Latest News

Tuesday, September 11, 2018

အင်းလေးကန်အား ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံရ

အင်းလေးကန်အား ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံရ

နေပြည်တော်  စက်တင်ဘာ  ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ မြန်မာ နိုင်ငံ၏ အထင်ကရ အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်းက သြဂုတ် ၁ဝ ရက်တွင် မြန်မာနိုင်ငံ၏ ငါးခုမြောက်  နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ သို့မဟုတ် ရမ်ဆာထိန်းသိမ်းရေးနယ်မြေ (Wetland of International Importance- Ramsar Site) (Site No. 2356)  အဖြစ် တရားဝင်အသိအမှတ်ပြု သတ်မှတ်လိုက်ကြောင်း အဆိုပါကွန်ဗင်းရှင်း၏ အင်တာနက် စာမျက်နှာတွင်  စက်တင်ဘာ ၇ ရက်က  ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးတစ်ခုဖြစ်ပြီး ထူးခြားသည့် ရေဝပ် ဒေသဂေဟစနစ်နှင့် ရှားပါးမျိုးစိတ်များ တည်ရှိနေမှု၊ ဆောင်းခိုငှက်များ ကျရောက်ကျက်စားမှု၊ ဇီဝမျိုးစုံမျိုးကွဲ နှင့်  ယဉ်ကျေးမှုအမွေအနှစ်များ  ကြွယ်ဝမှုတို့ကြောင့် ထင်ရှားသည့် ရေအိုင်ကြီးတစ်ခုဖြစ်သည်။ အင်းလေးကန် ကို ရေဝပ်ဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည် တည်တံ့စေရေး ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ၁၉၈၅ ခုနှစ်တွင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဟူ၍ အင်းလေးကန်နှင့် စကားအင်း၊ မိုးဗြဲရေလှောင်တမံတို့ အပါအဝင် စုစုပေါင်းဧရိယာအကျယ်အဝန်း ၁၃၁၈၈၇ ဒသမ ၇၇ ဧက၊ စတုရန်းမိုင် ၂ဝ၆ ဒသမ ဝ၇ မိုင်ကို အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး သတ်မှတ်ကာကွယ်ထိန်းသိမ်း ထားရှိသည်။ အင်းလေးကန်သည်  နိုင်ငံတကာအဆင့်  ထိန်းသိမ်းရေးနယ်မြေများအဖြစ်လည်း ၂ဝဝ၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park)၊ ၂ဝဝ၄ ခုနှစ်တွင် အရေးပါသည့်ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ     (Important Bird and Biodiversity Area-IBA)၊ ၂ဝ၁၅ ခုနှစ်တွင် ယူနက်စကို ၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်(UNESCO Man and the Biosphere Reserve Programme- MAB) တွင်ပါဝင်သည့် ဇီဝအဝန်းနယ်မြေ (Biosphere Reserve) တို့အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။

ယခု ထပ်မံအတည်ပြုသတ်မှတ်ခံရသည့် နိုင်ငံတကာ အရေးပါသည့်ရေဝပ်ဒေသ   (ရမ်ဆာထိန်းသိမ်းရေး နယ်မြေ)သည် အင်းလေးကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ် များ၊ ငါးမျိုးစိတ်များ အဓိကပေါက်ပွားရာ နေရင်းဒေသနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားရာ နယ်မြေများ ပါဝင်နေသည့် ညောင်ရွှေမြို့နယ်အပိုင်း အင်းလေးကန် ရေပြင်ဧရိယာနှင့် သဘာဝကျွန်းမျော ဧရိယာများပါဝင်ပြီး စုစုပေါင်းဧရိယာ ၁၄၃၂၆ ဒသမ ၁၈ ဧက၊ ၅၇၉၇ ဒသမ ၆ ဟက်တာကို ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အင်းလေးကန်ရမ်ဆာ ထိန်းသိမ်းရေးနယ်မြေ ကို  ရမ်ဆာကွန်ဗင်းရှင်းမှ သတ်မှတ်ထားသည့် ရမ်ဆာ ထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ စံသတ်မှတ်ချက်ကိုးချက် အနက်  ခြောက်ချက်နှင့်ကိုက်ညီကြောင်း၊  မြန်မာနိုင်ငံ အတွက်သာမက နိုင်ငံတကာအဆင့် အရေးပါသည့် ရေဝပ် ဒေသ ထိန်းသိမ်းရေး  နယ်မြေတစ်ခုဖြစ်ကြောင်းတို့ကို သစ်တောဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ ဒေသခံများ၏ သဘောတူညီချက်ဖြင့် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂ဝ၁၇ ခုနှစ် ဇွန်လတွင် စတင် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံ ၏  အဆိုပြုတင်ပြချက်အပေါ်  ရမ်ဆာကွန်ဗင်းရှင်း၏ သက်ဆိုင်ရာ ကျွမ်းကျင်သူများကစိစစ်ပြီး အတည်ပြုလက်ခံ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားဝင်အနေဖြင့် ၎င်းတို့ ၏ အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံ၏ ငါးခုမြောက် ရမ်ဆာထိန်းသိမ်းရေးနယ်မြေ (Site No. 2356) အဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရမ်ဆာထိန်းသိမ်းရေးနယ်မြေစုစုပေါင်း ငါးခုအထိ  သတ်မှတ်ခံထားရပြီးဖြစ်သည်။ ၂ဝဝ၄ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပျဉ်ပုံ ကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်း၊ ၂ဝ၁၆ ခုနှစ်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်၊ ၂ဝ၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး  ဘိုကလေး မြို့နယ်  မိန်းမလှကျွန်းနှင့်  မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း) တို့ကို သတ်မှတ်ထားခံရပြီးဖြစ်သည်။

ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေများသည် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ  ထိန်းသိမ်းရေးကို သာမက ဒေသခံပြည်သူများအတွက် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်မှုတို့အတွက် အရေးပါမှုတို့ကို စံသတ်မှတ်ချက် ကိုးချက်နှင့် သတ်မှတ်ထားရှိပြီး ရေရှည်တည်တံ့စေရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများက ပူးပေါင်းစီမံအုပ်ချုပ်မှု ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ထူးခြားကောင်းမွန်သည့် ရေဝပ် ဒေသ ဂေဟစနစ်ကိုကိုယ်စားပြုသည့် နယ်မြေများစွာရှိပြီး ကွန်ဗင်းရှင်း၏  စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုကို ဆန်းစစ်၍ ဆက်လက်အဆိုပြုတင်ပြသွားရန် သစ်တော ဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment