် ထိုင်နေသောအခါ ကျန်သူများ လှဲလျောင်း အနားယူရင်း အခန်းတွင်ရှိ လူအချင်းချင်း စကားပြောကြသည်။ ညအခါ အခန်းသံတံခါးဝတွင် အခန်းတွင်းရှိ နောက်တယောက်က ထိုင်ချင်ပါကလဲ အလှည့်ကျ တယောက်တလှည့် ထိုင်ကြပြီး ထောင်အုပ်ရိုးကြီးအထက် ညကောင်းကင်ယံထဲက ကြယ်တွေနဲ့ လ၏ သဏ္ဍာန်အမျိုးမျိုးတို့ အား ဗင်ဆင်ဗန်ဂိုးရဲ့ ကြယ်စုံတဲ့ည ပန်ချီကားကြီး၏ အရသာကို နှစ်နှစ်ခြိုက်ခြိုက်ခံစားသလို့ မျိုး ခံစားပစ်ကြတော့သည်။ ထိုအခါမှာ အခြားအခန်းမှာ ဂီတသံဇဉ်မပါပဲ အလွတ်သဘော ဆွဲဆွဲငင်ငင် လွမ်းလွမ်းဆွေးဆွေး သီချင်းသံများကို ကြားရတက်သေးသည်။ ကိုယ်လိုပဲ အခန်းသံတံခါး အပေါက်ဝမှာ ထိုင်ကြရင်း အပြင်းလောကတွင် ကျန်ရစ်ခဲ့ကြသော သားသမီး၊ မိန်းမ၊ ချစ်သူ၊ မိဘတို့ အား လွမ်းလှကြောင်း ခံစားရင်း သီဆိုနေကြခြင်းဖြစ်သည်။ စစ်မြေမှာ ကြာညောင်းရက်ရှည် စစ်ထွက်သွားကြသော စစ်သားများအတွက် ရှေ့ တန်းရောက် အလွမ်းသီးချင်းများ များစွာရှိသော်လည်း။ မင်းပြစ်မင်းဒဏ်နဲ့  အကျဉ်းစံယောင်္ကျားသားများအတွက်တော့ ရာဇသင်္ကြန်အမတ်ကြီး၏ မဲဇတောင်ခြေ ရတုကြီးတပုဒ်သား ထင်ထင်ရှားရှားရှိလိမ့်မည်ထင်သည်။ အကျဉ်းစံနိုင်ငံရေးအကျဉ်းသားများသည်လည်း နှလုံးသားကြီးသူများဖြစ်ကြသည့်အတွက် လွမ်းတက်ကြပါသည်။ မိမိတို့  မိသားစုများအတွက် ခံစားနာကြင်လွန်ခဲ့ကြရပါသည်။
လူသစ်ရောက်ရှိလာခြင်းအတွက် မည်သူကမှ ဖရက်ရှာဝယ်ကန်း(လူသစ်ကြိုဆိုပွဲ) တော့ လုပ်၍ ကြိုဆိုကြသော အလေ့အဓတော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား တိုက်ဆောင်များမှာ လုပ်လေ့လုပ်ထတော့မရှိခဲ့ချေ။ သို့သော်လည်း လွတ်ရက်စေ့၍ ပြန်လွတ်ခါနီး နိုင်ငံရေးအကျဉ်းသား တယောက်ယောက် ရှိခဲ့ပါက ဖဲလ်ပွဲ(နုတ်ဆက်ပွဲ)ကို ထိုသူမလွတ်ခင် ၂ပတ်လောက်ကြိုတင် နုတ်ဆက်ကြပြီး အခန်းတိုင်းက လူစေ့တက်စေ့ သီချင်းတပုဒ်ဆီ ၀ိုင်းဝန်းသီဆိုကြကာ ထိုသူအားနုတ်ဆက် ဂုဏ်ပြုပွဲကို ကြိုလုပ်ထားတက်ကြသည်။ အဘယ်ကြောင့်ဆိုသော နိုင်ငံရေးသမားများ ထောင်ကလွတ်မည်ရက် ကြိုတင်မသိရခြင်းက တကြောင့် တခါတလေ လွတ်ရက်ကျော်ပြီးမှ လွတ်ပေးခြင်းတို့ ကြောင့်ဖြစ်သည်။
အိမ်အပြန် နုတ်ဆက်ပွဲကို လူတိုင်း ၀မ်းသာလက်ခံကြပေမဲ့။ ထောင်ထဲစရောက်သော လူသစ်ကြိုဆိုပွဲကိုတော့ မိမိအပါအ၀င် လူတိုင်းလက်မခံချင်ကြပါ။ ထောင်ဆိုသည်က လူတွေ လာအပ်သော အရပ်ဒေသတခုမဟုတ်။ လူရှင်များကို အတင်းအဓ္မ ထဲသွင်း မြုပ်နှံထားသော အမိုးဖွင့် အုတ်ဂူကြီးများသားဖြစ်သည်။ ထောင်ထဲသို့  စရောက်သောနေ့ သည် စစ်အာဏာရှင်များ၏ နှိပ်စက်ညှင်းပန်းရေး ထောက်လှမ်းရေးစစ်ကြောရေးစခန်းတွင် ရက်ပေါင်းများစွာ မအိပ်မနေ ရိုက်နှပ် နှိပ်စက်ခံရပြီးမှ ထောင်သို့ ရောက်ရှိလာရခြင်းဖြစ်သဖြင့် ထောင်ကျကာမှ ကျစေတော့ ထောင်ထဲသို့  စရောက်သောနေ့ နဲ့  စရောက်သောတိုက်ခန်းလေးသည် တညတာ လွတ်မြောက်မှု နိဗ္ဗာန်ဘုံလေးတခုဖြစ်တော့သည်။ အရမ်းအိပ်ချင်သည်။ လူသံများတိတ်ဆိတ်သွားပါက မိမိတယောက်တည်း မိုးလင်းသည်အထိ မနိုးသော အိပ်စက်ခြင်းမျိုးနဲ့  အိပ်ပျော်သွာကြမြဲဖြစ်သည်။ ကျန်အခန်းများရှိ လူဟောင်းများက သူဘယ်သူလဲ သိခြင်းကြသည်။ ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ သိချင်ကြသည်။ သူဆီက အပြင်သတင်းကောင်းလေးများ ပါလာလေမလား မျော်လင့်မိကြသည်။ ထိုအတွက်ကြောင့် သူဘယ်သူလဲ ဆိုသည်ကို ညတွင်းချင်း နေ့ မကူပဲ သိချင်ကြသည်။ ကျနော်ညာဖက်ခြမ်းက ပြောင်းခင်းများဖက်ဆီသို့  အာရုံခံပြီသည်အခါမှာတော ကျနော်၏ ဘယ်ဖက်ခြမ်းရှိ လူသစ်ရောက်ရာ အခန်းဖက်ဆီသို့  နားစွင့်ထောင်ကြည့်မိသည်။ စကားသံတိုးတိုးသဲ့သဲ့သံကို ကြားရသည်။ အသံတခုက ခတ်အုပ်အုပ်လေးပြေားနေသံဖြစ်ပြီး အသံတခုက ကျနော်၏ ဆရာတော်ဦးဇင်းဦးဇ၀န၏ အသံဖြစ်သည်။ သူက လူဟောင်းဖြစ်သည်မို့  ထောင်အထာကို သိပြီး စကားကို ကျယ်ကျယ်ပြောနေသော်လည်း လူသစ်က ခတ်အုပ်အုပ်ပြောနေခြင်းဖြစ်တော့သည်။ သူတို့ ဘာတွေ ပြောနေကြလဲ ကျနော်နားစွင့်ထောင်နေသလို တခြာအခန်းများမှ လူဟောင်းများလဲ နားစွင့်ထောင်နေကြလိမ့်မည်ဖြစ်သည်။ သူတို့ စကားပြောသံက သိပ်မကြာလိုက် စကားပြေားသံများရပ်သွားတော့သည်။ လူသစ်လဲ ရိုက်နှပ်ညှင်ဆဲခံပြီး မအိပ်ခဲ့ရသော ညပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသဖြင့် သူလဲ အိပ်ချင်နေပြီးဖြစ်လိမ့်မည်။ သူအခန်းတွင်းရှိ ၀ါးခြမ်းဖျာ အခင်းပေါ်တွင် ခြုံစရာ စောင်မပါပဲ မကြာခင်း အိမ်မောကျတော့မည်မှာ သေချာသည်။ ဦးဇင်း၏ အသံကို ဆက်ကြနေရသေးသည်။ သူက သူ၏ ဘယ်ဖက်ခန်းများဆီမှ ရဲဘော်များကို သူသိထားသလောက် လက်ဆင့်ကမ်းပြောနေခြင်းဖြစ်သည်။ ထိုအတွက် ကျနော်လဲသိချင်နေပြီ။ လူသစ်က ဘယ်သူလဲ၊ ဘာမှုလဲ စသဖြင့် သိချင်လှသောကြောင့်------
'''''ဦးဇင်း---ဘုရား'''''
ကျနော်က ထိုသို့ လှမ်းအော်ယုံရှိသေးသည်။ ဆရာတော်ဆီက---
'''''''ဟေ့ကောင် --ထွန်းထွန်း။ ငါသိတယ်။ မင်းတို့ သိချင်နေတယ်ဆိုတာ။ အခုရောက်နေတာ ကဗျာဆရာ ကြည်တင်ဦး။ ဒါပဲ --မနက်ကြမှာ ထပ်မေးကြည့်ရမယ်။ သူလဲ စစ်ကြောရေးမှာ ပင်ပန်းလာတာ အိပ်ပါစေကွာ။'''''''
ကျနော်တို့ လူသစ်ဘယ်သူဆိုတာကို သိလိုက်ရပြီးဖြစ်သည်။ ကျနော်နဲ့ တခန်းထဲနေသူများကလဲ ဦးဇင်ပြောသံကို ကြားလိုက်ကြရသည်။ သူတို့ ထဲက နေရိန်ကျော်က အိပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး ။
''''''''ဟာ---အဲ့ဒါ ကျော်ဇောအဖေလေကွာ။ ငါနဲသိတယ်။ စာအုပ်အဟောင်းတန်းမှာ စာအုပ်ရောင်းတဲ ကဗျာဆရာပေါ့ကွ။'''''''
(ဆက်ရန်)
ထွန်းထွန်း(အရေးတော်ပုံတပ်သား)
(၃၀-၀၉-၁၈)
ကျနော်ဖတ်ဖူးခဲ့သော ကဗျာတပုဒ် ။ (၁)
Reviewed by timeayeyar
on
2:55 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment