Latest News

Thursday, September 13, 2018

မမီးမီးအတွက် ဂုဏ်ပြုကဗျာတစ်ပုဒ်


တို့ လာတယ်

ရှင်သူတွေချင်း ချစ်ကြဖို့ ရော
လွန်သူတွေကို လွမ်းတဖို့ ရော
လိုလို့ 
ငါတို့  ရောက်လာကြတယ်

မြရာပင်ရိပ်မှာ
တိတ်ဆိတ်စွာ
သခင်သန်းထွန်း လဲလှောင်းခဲ့ရ
ဘိုလီဗီးရားကတောအုပ်ထဲမှာ
ရဲဘော်ချေ လဲလှောင်းခဲ့ရ
လယ်ကွင်းစပ်
မြက်ခင်းလေးမှာ
ငါတို့ ကြယ်ကလေး လဲလှောင်းရ

ကျေနပ်ပါ
အပြည့် အဝ လင်းလက်ခဲ့ပြီးပါပြီကွယ်

ဒီမှာ
ငါတို့ တွေ နဲနဲပါဘဲ
ကြဲကြဲ ဝိုင်းခဲ့ရတယ်

ဒါပေမယ့် ယုံပါ
ဒါ တစ်နိုင်ငံလုံးစာအချစ်ပါ
ငါတို့ အချစ်ဟာ
သေချာတယ်

ဘယ်ခောတ်မဆို
ခောတ်ဝန်ကို ထမ်း
ခောတ်လမ်းကို ဖေါက်သူတွေဟာ
အထီးကျန်ပါ ဘဲ
အဲဒါအတွက်
တို့ အသည်း မကွဲ့ကြဘူး
ဒီအတွက်
တို့ လမ်းကြောင်း
မပြောင်းကြဘူး

ခွင့်လွှတ်ပါ ညီမလေး
ဒါ နိုင်ငံရေးပါ
စီပွါးရှာသူတစ်ယောက်ရဲ့ နာရေးမှာ
နိုင်ငံတော်ကြီးလာခဲ့တယ်
သတင်းစာတွေက
အဲဒါကို တသသ ထုဆစ်နေချိန်မှာ
ညီမလေးရဲ့ နိုင်ငံချစ်က
ဟောဒီ
ကျေးလက်ကားလမ်းလေးဘေးမှာ

တစ်လပြည့်
အမှတ်တရ အခန်းနားလေးမှာ
ညီမလေးရဲ့
လူထုကြား စကားပြောနေပုံ ဗီနိုင်းလေးတစ်ချပ်
မျက်ရည်ကျပြီးဆွဲခဲ့တဲ့ ပန်းချီဆရာလေးရဲ့
ကြယ်လေးပုံ ပန်းချီကားတစ်ချပ်
ပြီးတော့
ခွန်အားဖြည့်မိငယ်ရေ သီချင်းသံလေးတစ်စ

လုံလောက်ပါတယ်
ဒီမှာ
တစ်နိုင်ငံလုံးစာ ချစ်တတ်သူတွေချည်း
သူရဲကောင်းမလေးကို
ရဲဘော်စိတ်အပြည့်နဲ့
ချစ်သူတွေချည်း

"မြေဝသုန်ရေ တို့ ချစ်တဲ့ ရဲဘော်မလေးကို
မင်းစွမ်းသမျှ နွေးထွေးမှုနဲ့ ထွေးပွေ့လိုက်ပါ"
ငါတို့ ဒါဘဲ မှာနိုင်တယ်

ပြီးရင်
တို့ ဆက်သွားကြမယ်
လက်ကမ်းစာရွက်ထပ်ကလေးကို
အိပ်ကပ်ထဲမှာ ဂရုတစိုက်သယ်ခဲ့သလိုမျိုး
ညီမလေးကို
အိပ်ကပ်ထဲမှာ
နွေးထွေးစွာ သယ်ယူရင်းပေါ့။

ေ ခ ဇ က်
13-9-2018

No comments:

Post a Comment