Latest News

Wednesday, September 5, 2018

ရန်ကုန်လိုင်စင်မျှော်ရင်း အရောင်းအ၀ယ်ရှားပါးလာနေသည့် ရန်ကုန်ကားဈေးကွက်

ရန်ကုန်လိုင်စင်မျှော်ရင်း အရောင်းအ၀ယ်ရှားပါးလာနေသည့် ရန်ကုန်ကားဈေးကွက်


ရန်ကုန်လိုင်စင်ကို YVQC  စနစ်ဖြင့် ချထားပေးမည်ဟု သတင်းစကားများ ထွက်ပေါ်လာခြင်းကြောင့် ကားဈေးကွက်အတွင်း အရောင်းအဝယ်များ အတော်အေးစက်သွားခဲ့ကြောင်း ကားလောကအတွင်းက သိရှိရသည်။
''ကားဈေးတွေကတော့ အရင်အတိုင်း တန့်နေပါတယ်။ ဒါပေမယ့် ရန်ကုန်လိုင်စင်ကို YVQC စနစ်နဲ့ ချပေးမယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။ ဒါကြောင့် လက်ရှိအရောင်းအဝယ်က အေးစက်သွားတာ။ အောက်တိုဘာလအတွင်းမှာ အကောင် အထည်ဖော်မယ်ဆိုပြီး သတင်းတွေကြားရတယ်။ အဲဒီလို သတင်းထွက်နေတာကတော့ ခဏခဏပဲ။ ဒီတစ်ခါတော့ အတည် ဖြစ်မယ်ထင်ပါတယ်။ အခုလို ရန်ကုန်လိုင်စင်ချထားမယ်ဆိုရင် ကားသစ်တွေနဲ့ စတိကားတွေ အရောင်းအဝယ်ပိုပြီး အေးလောက် တယ်''ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုမျက်မှန် (ကိုအောင်မျိုးခိုင်) က ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်က  နယ်လိုင်စင်အချို့အရောင်းအဝယ်ဖြစ်ခဲ့ပြီး  နယ်ဝယ်လက်များလည်းဆင်းကာ  ဝယ်ယူမှု အားကောင်းခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ် ၂၄ရက်က အောက်တိုဘာလအတွင်း ရန်ကုန်လိုင်စင်များ ချထားပေးမည်ဟု သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
''ဒီနေ့ ရုံးဖွင့်ရက်တွေမှာတော့ အရောင်းအဝယ်က လုံးဝမရှိသလောက်ဖြစ်သွားတယ်။  ရန်ကုန်လိုင်စင် စောင့်ကြမယ့် သဘောရှိပါတယ်။ စတိကားတွေဆိုရင် အရောင်းအဝယ်လုံးဝမရှိသလောက်ပါပဲ''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။
''ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့ရဲ့ နှစ်နှစ်တာအစီရင်ခံစာ တင်ပြတဲ့ ရှင်းလင်းပွဲမှာ ပြောခဲ့တာကြောင့် အခုလို အရောင်းအဝယ်တွေ အေးသွားတာပါ။ တကယ်ဖြစ်လာမယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် ကားလောကက မှန်းသလို မဖြစ်တာလည်း ဖြစ်သွားတတ်တယ်။ ဒါကြောင့် အောက်တိုဘာလအထိတော့ စောင့်ကြည့်ရဦးမယ်''ဟု သူက ဆက်ပြောသည်။
ထို့ပြင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းများမှာလည်း ဒေါ်လာဈေးနှုန်းမြင့်မားခြင်းကြောင့် ရပ်တန့်နေပြီး လက်ရှိတွင် ကားသန့်များ  ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့်  အရောင်းအဝယ်ဖြစ်နေသည်ကိုလည်း  မြင်တွေ့ရသည်။  ''ဝယ်မယ့်ဝယ်တော့ ရန်ကုန်လိုင်စင်ပဲ  ယူတော့မှာပေါ့။ ဆောင်ရမယ့်အခွန်အခလည်း သက်သာသွားမယ်ဆိုရင်  အားလုံးက စောင့်ကြမယ့်သူ တွေများပါတယ်။ အသစ်မစီးဘဲ အဟောင်းတွေထဲက အသန့်ရှာစီးမယ့်သူတွေအတွက်လည်း ရန်ကုန်လိုင်စင်လာပြီးသွားရင် အခုထက် ဈေးကျသွားမယ်လို့ မျှော်လင့်ရတယ်''ဟု ကားဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။       

မင်းသော်

No comments:

Post a Comment