Latest News

Wednesday, September 5, 2018

ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ၄င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ဒီမိုကရက်တစ်ပါတီ(မြန်မာ)က
၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်        စက်တင်ဘာ        ၎

ဒီမိုကရက်တစ်ပါတီ(မြန်မာ)အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက  ¤င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ  ၄  ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သ ပါတယ်။

အခုပထမဦးဆုံး ကျွန်မတို့ရဲ့ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရွေးကောက်ပွဲ ဝင်ရခြင်းအကြောင်းကို တင်ပြလိုပါတယ်။ နိုင်ငံရေးပါတီ ဖွဲ့စည်းထူထောင် ထားတယ်ဆိုရင် ရွေးကောက်ပွဲကျင်းပတိုင်း မလွဲမသွေ ဝင်ရောက်ယှဉ်ပြိုင် ကြရစမြဲပါ။ အဲဒီလို ရွေးကောက်ပွဲဝင်ကြတဲ့အခါမှာလည်း နိုင်ငံနှင့် ပြည်သူ အတွက် ဦးထိပ်ထားပြီး  အစွမ်းကုန်ကြိုးပမ်း  ဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်  ချမှတ်ထားရမှာဖြစ်သလို  အဲဒီလို  ဆောင်ရွက်ပေးနိုင်တဲ့ အရည်အချင်းရှိအောင်လည်း လေ့ကျင့်သင်ယူထားရမှာဖြစ်ပါတယ်။

ကျွန်မ ငယ်စဉ်ကလေးဘဝကတည်းက ကျွန်မမိဘနှစ်ပါး အမြဲတစေ ဆိုဆုံးမခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ ရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမပဲ ဖြစ်ပါတယ်။ လူတော်ရုံမက လူကောင်းဖြစ်အောင်ပါ စောင့်ထိန်းကြဖို့ ဖြစ်ပါ တယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ  နိုင်ငံရေးသမား  လူတော်တွေအများကြီး ရှိပါတယ်။   ဒါပေမယ့်  အာဏာ၊  ငွေ၊  အရက်၊ လောင်းကစား အစရှိတဲ့ ဒုစရိုက်အာရုံလိုက်စားမိတာကြောင့် လူကောင်းဖြစ်မလာတဲ့ နိုင်ငံရေးသမား တွေ အများကြီး ရှိနေပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ လူတော်အဖြစ်ရော လူကောင်းအဖြစ်ပါ ရပ်တည်နိုင်ပါမှ ပြည်သူအများလည်း လိုက်နာအောင် လမ်းညွှန်နိုင်မှာဖြစ်သလို နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက် နိုင်မှာလည်း ဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော မိဘပြည်သူ မောင်နှမအပေါင်းတို့ရှင်-

ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါတိုင်း ပြောလေ့ပြောထရှိတဲ့ စကားရပ်
တစ်ခု ရှိပါတယ်။ အဲဒါကို ကျွန်မ အမှတ်ရနေမိပါတယ်။ ''ရွေးကောက်ပွဲ မဲဆွယ်ချိန်မှာ  ပြည်သူကို  ဘာလုပ်ပေးမယ်လို့  ကတိတွေ မပေးပါနဲ့၊ ပြည်သူတွေ ဘာအလိုရှိတယ်ဆိုတာကိုသာ မေးပါ''လို့ အမတ်လောင်း သိကောင်းစရာအဖြစ် ပြောစမှတ်ပြုကြပါတယ်။ အမှန်စင်စစ် ကျွန်မတို့ပြည်သူ တွေ ဘာလိုအပ်တယ်၊ ဘာတွေ ဖြည့်ဆည်းပေးရမယ်ဆိုတာ ပြည်သူတွေကို မေးဖို့တောင် မလိုပါဘူး။ မိမိပတ်ဝန်းကျင်ကို လေ့လာလိုက်မယ်ဆိုရင် ပျက်နေတဲ့လမ်းတွေ၊ ရေမဆင်းတဲ့ လမ်းဘေး ရေမြောင်းတွေ၊ အမှိုက်မသိမ်း လို့ အမှိုက်တွေလျှံကျနေပြီး အနံ့မျိုးစုံထွက်နေတဲ့ အမှိုက်ပုံးတွေ၊ လူနေအိမ် မှ ဟုတ်ပါလေစလို့ တွေးထင်ရလောက်အောင် ရေမြောင်းပုပ်ပေါ် ဝါးလုံး ထောင်ပြီး ဆောက်ထားတဲ့ ကျူးကျော်တဲတွေ၊ လမ်းဘေး ဝဲ၊ ယာတစ်လျှောက် လျှပ်စစ်ဓာတ်တိုင်တွေပေါ်မှာ ဓာတ်လိုက်ချင်စဖွယ် ရှုပ်ထွေးပွေလီနေတဲ့ ဓာတ်ကြိုးတွေ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ၊ ကွမ်းတံတွေး နေရာအနှံ့ ထွေးနေကြလို့ အစွန်းအထင်းဖြစ်ခဲ့ရတဲ့ အဆောက်အဦးနံရံတွေ၊ လှေကား ထစ်တွေ နေရာအနှံ့ တွေ့မြင်နေရပါတယ်။ ဒီကိစ္စတွေကို အသေးအဖွဲတွေပဲလို့ ပြောလို့မဖြစ်ပါဘူး။ ဒီကိစ္စတွေအားလုံး ပြေလည်ရေးအတွက် နိုင်ငံသား တိုင်းမှာ  တာဝန်ရှိသလို  ကျွန်မတို့နိုင်ငံရေးသမားတွေမှာ   ပိုပြီးတာဝန် ရှိပါတယ်။

စာသင်ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားပို့ချမှု အားနည်းနေတာ ကြောင့်လည်း မလိုလားအပ်တဲ့ စည်းကမ်းပျက်မှုတွေ ပေါ်ပေါက်ရတာ ဖြစ်ပါတယ်။ ဒါဟာ ပညာရေးနဲ့ပတ်သက်မှုဖြစ်တာကြောင့် ပညာရေးစနစ် ပြောင်းလဲရေးအတွက်  ကော်မတီတစ်ခုပြီးတစ်ခု  ဖွဲ့စည်းနေတာထက် အောက်ခြေမှ အထက်သို့ လိုအပ်ချက်တွေ ဖြည့်စွက်တာမျိုး၊ ပြောင်းလဲပေး တာမျိုး လုပ်ခြင်းအားဖြင့် ပညာရေးစနစ်သစ်တစ်ရပ် အကောင်အထည်ဖော် ပေးသွားရမှာ ဖြစ်ပါတယ်။  မူလတန်းပညာ  မသင်မနေရစနစ်ကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ တချို့ ရွာတွေမှာ မူလတန်းရဲ့အမြင့်ဆုံးဖြစ်တဲ့ စတုတ္ထတန်းမှာ ကလေး (၅)ယောက်ပဲ
ကျောင်းနေတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်တွေကို နိုင်ငံအနှံ့မှာ တွေ့မြင်နိုင် ပါတယ်။ ဒီထက်ဆိုးတဲ့ဖြစ်ရပ်က မြန်မာတစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးသုံးစွဲသူ များသထက်များလာတာပဲ ဖြစ်ပါတယ်။ နယ်စပ်ဒေသတချို့က အသိမိတ်ဆွေ များအဆိုအရ  မူးယစ်ဆေးဝါးထုတ်လုပ်သူအရေအတွက်   များသထက် များလာပြီး ချမ်းသာနေကြသလို မူးယစ်ဆေးဝါးလုပ်ငန်းထဲ ပါဝင်ပတ်သက် သွားရင် ဝင်ငွေလမ်းဖြောင့်တယ်လို့ ယူဆကြတာကြောင့်  မူးယစ်ဆေးဝါး လောကမှာ   ကျင်လည်ကျက်စားသူတွေ   များသထက်များလာတာလည်း တွေ့ရပါတယ်လို့ ပြောပြကြပါတယ်။ ရင်နာစရာကောင်းတာက အိမ်တိုင်း လိုလိုမှာ မူးယစ်ဆေးစွဲသူတစ်ယောက်ရှိနေတာပါပဲလို့ စိတ်မကောင်းကြီးစွာ ပြောရှာပါတယ်။  အနာဂတ်မြန်မာနိုင်ငံကြီးအတွက် တုန်လှုပ်ချောက်ချားဖွယ် အဓိကအန္တရာယ်ကြီးလို့ပြောရင်  မှားမယ်မထင်ပါ။  ဒီအန္တရာယ်ဆိုးကြီးကို နှိမ်နင်းဖယ်ရှားရေးအတွက်   နိုင်ငံရေးသမားများက  ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ် ပီပီပြင်ပြင်  ကျင့်သုံးတဲ့နိုင်ငံတွေမှာ  နိုင်ငံသားတွေ စည်းကမ်းရှိအောင် လမ်းညွှန်ပေးရသလို လွှတ်တော်မှာ ဥပဒေပြုမယ့် ကိုယ်စား လှယ်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျေညက်အောင် လေ့လာ ထားဖို့ လိုပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ကလည်း ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းဖောက်ဖျက် ကျူးလွန်ခြင်းမရှိအောင် အပြန်အလှန်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှ တိုင်းပြည်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ဒီဦးတည်ချက်ဟာလည်း ကျွန်မတို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ မျှော်မှန်း ချက်ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်မတို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ လူမှုရေးလုပ်ဆောင် ချက်အချို့ကို တင်ပြလိုပါတယ်။ ဒီမိုကရေစီမိတ်ဆွေများအဖွဲ့အနေနဲ့ ကျွန်မတို့ ပါတီမှ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရပ်ကွက်အချို့ မီးလောင်စဉ်က မီးဘေးကူညီမှုများ  ဆောင်ရွက်ခဲ့ပါတယ်။  ဒီမိုကရက်တစ်ပါတီ(မြန်မာ) အနေနဲ့ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်များမှာ နွေရာသီ ရေရှားပါးသောအချိန်တွင် ရေပေးဝေခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။ အလားတူပဲ ရွှေကျင် မြို့နယ်ရှိ မဟာပညာ့ဗိမာန်ဘုန်းတော်ကြီးသင်ကျောင်းမှာလည်း အလှူငွေများ ထောက်ပံ့ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများမှာ လိုအပ်တဲ့ပစ္စည်းများလည်း ထောက်ပံ့ကူညီခဲ့ပါတယ်။

ချစ်ခင်လေးစားရပါသော မိဘပြည်သူ မောင်နှမအပေါင်းတို့ရှင်-

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ခေါင်းဆောင်ပိုင်းအနေနဲ့ မိမိတို့ ဝါသနာ သန်သလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ ဘာသာရပ်တစ်မျိုးမျိုးရွေးပြီး အာရုံစိုက် လေ့လာထားဖို့ ပါတီဝင်တွေကို ပြောကြားထားပါတယ်။ နိုင်ငံနှင့် ပြည်သူကို ထိထိရောက်ရောက် အကျိုးပြုနိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်မမိဘနှစ်ပါးနှင့်  မိဘများရဲ့  နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များက တိုင်းပြု၊ ပြည်ပြု စိတ်ဓာတ်မွေးမြူကြပုံတွေ၊  နိုင်ငံ့အန္တရာယ်   ကာကွယ်ဖို့ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံတွေ၊ အရှေ့တောင်အာရှမှာ စီးပွားရေး ထိပ်ဆုံးအခြေအနေရောက်အောင် စွမ်းဆောင်ခဲ့တာတွေ၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ချမှတ်ရာမှာ ခေါင်းဆောင်ပါဝင်ခဲ့ပုံတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘက်မလိုက်နိုင်ငံများ အစုအဖွဲ့ရဲ့ အခြေခံဖြစ်တဲ့ အာရှ-အာဖရိက နိုင်ငံများကို စုစည်းပေးခဲ့ပုံတွေ၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် စွမ်းဆောင်ချက်တွေ၊ ဆဋ္ဌသင်္ဂါယနာတင်ပြီး ကမ္ဘာ့ ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့တာတွေကို ကျွန်မ  အနီးကပ်မြင်တွေ့ခဲ့ရသလို  ဒီကနေ့တိုင်   အမှတ်ရနေမိပါတယ်။ ''မျိုးချစ်စိတ် အပြည့်နဲ့  ရိုးသားကြိုးစားကြဖို့ဟာလည်း ကျွန်မတို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ အဓိကဦးတည်ချက်တစ်ရပ်'' ပါ။

အစိုးရတာဝန်ယူရတဲ့ နိုင်ငံရေးသမားတွေရော အတိုက်အခံနိုင်ငံရေး သမားတွေပါ လူတော်လူကောင်းတွေဖြစ်ဖို့ အရေးကြီးပါတယ်။ တိုင်းပြည် တာဝန်သိပြီး တာဝန်ကျေအောင် ကြိုးစားသူများဖြစ်ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ကို ရှေ့ဆောင်ရှေ့ရွက်ပြုတဲ့ ခေါင်းဆောင်တွေဟာ ကိုယ်တိုင် လမ်းကောင်းလမ်းမှန်ကိုရွေးပြီး ဖြောင့်ဖြောင့်တန်းတန်းသွားပြမှ ပြည်သူတွေ လည်း လမ်းကောင်းလမ်းမှန်ပေါ် ရောက်ကြမှာဖြစ်ပါတယ်။ ဝမ်းမြောက် ကြည်နူးတဲ့ဘဝကို ရကြပြီး ''လူဖြစ်လာတဲ့ဘဝမှာ လူဖြစ်ကျိုးနပ်စေရေး'' ဟာ ကျွန်မတို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ပန်းတိုင်ဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော မိဘပြည်သူ မောင်နှမအပေါင်းတို့ရှင်-

နိုင်ငံအပေါ် ကျရောက်လာမယ့် ဘယ်လိုအန္တရာယ်မျိုးကိုမဆို နိုင်ငံသူ နိုင်ငံသားအပေါင်းရဲ့ ညီညွတ်မှုနဲ့ တွန်းလှန်ဖြိုခွဲရမှာဖြစ်ပါတယ်။ ညီညွတ်မှု မရှိလို့  နိုင်ငံပြိုကွဲခဲ့ရတာကို မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းတွေမှာပါ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ ကျွန်မတို့ ဒီမိုကရက်တစ်ပါတီ     (မြန်မာ)ကို ဖွဲ့စည်းရာမှာ    နိုင်ငံသားအားလုံး အယုတ်၊ အလတ်၊    အမြတ်မရွေး၊ လူမျိုး၊   ဘာသာမရွေး၊  ကျား၊ မ တန်းတူရေးတို့အပေါ်   အခြေခံပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အတိတ်က အနိဋ္ဌာရုံတွေကို     ပြန်မလှည့်ဘဲ အနာဂတ်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ခေတ်သစ်ကို   ရှေးရှုခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး   တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဦးတည်ကြဖို့လည်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)က သန္နိဋ္ဌာန် ချမှတ်ထား ပါတယ်။ ဒါ့အပြင် ပြည်သူတို့ ဆန္ဒနဲ့အတူ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လုပ်ဆောင်ပိုင်ခွင့် အစရှိတဲ့  ဒီမိုကရေစီကျင့်စဉ်တွေကို   မိမိလည်း အခွင့်အရေးရ၊ သူတစ်ပါးအခွင့်အရေးလည်း မထိခိုက်စေရအောင်ဆိုတဲ့ ဦးတည်ချက်နဲ့   ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်သွားနိုင်ဖို့လည်း သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။

အခု  မျက်မှောက်ခေတ်မှာ    နိုင်ငံတိုင်းဟာ မိမိတစ်နိုင်ငံတည်း ထီးထီးကြီးနေဖို့ မဖြစ်နိုင်သလို အာရှတိုက်အတွင်းမှာလည်း အာရှနိုင်ငံများ အစုအဖွဲ့အမျိုးမျိုး၊ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း အာဆီယံလို့ခေါ်တဲ့ အစုအဖွဲ့၊ ဘက်မလိုက်နိုင်ငံများ အစုအဖွဲ့စသဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်နေတာ တွေ့ကြရမှာပါ။ ''ကမ္ဘာ့နိုင်ငံများလို့ ခေါ်မယ့်အစား အခုဆိုရင် ကမ္ဘာ့ရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဝေါ်နေကြပြီ  မဟုတ်ပါ လား'' ဒါကြောင့်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး   ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက်ဆိုရင် သူပဲ၊ ငါပဲ မခွဲခြားဘဲ အားလုံးပူးပေါင်း ဆောင်ရွက်ရင်း  ငြိမ်းချမ်းတဲ့   ဖက်ဒရယ်ပြည်ထောင်စုကြီး  တည်ဆောက် ကြပါစို့။

ကျေးဇူးတင်ပါတယ်ရှင်။

တူညီဆန္ဒ

တေးရေး-ထွဋ်ခေါင်တင်
တေးဆို- စန္ဒာ

၁။ ရောင်နီလင်းဖြာ   နေခြည်သာလှတာ  နံနက်ခင်းရဲ့ မင်္ဂလာပါ။ ထွန်းလင်းတောက်ပ တို့ပြည်ရွာ၊ ညီညွတ်ခြင်းနဲ့ လက်တွဲညီခါ၊ မဲရုံကို သွားကြမယ်ကွာ။

၂။ ရွှေရည်ဝင်းဝါ ချိန်ခါသမယမှာ အရုဏ်ဦးရဲ့ တေးသံဖြာ နိုးကြားထက်မြက်     တို့ပြည်မြန်မာ၊   တူယှဉ်နွှဲလို့ ပေါင်းစုညီခါ၊ မဲရုံကို သွားကြမယ်ကွာ။

၃။ မဲပေးကြမှာ မဲပေးကြမှာ ပြည်သူ့အကျိုးပြု ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီအား မဲပေးကြမယ်ကွာ။

၎။ အသည်းကြားက  မဲတစ်ပြားမှာ  တန်ဖိုးကြီးစွာ မဲပေးကြ တော့မှာ၊ ပြည်သူအတွက် အားထားရာ ဒီမိုကရက်တစ် ပါတီပါ၊ တူညီဆန္ဒ မဲပေးကြမှာ ဝမ်းမြောက်ကြည်သာ၊ ပြည်သူ့အတွက် နှိုးဆော်လိုက်ပြီကွာ။

No comments:

Post a Comment