မလယ်နှင့် ရွှေကူကြားမှ ကီလိုမီတာ ၁ဝဝ ကျော်ကို
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတိုးချဲ့ဧရိယာသစ်အဖြစ် သတ်မှတ်
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတိုးချဲ့ဧရိယာ သစ်အဖြစ် မလယ်နှင့် ရွှေကူကြားမှ ကီလိုမီတာ ၁ဝဝ ကျော်ကို သတ်မှတ်လိုက်ကြောင်း သိရ သည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတိုးချဲ့ ဧရိယာသစ်ကို ကနဦးတွင် မလယ်မှ ရွှေကူ အထိ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကီလို မီတာ ၂ဝဝ ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံး တွင် ကီလိုမီတာ ၁ဝဝ ကျော်သာ အတည်ပြု သတ်မှတ်ထားပြီး ကျန်ဧရိယာကို ကြားခံ နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ဤသို့ ထူထောင်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တို့သည် အဆိုပါ ဧရိယာထဲမှ ကျေးရွာ ၅ဝ ကျော်တွင် အသိပညာပေးလုပ်ငန်းများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကာ ဧရာဝတီလင်းပိုင် များ မျိုးပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်ရန် ထူထောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဧရိယာမှာ ဧရာဝတီမြစ်ရိုး တစ်လျှောက် စစ်ကိုင်းတိုင်းဒေသကြီးထဲတွင် ကသာမြို့နယ်ထဲက ထုံးရဲကျေးရွာ(အရှေ့ ဘက်ကမ်း)နှင့် ဆင်ကုန်တိုင်းကျေးရွာ (အနောက် ဘက်ကမ်း)မှစ၍ ထီးချိုင့်မြို့နယ် မောင်ကုန်း ကျေးရွာ (အရှေ့ဘက်ကမ်း)နှင့် ကျွန်းကြီး ကျေးရွာ (အနောက်ဘက်ကမ်း)အထိ၊ ကချင် ပြည်နယ်ထဲတွင် ရွှေကူမြို့နယ် တူးချောင်း ရွာဘက်ကမ်းနှင့် ယင်းရွာတစ်ဖက်ကမ်းမှစ၍ ရွှေကူမြို့နယ် သပြေလှကျေးရွာ (အရှေ့ဘက်ကမ်း) နှင့် ယင်းရွာအနောက်ဘက်ကမ်းအထိတို့ကို တိုးချဲ့ဧရိယာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
မန္တလေးမြို့မှ ကချင်ပြည်နယ် ဗန်းမော် အထိ ကီလိုမီတာ ၄ဝဝ ခန့်အကြားတွင် ဧရာဝတီလင်းပိုင် စုစုပေါင်း ၇၆ ကောင် ရှင်သန်ကျက်စားသည်။ မလယ်နှင့် ရွှေကူ ကြားတွင် ဧရာဝတီလင်းပိုင်မှာ ၃၇ ကောင် အများဆုံးကျက်စားသည်။ ပထမဆုံးလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် မန္တလေးမြို့ မင်းကွန်းမှ ကျောက်မြောင်းအထိကို ၂ဝဝ၅ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့သည်။
ညီတူး
Tuesday, September 11, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment