Latest News
Wednesday, September 5, 2018
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေသစ်နှင့် မြို့တော်သူမြို့တော်သားများ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေသစ်နှင့်
မြို့တော်သူမြို့တော်သားများ
ယခုရက်များအတွင်း  ရန်ကုန်မြို့နယ်များ၌  အသစ်ပြန်လည် ရေးဆွဲထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသစ် (၂ဝ၁၈ ခုနှစ်)နှင့် ပတ်သက်၍ မြို့တော်သူ မြို့တော်သားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာနိုင်ကြစေရန် ရှင်းလင်းပွဲများ  ပြုလုပ်လျက်ရှိနေသည်ကို  တွေ့ရသည်။  ''သိကောင်းစရာ'' လက်ကမ်းစာစောင်ငယ်များကိုလည်း ဝေငှပေးလျက်ရှိသည်။
လက်ကမ်းစာစောင်ငယ်တွင် ''ကော်မတီဖွဲ့စည်းခြင်း''၊     ''ရွေးချယ်တင်မြှောက်ခြင်း''၊ ''ကော်မတီ၏လုပ်ငန်းတာဝန် များ''နှင့်    သက်ဆိုင်ရာကဏ္ဍအလိုက်    ဖောက်ဖျက်ကျူးလွန်ပါက  ''ပြစ်မှု- ပြစ်ဒဏ်'' များကို ဖော်ပြထားသည်ကို လေ့လာတွေ့ရှိ ရသည်။
ဒဏ်ငွေအားဖြင့်   ငွေကျပ်တစ်သောင်း  အနိမ့်ဆုံးမှသည် ငွေကျပ်သိန်း ၅ဝ အထိ ပေးဆောင်ရမည့် ပြစ်ဒဏ်များကို တွေ့ရှိ ရသကဲ့သို့  အနိမ့်ဆုံး  ထောင်ဒဏ်သုံးလမှ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်အထိ အပြစ်ပေးနိုင်ပေး အရေးယူနိုင်သော ပြစ်မှုပြစ်ဒဏ် များကို တွေ့ရသည်။ အချို့သောပြစ်မှုများ၌ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်စလုံးကိုဖြစ်စေ    ပေးနိုင်ကြောင်း   ဖော်ပြထားမှုအရ သိရသည်။
ဥပမာ-''အများပြည်သူနှင့်  သက်ဆိုင်သောနေရာနှင့် လမ်း များပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရ္ဆာန်  အညစ်အကြေးများ   စွန့်ပစ်ခြင်း''က အစ ပြစ်ဒဏ်များရှိသည်။    ထိုပြစ်မှုများကျူးလွန်ပါက   ငွေဒဏ် ကျပ်သုံးသောင်းမှ  ကျပ်ငါးသောင်းအထိ  ချမှတ်အပြစ်ပေး နိုင်သည်ကို တွေ့ရသည်။
''ခြံထွက်အမှိုက်နှင့် မီးဖိုချောင်ထွက် အမှိုက်မဟုတ်သော အိမ်သုံးစွန့်ပစ်ပစ္စည်းများကို ကော်မတီက သီးသန့်သတ်မှတ် ထားသည့်  ညွှန်ကြားချက်အတိုင်း  စွန့်ပစ်ခြင်းမှအပ သာမန် အမှိုက်စွန့်ပစ်ရန်   စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့်   နေရာတွင် လည်း ကောင်း၊ အခြားနေရာတွင်  လည်းကောင်း စွန့်ပစ်ခြင်း   မပြုရ''  ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
¤င်းပြစ်မှုကို ကျူးလွန်ပါက ငွေဒဏ်ကျပ် ငါးသောင်းမှ ကျပ်သုံးသိန်းအထိ ချမှတ်နိုင်သည်ကို တွေ့ရသည်။
ထို့အပြင် ''အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာ အဆင့်ဆင့်မှ  အမှိုက်  သို့မဟုတ်  စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့် သက်ဆိုင် သော လမ်းပေါ်သို့ ဖြစ်စေ၊ ခြံဝင်းအတွင်းသို့ ဖြစ်စေ၊ နောက်ဖေးလမ်းကြားသို့ ဖြစ်စေ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊   ကျရောက်စေခြင်း  သို့မဟုတ် စွန့်ပစ် ခြင်းကိုလည်း ငွေဒဏ်ကျပ် သုံးသောင်းမှ သုံးသိန်း အထိ  ဖြစ်စေ၊ ထောင်ဒဏ်သုံးလအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ   ချမှတ်ရမည်''ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ထပ်မံ၍  ''လမ်းဘေးရေမြောင်းငယ်၊  ရေ မြောင်းကြီး၊   မြစ်နှင့်   မြစ်ထွက်ပေါက်များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုး များ စီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့ခြင်း''  ပြုလုပ်ပါက   ငွေဒဏ်  ကျပ်ငါးသောင်းမှ ကျပ် သုံးသိန်းအထိ ပြစ်ဒဏ်များပေးနိုင်သည်ကို တွေ့ရ သည်။
ထို့အပြင် '' မြို့ပြ စီမံကိန်းနှင့်     မြေများ စီမံခန့်ခွဲခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ် ဒဏ်များ''၊    ''ပန်း ဥယျာဉ်နှင့်
အားကစားကွင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''အဆောက်အအုံဆိုင်ရာ  တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''အခွန်အခ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''လမ်း၊ တံတား၊ စင်္ကြံနှင့် ရေမြောင်းများ ဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ် များ''၊ ရေနုတ်မြောင်းများဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ် များ''၊ ''မိလ္လာနှင့် ရေဆိုးသိမ်းဆည်းသန့်စင်စွန့်ပစ်ခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''ဈေးများဆိုင်ရာ တားမြစ် ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''တိရ္ဆာန်မွေးမြူခြင်း၊ အသား ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှု ပြစ်ဒဏ်များ''၊ ''ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆန့်ကျင်ရေး ဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ''၊ ''စီမံခန့်ခွဲရေး ဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ'' ဟု ခေါင်းစဉ်ကြီး ၁၃ ရပ်ကို တွေ့ ရှိရသည်။
ဤနေရာတွင်   မြို့တော်သူ  မြို့တော်သားများအနေဖြင့် ဥပဒေအရ ဖောက်ဖျက်ကျူးလွန်ပါက အရေးယူရန်သာရှိပြီး ဌာနဆိုင်ရာအနေဖြင့် အခွန်ထမ်းမြို့တော်သူ မြို့တော်သားများ အပေါ် တာဝန်မကျေပွန်မှု၊ ပျက်ကွက်မှုများရှိပါက တင်ပြရန် သို့မဟုတ် တိုင်ကြားရန် ''သိကောင်းစရာများ'' အဖြစ် ဖော်ပြ ပါရှိခြင်း မရှိသည်ကို ဝေဖန်မှုများရှိနေခဲ့သည်။
သို့သော် သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက ကြည့်မြင်တိုင် မြို့နယ် အထက(၁) မြဝတ်ရည်ခန်းမ၌ ပြုလုပ်သော ရှင်းလင်း ပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသစ် ရေးဆွဲ ရာတွင် ပါဝင်ခဲ့သူ  လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ''ဥပဒေလို့ပြောရင် အချို့ လူတွေက ဆိုကြပါတယ်။ ဒီဥပဒေက ပြည်သူလူထုကို ဖိနှိပ်တာ ပဲ၊ ပြည်သူလူထုကို နှိပ်ကွပ်တာပဲလို့ စဉ်းစားကြတယ်၊ ပြောလေ့ ရှိကြတယ်။ ဒါပေမယ့် ဒီဥပဒေသစ်မှာ ပြည်သူတွေကို အကာ အကွယ်ပေးထားတဲ့အချက်တွေရှိပါတယ်။  ဥပမာ- အိမ်တစ်လုံး ဆောက်မယ်ဆိုပါတော့   သတ်မှတ်ထားတဲ့ကာလ ပြဋ္ဌာန်း  ထားတဲ့အချက်တွေနဲ့အညီ ဌာနကို လျှောက်ထားရပါမယ်။ ဌာန  ကလည်း ရက်ပေါင်း ၆ဝ အတွင်း လျှောက်ထားသူထံ ပြန်လည် အကြောင်းကြားရပါမယ်။ သတ်မှတ်စည်းကမ်းများနဲ့အညီ လျှောက်ထားပါလျက် ဌာနက အကြောင်းမပြန်ဘူးဆိုရင် ဘာ လုပ်မလဲ၊ ရပ်ထားရမှာလား။ ဆက်ဆောက်ရမှာပဲ၊ စည်းကမ်းနဲ့ အညီ လျှောက်ထားပါလျက် ဌာနကအကြောင်းမပြန်ရင် အဲဒီ လျှောက်ထားချက်က ဥပဒေနဲ့အညီ လျှောက်ထားခြင်းဖြစ်တယ် လို့ မှတ်ယူပြီး ဆောက်လုပ်ခွင့်ရှိသည်ဟု မှတ်ယူရပါမယ်'' ဟု ရှင်းလင်းမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။
တစ်ဖန် ၂ဝ၁၈ စည်ပင်ဥပဒေသစ်တွင် ကော်မတီကို ၁၁ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး မြို့တော်ဝန်(သို့မဟုတ်) ဥက္ကဋ္ဌကို နိုင်ငံ တော်သမ္မတက ခန့််အပ်တာဝန်ပေးမည်ဖြစ်ပြီး လေးဦးကို အစိုးရ အဖွဲ့က ခန့်အပ်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ကော်မတီတွင် အများပြည်သူများက ရွေးချယ်တင်မြှောက် သူ ခြောက်ဦးပါရှိမည်ဖြစ်ပြီး ရွေးချယ်ခံရသူ ခြောက်ဦးအနက်မှ တစ်ဦးသည် ဒုတိယဥက္ကဋ္ဌဖြစ်လာမည်ဖြစ်သည်။ ဒီမိုကရေစီ သဘောအရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်ဦးရေ ပိုမိုများပြားစေခြင်းဖြစ်သည်။
တစ်ဖန် ဆန္ဒမဲပေးရာတွင် ၂ဝ၁၃ ခုနှစ်က အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး ယခုဥပဒေသစ်တွင် အသက် (၁၈)နှစ်ပြည့်သူ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့်ရှိလာမည်ဖြစ်သည်။ ထို့အပြင် အသက် ၂၅ နှစ် ပြည့်ပြီး ဥပဒေပါ အရည်အချင်းနှင့် ကိုက်ညီသူတိုင်း ကော်မတီ ဝင်အဖြစ် ယှဉ်ပြိုင်အရွေးခံခွင့် ရှိလာမည်ဖြစ်သည်။
စည်ပင် ရွေးကောက်ပွဲကို  ယခုနှစ်  ဒီဇင်ဘာလအတွင်း ကျင်းပမည်ဟု သိရသည်။ ကော်မတီ၏ သက်တမ်းသည် နိုင်ငံ တော်သမ္မတ၏ သက်တမ်းနှင့် အညီဟု ဆိုထားခြင်းအတွက် နောက်ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် သုံးနှစ်ခံ ကော်မတီများသာ ဖြစ်ပေဦးမည်။ ဥပဒေသစ်ရေးဆွဲနေခြင်း ကြောင့်   နှောင့်နှေးမှုများ  ရှိခဲ့သော်လည်း နောက်တစ်ကြိမ် သက်တမ်း အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအတွက် သက်တမ်းပြည့်ပြည့်ဝဝ ဆောင်ရွက်ပေး နိုင်မည်ဟု မျှော်လင့်မိသည်။
မြို့နယ်များတွင်လည်း မြို့နယ်စည်ပင်သာယာရေးကော်မတီ များ အပြောင်းအလဲဖြစ်လာနိုင်ပြီး ပြည်သူများက ရွေးချယ်သော ပုဂ္ဂိုလ်မှာ     ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်ပြီး   ထပ်မံ၍   အဖွဲ့ဝင် နှစ်ယောက်ပါဝင်လာမည်ဖြစ်သည်။ ဌာနဆိုင်ရာအနေဖြင့် သက်ဆိုင်ရာ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး(နဥ) က အတွင်း ရေးမှူးအဖြစ် တာဝန်ယူရမည်ဖြစ်ပြီး မြို့နယ် ထွေ/အုပ် ဒုတိယ ဦးစီးမှူးက အဖွဲ့ဝင်အဖြစ် ပါဝင်လာကြမည်ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်၏ ရှင်းလင်းပြောကြားချက်အရ ယခင် မြို့နယ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနကြီးများ၊ ကော်မတီဝင်များထံ  အဆင့်ဆင့်   တောင်းခံခဲ့ရသော်လည်း  ယခု ဥပဒေသစ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ပိုင်ခွင့်၊ ဘဏ္ဍာငွေသုံးစွဲခွင့်နှင့် ပတ်သက်ပြီး လွတ်လွတ် လပ်လပ် တင်ပြတောင်းခံခွင့်ကို ကော်မတီက ပေးရမည်ဖြစ်ပြီး တစ်ဖက်ကလည်း ဥပဒေအရ ထိန်းချုပ်မှု၊ ထိန်းညှိမှုများရှိပြီး လက်တွေ့တွင် အလွဲသုံးစားပြုလုပ်မှုများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့် အပေါ် မလျော်သြဇာသုံးပါက ¤င်းပုဂ္ဂိုလ်အား နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ဖြစ်စေ၊ အခြားသော တည်ဆဲဥပဒေအရ ဖြစ်စေ အရေးယူသွားမည်ဟု  ရှင်းလင်းမှုတွင်  ထည့်သွင်းပြောကြား ခဲ့သည်။
သို့သော် ပြည်သူအများ လက်တွေ့ခံစားနေရသော ကိစ္စ အချို့အပေါ် တက်ရောက်လာသူတစ်ဦးက တရားဝင်မဟုတ်သော် လည်း ရင်တွင်းဖြစ်စကားကို ဆိုခဲ့သည်။
''ခက်တာက အောက်ခြေမှာ၊ ရပ်ကွက်တွေမှာ တကယ် ဖြစ်နေတာတွေကိုပြောရရင်  အများကြီးပဲ။ ဌာနဆိုင်ရာတွေ အနေနဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်တာ၊ ပျက်ကွက်တာ တွေ ဥပမာ ရပ်ကွက်ထဲ လမ်းဓာတ်မီးတိုင်တွေ မလင်းတဲ့ကိစ္စ ဟိုဌာနလိုလို ဒီဌာနလိုလိုနဲ့ ဘော်လီဘောပုတ်ပြီး ကြန့်ကြာ နေတာတွေ၊   ပြည်သူတွေက  အမှောင်ထဲမှာ   စမ်းတဝါးဝါး သွားနေရတာတွေ၊ နောက်  ဌာနတစ်ခုက ဓာတ်ကြိုးနဲ့ မလွတ် တဲ့ သစ်ကိုင်း၊ သစ်ခက်တွေ ခုတ်တယ်။  ပလက်ဖောင်းပေါ်၊ ရပ်ကွက်တွေထဲမှာဆို အများပြည်သူသွားတဲ့ လမ်းပေါ်ဒီအတိုင်း ထားခဲ့တယ်။ တော်တော်နဲ့ လာမသိမ်းဘူး။ အနီးနားက မနေနိုင် လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ညှိပြီး  ငွေကောက်ပြီး ကားငှား သယ်ပြီး သွားပစ်ရတဲ့ အခြေအနေတွေက အခုထိရှိနေတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေ လျော့နည်းတာကို ပြည်သူတွေ ကပဲ ခံနေရတယ်'' ဟု ဆိုသွားသည်။
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက အမှာစကားပြောကြားရာတွင်  ''အချို့ကိစ္စတွေက  ဌာနဆိုင်ရာတစ်ခုတည်းကို  အပြစ်ပုံချလို့ မရပါဘူး။ ပြည်သူ များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခု စည်ပင်ဥပဒေသစ်ကို  မသိလို့  နားမလည်လို့ အပြစ် ဒဏ်ခံရတာမျိုး မဖြစ်ကြရအောင် လေ့လာကြပါ။ ဖတ်ကြပါလို့ အထူးပဲတိုက်တွန်းလိုပါတယ်''ဟု ဆိုထားသည်။
ယခုအခါ မြို့တော်ကြီး သာယာလှပသန့်ရှင်းစေရေးအတွက် အဓိက ဦးဆောင်ဆောင်ရွက်ရမယ့် ကော်မတီတွင် အများက တင်မြှောက်သော ကိုယ်စားလှယ်က အများစုပါဝင်လာပြီ ဖြစ် သည်။ မိမိတို့ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ် ကော်မတီဝင်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ် လာပြီဖြစ်သည်။
ထို့အပြင်   လသာမြို့နယ်    တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က''ငါတို့မြို့ကောင်းချင်ရင်၊ ငါတို့ ဥပဒေကောင်းချင်ရင်၊ ငါတို့ကိုယ်တိုင် ဒီဥပဒေထဲ ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ  ရှိပါတယ်''ဟု  ဖွင့်ဟမှုကို   အခမ်းအနား အပြီး အိမ်အပြန်လမ်းတစ်လျှောက် နားထဲတွင် စွဲထင်လာခဲ့ သည်။       ။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-ဘော်ဂါသွေး
No comments:
Post a Comment