ပြဒါးလင်းဂူအမှတ်(၂)မှ ငါးမိနစ်ခန့် ခြေကျင်ခရီးဆက်ရင် ပြဒါးလင်းဂူအမှတ်(၁) သို့ရောက်ပါတယ်။ ဂူအတွင်းမှာ ကျောက်လက်နက်တွေ၊ တောရိုင်းတိရစ္ဆာန် အရိုးစုတွေ၊ ကျောက်ခေတ်လူသား ကျောက်ဖြစ်ရုပ်ကြွင်း အရိုးတွေ၊ ရေနေသတ္တဝါအခွံတွေ၊ ရွှံ့စေးမြေထည်တွေအပြင် ဂူမျက်နှာကြက်ပေါ်မှာရေးဆွဲခဲ့တဲ့ နံရံဆေးရေးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝ ခန့်က လူ့ယဉ်ကျေးမှုတစ်ခုကို ပြန်လည်ဖော်ထုတ်ပေးခဲ့ပါတယ်။ တစ်ဒါဇင်ခန့်ရှိတဲ့ နံရံ ဆေးရေးပန်းချီတွေမှာ လက်ဝါးပုံ၊ နေ၊ ငါး၊ သမင်၊ ပြောင်၊ နွားအုပ်ပုံ၊ ဆင်ရဲ့နောက်ပိုင်းပုံ၊ လူအရိုးခေါင်းပုံစတဲ့ ပုံတွေကို အနီရောင်တွေနဲ့ရေးဆွဲခဲ့ကြပါတယ်။ ပြဒါးလင်းဂူအတွင်း ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေဟာ ပြင်သစ်နိုင်ငံမှ ကျောက်ခေတ်လူသားတို့နေထိုင်ရာ ကမ္ဘာကျော် Lascaux ဂူနဲ့ Avignon ဂူ၊ စပိန် နိုင်ငံမှ Consquer ဂူအတွင်းမှာရှိတဲ့ အနုပညာလက်ရာတွေနဲ့ တူညီနေတယ်လို့ သိရပါတယ်။
ကျုံး-ရွာငံလမ်းရဲ့ နံဘေးမှာတည်ရှိတဲ့ မိန်းမရဲတောင်ဟာ ရှုခင်းတွေကြောင့် ကျော်ကြားပါတယ်။ မိန်းမရဲတောင်မှ ငါးမိုင်လောက်ဆက်သွားရင် ညောင်ပင်ခွရွာထိပ်မှာ တောကျယ်ရွာ မြသပိတ်ရေပြာအိုင်ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ် ကနေ မြေသားလမ်းခွဲအတိုင်း မိုင်ဝက်ခန့်သွားရင် ထူးထူး ခြားခြား မှိုင်းပြာညို့စိမ်းနေတဲ့ ရေပြာအိုင်ကို တွေ့နိုင်ပါတယ်။ နောင်ဘုရားပွင့်ရင်လှူဒါန်းဖို့ မြသပိတ်ကို သစ်ပင်ခြေရင်းမှာ မြှုပ်ထားတာကြောင့် ရောင်ပြန်ဟပ်ပြီး ရေတွေပြာနေတာလို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ရေရဲ့ အရည်အသွေး ကြည်လင်သန့်ရှင်းတာကြောင့် ကန်အတွင်းမှာ နစ်မြုပ်နေတဲ့ သစ်ကိုင်းတွေ၊ ကျောက်တုံးတွေ၊ ကူးခတ်နေတဲ့ တစ်ပေလောက် ရှည်တဲ့ငါးကြီးတွေကို အတိုင်းသားတွေ့မြင်ရပါတယ်။ ရေပြာအိုင်နဲ့ တောကျယ်ရေတံခွန်ရဲ့ သဘာဝအလှနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ရေပြာအိုင်ကနေ တောကျယ်ရေတံခွန်သို့ ကားနဲ့ ၁ဝ မိနစ်ခန့် သွားရပါတယ်။ အလယ်ချောင်ရေတံခွန်ကတော့ ပျော်ပွဲစားထွက်ဖို့ နေရာ ကောင်းတစ်ခုပါပဲ။ အလယ်ချောင်ရေတံခွန်ကို ကျောက္ကူလေး ကျေးရွာအနီး ပင်းတယ-ရွာငံ ဖြတ်လမ်းပိုင်းမှ တစ်မိုင်ခန့်သွား ရပြီး ကားရပ်နားတဲ့ တောင်ခြေမှ အလယ်ချောင်ရေတံခွန်ကို နာရီဝက် လောက်ကြာအောင်
လမ်းလျှောက်ရပါမယ်။ အဲဒီရေတံခွန်မှာ အထပ်များစွာရှိပြီး နွေရာသီကာလမှာ ပြည်တွင်းပြည်ပ ခရီးသည်တွေ စည်ကား နေပါတယ်။
ပင်းတယမြို့ဟာ အောင်ပန်းကနေ ၂၄ မိုင်ဝေးပါတယ်။ ပင်းတယမြို့မှ အနောက် တောင်ဘက် တစ်မိုင်လောက်အကွာမှာ စောင်တန်းအသွယ်သွယ် ရွှေရောင် တဝင်းဝင်းနဲ့ ရွှေဥမင်လိုဏ်ဂူနဲ့ ဘုရားစေတီ တွေဖူးတွေ့နိုင်ပါတယ်။ မြို့အဝင်မှာ ပုန်းတလုတ်(ဘုတ်တလုတ်) ရေကန်ရှိပါတယ်။ ရေကန်အတိုင်း ပတ်သွားရင်တော့ ပင်းတယ ရွှေဥမင်လိုဏ်ဂူအတက်လမ်းကိုရောက်ပါ တယ်။ တောင်ပေါ်သို့ ကားနဲ့တက်နိုင်သလို ဓာတ်လှေကားနဲ့လည်း တက်နိုင်ပါတယ်။ ဓာတ်လှေကားမရောက်ခင် အဝင်ဝနေရာမှာ ပင်းတယမြို့သမိုင်းနဲ့ ဆက်စပ်နေတဲ့ ကုမ္မာဘယမင်းသားနဲ့ ပင့်ကူရုပ်တုကြီးကို တွေ့မြင်ရပါတယ်။ အချို့ကတော့ သုဓနု မင်းသားရုပ်တုလို့ ဆိုပါတယ်။ ရွှေဥမင်ဂူကို လွန်ခဲ့တဲ့ နှစ်သန်း ၂ဝဝ ခန့်က စတင် ပေါ်ပေါက်ခဲ့တယ်လို့ ဘူမိဗေဒပညာရှင် တွေက ဆိုပါတယ်။ ပင်းတယမှာ လိုဏ်ဂူ သုံးလုံးရှိပြီး တောင်ဘက်ဂူ၊ အလယ်ဂူနဲ့ မြောက်ဘက်ဂူလို့ ခေါ်ကြပါတယ်။ ရွှေဥမင် ကတော့ တောင်ဘက်လိုဏ်ဂူဖြစ်ပြီး ပင်လယ် ရေမျက်နှာပြင်ထက် ပေ ၄၉၇ဝ အမြင့်မှာရှိပါ တယ်။ လိုဏ်ဂူအတွင်း ခေတ်အဆက်ဆက်က လက်ရာပုံစံအမျိုးမျိုးရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ကို ဖူးမြော်နိုင်ပါတယ်။ လိုဏ်ဂူအဝင်ဝရှိ ရွှေလုံးတော်ပြည့်ချထားတဲ့ ရွှေဥမင်စေတီတော် ဟာ Óဏ်တော် ၇၅ ပေရှိပြီး စေ
တီတစ်ဆူလုံး လိုဏ်ဂူအတွင်းတည်ရှိနေပုံမှာ ထူးခြားလှပါ တယ်။ စေတီတော်ကို ဖူးမြော်ပြီးပါက ဝင်္ကပါလမ်းအတိုင်း ဆက်လက်ဝင်ရောက်ကာ အတွင်းဘက်ရှိ ရုပ်ပွားတော်တွေကို ဖူးမြော် နိုင်ပါသေးတယ်။ လိုဏ်ဂူဝမှာ ၁၈၄၂ ခုနှစ် သာယာဝတီမင်းလက်ထက်က သွန်းလုပ် ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကြီးလည်း ရှိပါ တယ်။ ရွှေဥမင်ဂူအပြင်မှကြည့်ရင် စောင်းတန်း အသွယ်သွယ်၊ ပုန်းတလုတ်ရေကန်ကြီးနဲ့ ပင်းတယမြို့ကို အပေါ်စီးမှ လှပစွာ တွေ့မြင် ရပါတယ်။ စောင်းတန်းတွေမှာ သံစောင်းတန်း တွေဖြစ်ပြီး မန္တလေးတောင် သံစောင်းတန်းနဲ့ ပုံစံတူပါတယ်။ ရွှေဥမင်လိုဏ်ဂူတော်ဟာ ပေ ၄၉ဝ ရှည်တဲ့ သဘာဝထုံးကျောက်လိုဏ်ဂူ ဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်နဲ့ စေတီပေါင်း ၈ဝ၉၄ ဆူရှိတယ်လို့ သိရတယ်။ ဂူအတွင်း ရွှေဥမင် စေတီ၊ တရားကျင့်ဂူ၊ ဝင်္ကပါလမ်း၊ တံခွန်တိုင် သမ္ဗုဒ္ဓေဘုရား၊ ချွေးထွက်ကိုယ်စားတော်၊ ဆုတောင်းပြည့်ဘုရား၊ ဆင်ချည်တိုင်၊ မြင်း ချည်တိုင်၊ မံဘုရားကြီး၊ ကျောက်စည် ကျောက်မောင်း၊ ကျောက်စက်တိုင်၊ ဇော်ဂျီ ဆေးကြိတ်နေရာ၊ နတ်သမီး ရက်ကန်းစင်၊ နတ်သမီးရေကန် စတဲ့နေရာတွေကတော့ ထင်ရှားပါတယ်။
ရွှေဥမင်လိုဏ်ဂူမှအပြန်မှာ နိုင်ငံခြားသား ခရီးသွားတချို့က ရှမ်းမှိုင်းခံစက္ကူလုပ်ငန်းနဲ့ ရိုးရာစက္ကူထီးလုပ်ငန်းတွေကို လေ့လာဖို့ ငှက်ပျောတောရွာကို သွားရှာကြပါတယ်။ ပြည်တွင်းခရီးသည်တွေကတော့ ပင်းတယမြို့ ကနေ သုံးမိုင်လောက်ဆက်သွားရတဲ့ ကုံလုံ ကျောင်းတိုက်ကို သွားလေ့ရှိကြပါတယ်။ ကုံလုံ ကျောင်းတိုက်မှာ စဥ့်ရည်သုတ်လိမ်းထားတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်နဲ့ ဆရာတော်ရဲ့ ဖယောင်းရုပ်တုတို့ကို ဖူးမြော် လေ့လာနိုင်ပါတယ်။
ပင်းတယမြို့ကနေ ဟဲဟိုးမြို့ကို ခရီးဆက် နိုင်ပါတယ်။ ဟဲဟိုးမြို့ကို အောင်ပန်းမှဆိုရင် ၁၅ မိုင်လောက် ဝေးပါတယ်။ အင်းလေးဒေသ သို့သွားရင် ပြည်တွင်း ပြည်ပခရီးသည်တွေ စိတ်ဝင်တစား ရပ်နားလေ့လာကြတဲ့ ဘဝ သံသရာတံတားလည်း ရှိပါတယ်။
ခရီးသွားမှတ်စု- စိုးစိုးနိုင် (ကြေးမုံ)
No comments:
Post a Comment