ပြိုကျသည့်နေရာ ရှင်းလင်းပြီး၍ ယာဉ်များ ပုံမှန်သွားလာလျက်ရှိ
သံတောင်ကြီး စက်တင်ဘာ ၁
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်-ဘောဂလိ လမ်းတွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် အတက်၊ အဆင်းမော်တော်ယာဉ် သုံးစီးနှင့် မော်တော်ဆိုင်ကယ် ခြောက်စီးမှာ ငါးနာရီကျော်သည်အထိ ပိတ်မိနေခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲက မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့နယ် အတွင်းရှိ သံတောင်-ဘောဂလိလမ်း မိုင်တိုင်အမှတ် ၂၇/၁ အနီးတွင် ကတ္တရာလမ်းမပေါ်သို့ အရှည်ပေ ၃ဝ၊ ထုထည် လေးပေခန့်ရှိ တောင်ကမ်းပါးယံမြေသားများ ပြိုကျ ခဲ့ရာ ဘောဂလိဘက်မှ သံတောင်ဘက်သို့သွားမည့် မော်တော်ယာဉ် သုံးစီးနှင့် သံတောင်ဘက်မှ ဘောဂလိဘက် သို့သွားမည့် မော်တော်ဆိုင်ကယ် ခြောက်စီးတို့မှာ ပိတ်မိ နေပြီး ယာဉ်သွားလာမှု ယာယီပိတ်ထားခဲ့ရကြောင်း သိရ သည်။
တောင်ကမ်းပါးယံပြိုကျသည့် နေရာသို့ ဘောဂလိ နယ်မြေရဲစခန်းမှ ရဲအုပ် စိုးဝင်းဦးစီးသော ရဲတပ်ဖွဲ့ဝင်များ နှင့် လမ်းဦးစီးဌာနမှ ဦးလှအောင်ဦးဆောင်သောအဖွဲ့တို့က စက်ယန္တရား နှစ်စီးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီကျော်တွင် လမ်းအကျယ်ပေ ၃ဝ ခန့်ကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရ သည်။
မင်းသူ(ဘားအံ)
No comments:
Post a Comment