Latest News

Tuesday, September 11, 2018

ချန်ပီယံကာကွယ် အောင်လနှင့် လက်ဘနွန်နိုင်ငံသားတို့ ထိုးသတ်မည်

ချန်ပီယံကာကွယ် အောင်လနှင့် လက်ဘနွန်နိုင်ငံသားတို့ ထိုးသတ်မည်

ရန်ကုန်  စက်တင်ဘာ  ၁ဝ   

MMAဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား ကာရာကီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်းONE Championshipမှ သတင်းထုတ်ပြန်ခဲ့သည်။ ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။                                             

အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ် ဇွန်လတွင် ရရှိခဲ့သည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု အတွက် ဒုတိယအကြိမ် ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည်  ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ပထမအကြိမ် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန်လကုန်က ထိုးသတ်ခဲ့ပြီး ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို အကြိတ်အနယ်ထိုးသတ်ကာ နောက်ဆုံးအချီကျမှ အနိုင်ရခဲ့သည်။ အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ကာရာကီသည် ၂ဝ၁၂ ခုနှစ်တွင် MMAပြိုင်ပွဲများ   စတင် ထိုးသတ်ခဲ့ပြီး   ကိုးပွဲထိုးသတ်ရာတွင်   ကိုးပွဲစလုံးအနိုင်ရထားသူဖြစ်သည်။   ထို့ကြောင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲမှာ အကြိတ်အနယ် ထိုးသတ် ရဖွယ်ရှိနေသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို  လေးလအကြာတွင် ထပ်မံထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူပြီးနောက်ပိုင်း ယခုနှစ် ဖေဖော်ဝါရီလတွင် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ပြီး ONE  ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဆုရ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း သုံးပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံတွင် ထိုးသတ်သည့်ပွဲတိုင်း အနိုင်ရထားကြောင်း သိရသည်။                   

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်(ကြေးမှုံ)

No comments:

Post a Comment