Latest News

Saturday, September 29, 2018

နိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုအားကိုရယူပြီး နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်

နိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုအားကိုရယူပြီး နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၂၆

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများ၏ ဂါရဝပြု သြဝါဒခံယူပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် သြဝါဒအမှာ စကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဒီကနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ဦးဆောင်တဲ့ ဆရာ ဆရာမများ၊ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူများအားလုံး ကောင်းမြတ်တဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

သားတို့ သမီးတို့အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊   ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)ကို အောင်အောင် မြင်မြင်  တက်ရောက်ခဲ့ကြပြီးဖြစ်လို့ မကြာမီ သင်တန်းဆင်းကြတော့မှာ ဖြစ်ပါတယ်။  နိုင်ငံတော်နှင့်  နိုင်ငံသားများအတွက် အနာဂတ်ပညာရေး လောကအား သွေးသစ်လောင်းပေးမယ့် ဆရာ ဆရာမလောင်းများကို တွေ့ဆုံ အမှာစကား  ပြောကြားခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း ဦးစွာပြောကြားလိုပါတယ်။

အတူတကွ စုပေါင်းနေထိုင်လာခဲ့ကြ

တိုင်းရင်းသားလူမျိုးပေါင်း  ၁ဝဝ  ကျော်နဲ့ ပေါင်းစည်းတည်ထောင် ထားတဲ့ သမိုင်းအစဉ်အလာကောင်းများနဲ့ ဂုဏ်ရှိန်ထည်ဝါခဲ့တဲ့ ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်ရဲ့  သမိုင်းကြောင်းကို  ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေဟာ  တစ်စိတ်တစ်ဝမ်းတည်း  စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံတော်ရဲ့နယ်နိမိတ်အတွင်း နှစ်ပေါင်းများစွာ အေးအတူ ပူအမျှ အပြန် အလှန် အမှီသဟဲပြု အတူတကွ စုပေါင်းနေထိုင်လာခဲ့ကြပါတယ်။

နိုင်ငံကို ကိုလိုနီနယ်ချဲ့တွေက သိမ်းပိုက်ခဲ့ပြီး တောင်တန်းမြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့ကြပေမယ့်လည်း အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ    အာဇာနည်များရဲ့   ခေါင်းဆောင်မှု၊ တိုင်းရင်းသားအားလုံးရဲ့ ပေါင်းစည်းညီညွတ်မှုအားနဲ့ နိုင်ငံ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

သို့ပေမယ့်လည်း   လွတ်လပ်ရေးနဲ့အတူ  ဒွန်တွဲပေါ်ပေါက်လာခဲ့တဲ့ အယူဝါဒကွဲပြားမှု၊ အမြင်မတူညီမှု စတဲ့ အကြောင်းတရားများဟာ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ ကြီးမားတဲ့ အဟန့်အတားနဲ့ စိန်ခေါ်မှုတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ နယ်စပ်ဒေသတိုင်းရင်းသား တွေရဲ့  ပညာရေး၊  စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်မှာ အားနည်းခဲ့ကြရပါတယ်။

ဒီအခြေအနေတွေကို သိမြင်နားလည်ခဲ့ကြတဲ့ နိုင်ငံ့အကြီးအကဲတွေဟာ တိုင်းရင်းသားတွေရဲ့ အရေးပါမှုအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းက မြှင့်တင် ပေးနိုင်ရေး ပြည်ထောင်စုအတွင်းမှာ ထာဝရတည်ရှိနေတဲ့ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးတွေနဲ့ ၎င်းတို့နေထိုင်ရာဒေသတွေရဲ့ အခြေခံအဆောက် အအုံများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အစီအမံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါတယ်။

စတင်ဖွင့်လှစ်ခဲ့

နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေး နိုင်မယ့် ပညာရေးဝန်ထမ်းကောင်းတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်၊ မေလ ၁ဝ ရက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်အဖြစ်    အဆင့်တိုးမြှင့်ပေးခဲ့တာဖြစ်တဲ့အတွက်   အခုဆိုရင် တက္ကသိုလ် တည်ထောင်မှုသက်တမ်းဟာ ၅၄ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေမှာဖော်ပြထားတဲ့ တက္ကသိုလ်ရဲ့ ရည်မှန်းချက် ခုနစ်ရပ်ကတော့-

 (က) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများသည် တက္ကသိုလ်တွင် ခင်မင်ရင်းနှီးစွာနေထိုင်လျက် ပညာရှာမှီးကြရင်း ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲမှု ရရှိစေရန်၊

 (ခ)  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံကောင်းများကို ထိန်းသိမ်းရန်နှင့် နားလည်သဘောပေါက်ရန်၊

 (ဂ) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏  စားဝတ်နေရေး အဆင့်အတန်း မြင့်မားစေရန် ဆောင်ရွက်လိုသည့် စိတ်ဓာတ် ထက်သန်စေရန်၊

 (ဃ) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးရေးကို ဆောင်ရွက် ရာတွင် လိုအပ်သည့်  ဦးဆောင်နိုင်မှုစွမ်းရည် မြှင့်တင်ရန်၊

 (င) ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်မှုကို ရှေးရှုပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက် လိုသည့်စိတ်ဓာတ် မွေးမြူပေးရန်၊

 (စ) ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန် သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊

 (ဆ) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းလိုသည့်စိတ်ဓာတ် ရှင်သန်ပွားများစေရန်တို့ပဲ ဖြစ်ပါ တယ်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကနေ ဒီနေ့ အထိ မဟာပညာရေးဘွဲ့ ၉၅ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၃၆၇၇ ဦး၊ ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ ၇၄၂ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၅၆ ဦး၊ အထူးမူလတန်းဆရာအတတ်သင် ၄၆၁ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး စုစုပေါင်းပညာရေးလောကအတွက် အားထားရတဲ့ ဆရာ ဆရာမ ၁၃၁၂၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခု သင်တန်းဆင်းကြမယ့် သင်တန်းသား သင်တန်းသူ ၁၆၅ ဦးတွင် တိုင်းရင်းသားလူမျိုးနွယ်စု ၈၂ မျိုးက တိုင်းရင်းသား တိုင်းရင်းသူ လူငယ်တွေ စုံစုံလင်လင်ပါဝင်ကြောင်း သိရတဲ့အတွက် များစွာ အားရဝမ်းသာ ဖြစ်မိပါတယ်။

အဓိကအခန်းကဏ္ဍမှာပါဝင်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကကျတဲ့ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာစေဖို့ရည်ရွယ်ပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂ဝ၁၆-၂ဝ၂၁)ကို    စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

သားတို့ သမီးတို့အနေနဲ့ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ပညာသင်ယူ လေ့လာ ဆည်းပူးခဲ့ကြပြီး ယခုကျောင်းဆင်းလို့ ဆရာ ဆရာမများအဖြစ် တာဝန် ထမ်းဆောင်ကြရမယ့်သူတွေ ဖြစ်ကြပါတယ်။ ဆရာ ဆရာမတွေ ဖြစ်ကြမယ့်  သားတို့ သမီးတို့ကိုယ်တိုင် ဘွဲ့တစ်ခုရပြီးတာနဲ့ ပညာသင်ယူမှု ပြီးဆုံးပြီလို့ မခံယူကြဘဲ တစ်သက်တာ သင်ယူချင်တဲ့စိတ်ဓာတ် မွေးမြူပြီး ဆက်လက် လေ့လာသင်ယူသွားကြဖို့ တိုက်တွန်းလိုပါတယ်။ "ပညာတတ်ဆိုသည်မှာ ဆက်လက်ပညာသင်ကြားလိုသော ဆန္ဒရှိပြီး ပညာသင်ကြားနိုင်စွမ်းလည်း ရှိသော ပုဂ္ဂိုလ်မျိုးသာဖြစ်သည်"လို့ ပညာရှင် မူကူဇဝါရဲ့ အဆိုအမိန့်ကို မှတ်သားထားကြစေလိုပါတယ်။

ပညာရေးဆိုတာ လူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးအတွက် အရေးကြီးတဲ့ အရင်းအမြစ်တစ်ခုဖြစ်သလို လူတစ်ဦးချင်းစီရဲ့ ဘဝအာမခံချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတာဝန်ကျရာဒေသရှိ ကျောင်းသား ကျောင်းသူ လူငယ်များကို ပညာသင်ကြားပေးရုံသာမက လေ့လာသင်ယူချင်စိတ် ထက်သန်လာအောင် လုပ်ဆောင်ပေးကြရမှာ ဖြစ်တဲ့အပြင် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့  ဒေသခံပြည်သူများအကြား မှန်ကန်သောခံယူချက်၊ ယုံကြည်ချက် တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားလာ အောင် ပျိုးထောင်တည်ဆောက်ပေးရမယ့် တာဝန်များကိုပါ ထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ စွဲစွဲမြဲမြဲ ခံယူထားကြရမှာ ဖြစ်ပါတယ်။

အမြဲမပြတ် ကြိုးစားအားထုတ်

အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ စိန်ခေါ်မှု တွေလည်း အများကြီးရှိနေသလို တိုးတက်မှုအတွက် အခွင့်အလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားတို့ သမီးတို့အနေနဲ့ အဲဒီအခွင့်အလမ်းတွေကို ရယူနိုင်အောင် မိမိတို့ရဲ့ အရည်အချင်းတွေကို ပြည့်ဝနေဖို့ အမြဲမပြတ် ကြိုးစားအားထုတ်ကြရပါမယ်။ သားတို့ သမီးတို့ကို ဆရာကောင်းတစ်ယောက် ဖြစ်ဖို့အတွက်  လိုအပ်တဲ့ပညာအရည်အချင်းတွေ ပြည့်ဝအောင် ဆရာ တစ်ယောက် ခံယူကျင့်သုံးရမယ့် သဘောတရားတွေ သိရှိအောင် တက္ကသိုလ် က သင်ကြားပို့ချပေးပြီးဖြစ်ပါတယ်။ ဆရာ ဆရာမကောင်းတွေကသာ တပည့်တွေအပေါ်မှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းအောင် သင်ကြား ပေးနိုင်ပြီး ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလို နိုင်ငံအပေါ် သစ္စာ စောင့်သိတဲ့ အနာဂတ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလို ဆရာကောင်းဆိုတာ ကျောင်းစာအပြင် အရာရာကို စဉ်းစားချိန်ဆ တတ်အောင် တွေးခေါ်မြော်မြင်နိုင်အောင် လမ်းညွှန်ပြသ ဆုံးမပေးနိုင်ပြီး တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိခြင်း၊ ဘာသာရပ်ကျွမ်းကျင်ခြင်း၊ သင်ကြားနည်း ပိုင်နိုင်ခြင်း၊ အစဉ်သင်ယူလေ့ကျင့်ခြင်း၊ ဆရာစိတ်ရှိခြင်း၊ ဆရာ့ကျင့်ဝတ်ကို လိုက်နာခြင်းစတဲ့ အချက်တွေနဲ့ ပြည့်စုံနေတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ ဒီလိုဆရာကောင်း ဖြစ်လာဖို့အတွက် ဒီတက္ကသိုလ်ကြီးက သားတို့ သမီးတို့ကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။

နိုင်ငံတော်ကလည်း သားတို့ သမီးတို့ကို နိုင်ငံအတွက်အားထားရတဲ့ ပညာရေးဝန်ထမ်းကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှု အားကို ရယူပြီး နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လုပ်ငန်းစဉ်တွေမှာလည်း ကျရာအခန်း ကဏ္ဍကနေ အားကြိုးမာန်တက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိခြင်းဟာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊  လူ့အခွင့်အရေး၊  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့နှင့် ဆက်နွှယ်ချိတ်ဆက်လျက် ရှိတာကို အထူးပြောစရာလိုမယ် မထင်ပါ။

ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု

နိုင်ငံတော်အစိုးရအနေနဲ့  တိုင်းရင်းသားအားလုံး  ချစ်ခင်စည်းလုံး ညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဦးတည်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပွင့်လင်း မြင်သာမှုရှိစေရန် စီမံဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့   ဖွံ့ဖြိုးတိုးတက်မှု  အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကိုဖွဲ့စည်းပြီး    နယ်စပ်ဒေသတွေရဲ့   ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုးရေးတို့အတွက်  မူဝါဒများချမှတ်ကာ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး။ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြပါတယ်။ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားများ ကလည်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုတို့ဖြင့် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရှေးရှုကြဖို့ လိုအပ်ပါ တယ်။

နှစ်ပေါင်း ၇ဝ နီးပါးရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဆိုတာ လက်နက်စွဲကိုင်ပြီး ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းသည်သာ  မှန်ကန်တဲ့ချဉ်းကပ်မှုမျိုး  ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှသည်     
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အခွင့်အခါကောင်းကို အရယူပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု    တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ငြိမ်းချမ်းစွာ အဖြေရှာနိုင်

တိုင်းရင်းသားများအကြား မတူကွဲပြားမှုတွေကို သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့ဖြင့် ဒီမိုကရေစီနည်းကျကျ စားပွဲဝိုင်းမှာ ဖြေရှင်းမယ်ဆိုရင် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြမှာ   ဖြစ်ပါတယ်။  နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့   ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ဖို့  တစ်ခုတည်းသော လမ်းကြောင်းဟာ   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)  ရာစုပင်လုံ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်နိုင်ဖို့ရည်ရွယ်ပြီး (၂၁)ရာစုပင်လုံ၊   ငြိမ်းချမ်းရေးညီလာခံကို ကျင်းပခြင်းဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ကလည်း   (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ -

''ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကြီးမှာ တိုင်းရင်းသား လူမျိုး ပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိကြပါတယ်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အားလုံးစည်းလုံးညီညွတ်စွာနဲ့        အားလုံးယုံကြည်တန်ဖိုးထားနိုင်တဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် ဒီကနေ့အထိ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ စတေးပေးဆပ်ခဲ့ရပြီး အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်'' လို့ ပြောကြားခဲ့ပါတယ်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲမှာ-

''ဒီနေ့ဆွေးနွေးမယ့်  ကိစ္စတွေက   ကျွန်မတို့နိုင်ငံအတွက်  အင်မတန်မှ အရေးကြီးပါတယ်။ အဆင့်မြင့်ပညာကဏ္ဍဆိုပေမယ့် ကျွန်မတို့ အခက်အခဲ ရှိတာက ဘာလဲဆိုတော့ မူလတန်းကနေ ပညာဆိုတာ စရတာဖြစ်ပါတယ်။ အခြေခံက  မကောင်းခဲ့တော့  မကောင်းတဲ့အခြေခံကို   ကျော်လွှားပြီးတော့ ဘယ်လိုလုပ်ပြီး ကောင်းတဲ့နိဂုံးကို ရောက်မလဲဆိုတာကို စဉ်းစားဖို့ပဲ ဖြစ်ပါ တယ်။ ပညာရေးအောင်မြင်ဖို့ဆိုရင် အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်က ရှိရမယ်၊   သွန်သင်ဆုံးမတဲ့  မိဘများနဲ့   ဆရာ   ဆရာမများဟာလည်း ယုံကြည်ချက် ရှိရမယ်၊ အောင်နိုင်တဲ့လူငယ်တွေဖြစ်ဖို့ အောင်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက်ရှိဖို့လိုပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိ

နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းဟာ နိုင်ငံရဲ့ အနာဂတ်အတွက်  အကောင်းဆုံး  အာမခံချက်ပဲဖြစ်ပါတယ်။  နိုင်ငံတစ်ခု တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာကို နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအခြေအနေကိုကြည့်ပြီး အကဲဖြတ်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံ့တာဝန်တွေကို လွှဲပြောင်းထမ်းဆောင်ချိန်ကစပြီး ပညာရေး နဲ့ ကျန်းမာရေးကဏ္ဍတွေကို အထူးဂရုစိုက် အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိပါတယ်။

ယခုလာရောက်တဲ့ လေ့လာရေးခရီးစဉ်မှာလည်း နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့   အခြေအနေများကို   သိမြင်နားလည်လာကြဖို့ မျှော်လင့်ပါတယ်။ သားတို့ သမီးတို့ အနေနဲ့ လေ့လာရေးခရီးစဉ်တစ်လျှောက် မှာလည်း အစဉ်အလာကြီးမားခဲ့တဲ့ တက္ကသိုလ်ရဲ့ ဂုဏ်ဒြပ်ကို  ထိန်းသိမ်းပြီး စနစ်တကျ   စည်းကမ်းရှိရှိနဲ့   သွားရောက်လေ့လာကြစေလိုပါတယ်။ လေ့လာရေးကနေ ရရှိလာတဲ့ အသိပညာဗဟုသုတတွေကိုလည်း မိမိတို့ ကျောင်းဆင်းပြီး မိမိတာဝန်ကျရာဒေသမှာ လုပ်ငန်းတာဝန်ထမ်းဆောင်ကြတဲ့ အချိန်မှာ လက်တွေ့အသုံးချသွားကြပါလို့ မှာကြားလိုပါတယ်။

ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ သားတို့ သမီးတို့ အနေနဲ့-

- မိမိတို့တာဝန်ကျရာ ဒေသတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့အခါ ဒေသခံတိုင်းရင်းသား   ကလေးငယ်များအပါအဝင်   ဒေသတစ်ခုလုံးရဲ့ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာအောင် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးကြပါ။

- ဒေသရဲ့ဖွံ့ဖြိုးရေး၊  ဒေသခံပြည်သူများရဲ့  လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ဒေသခံ ပြည်သူတွေ အသိအမြင် ကြွယ်ဝလာအောင် ပညာပေးစည်းရုံး ဦးဆောင်ရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ  တက်တက်ကြွကြွ   ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြပါ။

- နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နဲ့ သမိုင်းအမွေအနှစ်များကို လေးစား မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းပေးကြပါ။

- ပြည်ထောင်စုကြီး အေးချမ်းသာယာပြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲ ရေးအတွက် ဒေသခံပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့  အစဉ်ထာဝရ  ရှင်သန်နိုးကြား ထွန်းကားပြန့်ပွားနေစေရန်   အမြဲမပြတ်   စည်းရုံးဦးဆောင်   ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။

- အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး   ဖြစ်ထွန်းလာစေရေးဦးတည်ချက်နဲ့   ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး  စတဲ့ အခြေခံအုတ်မြစ်များ ခိုင်မာစေရအောင် စည်းရုံးဆောင်ရွက်ပေးကြပါလို့  တိုက်တွန်းမှာကြားရင်း   နိဂုံးချုပ်အပ်ပါ  တယ်။     ။

No comments:

Post a Comment