Latest News

Sunday, September 2, 2018

🍯🍯 ပျားရည်နှင့် ကျန်းမာရေး 🍯🍯


🍯🍯 ပျားရည်နှင့် ကျန်းမာရေး 🍯🍯

🍯 MWD: ဆရာရှင့်.. ပထမဆုံးအနေနဲ့ ပျားရည်ကို ပျားကလေးတွေက ဘယ်လိုပြုလုပ်စုဆောင်းထားတယ်ဆိုတာ အရင်ဆုံး ပြောပြပေးစေချင်ပါတယ်..
Dr.KML: ပျားအုံတစ်အုံမှာ ပျားကောင်ရေ ၅၀၀၀ ပတ်ဝန်းကျင်ရှိရာမှာ အများစုကတော့ လုပ်သားပျားလို့ လူသိများတဲ့ Worker bee တွေဖြစ်ကြပါတယ်.. သူတို့တွေဟာ ပျားထီးတွေမဟုတ်ပါဘူး.. အားလုံးဟာ ပျားမတွေသာဖြစ်ပါတယ်.. အဲ့ဒီလုပ်သားပျားမတွေကိုလည်း သူ့တာဝန်နဲ့သူ ခွဲခြားသတ်မှတ်ထားပါတယ်.. အချို့ကို ပျားအုံသန့်ရှင်းရေး၊ အချို့ကို ပျားအုံကိုကာကွယ်စောင့်ရှောက်ဖို့၊ အချို့ကို ပျားပေါက်စလေးတွေကို ပြုစုပျိုးထောင်ဖို့ အစာကျွေးဖို့ စသည်ဖြင့် သတ်မှတ်ရာ ပျားရည်ရှာဖွေစုဆောင်းရေးတာဝန်ဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်..
အဲ့ဒီတော့ ပျားရည်ရှာဖို့ တာဝန်ကျတဲ့လုပ်သားပျားမဟာ ပျားအုံကထွက်လာပြီးရင် အနီးဆုံးမှာရှိတဲ့ ပန်းပွင့်တွေကို လိုက်ရှာပါတယ်.. တွေ့ပြီဆိုရင် အဲဒီပန်းပွင့်မှာရပ်နား ပြီး ပန်းဝတ်ရည်ကို သူ့ရဲ့နှာမောင်းနဲ့ ထိုးဖောက်စုပ်ယူပါတယ်.. ၀တ်ရည်ကို Nector လို့ခေါ်ပါတယ်.. အဲ့ဒီဝတ်ရည်တွေဟာ သူ့ရဲ့အစာလမ်းကြောင်းထဲကို ရောက်တဲ့အခါမှာ အစာခြေအင်ဇိုင်းတွေနဲ့ ဥပမာ Covertase လိုအင်ဇိုင်းမျိုးနဲ့ ထိတွေ့ပြီး ပျားရည်အဖြစ်ကို ပြောင်းလဲသွားပါတယ်.. ပြီးတော့မှ ပျားအုံ (bee hive) ဆီကိုပြန်လာပြီး ပျားအုံမှာရှိတဲ့ ခြောက်ဒေါင့်ပုံသဏ္ဍာန်ဆဲလ်လေးတွေထဲမှာ ပြန်အန်ထုတ်ပါတယ်.. အန်ထုတ်ပြီးတာနဲ့ နောက်တစ်ခေါက် ပြန်ထွက်ပါတယ်..
အဲ့ဒီလိုအန်ထုတ်လိုက်တဲ့ ပျားရည်တွေမှာ ရေပါဝင်မှုဟာ များနေသေးတဲ့အတွက် ကျဲနေပါတယ်.. အဲ့ဒါကို ပျားအုံမှာရှိတဲ့ ပျားရည်ပြုပြင်ထုတ်လုပ်ရေး လုပ်သားပျားမတွေ ဟာ အတောင်ပံနဲ့ ယပ်တောင်ခတ်သလို အဆက်မပြတ်ခပ်ပေးတော့ ရေတွေဟာ အငွေ့ပျံပြီး တဖြည်းဖြည်းပျစ်လာပါတယ်.. ရေပါဝင်မှု ၁၈% ရောက်ရင် ရပ်လိုက်ပါတယ်..
ဒီလိုနဲ့ ဆဲလ်တစ်ခုလုံး ပျားရည်တွေပြည့်သွားရင် ပျားဖယောင်းထုတ်လုပ်ရေး တာဝန်ယူတဲ့ပျားမတွေက သူတို့ရဲ့ခန္ဓာကိုယ်ကနေ ပျားဖယောင်းတွေ ညှစ်ထုတ်ပြီး ပျားရည်ပြည့်နေတဲ့ ဆဲလ်လေးတွေကို ပိတ်လိုက်ပါတယ်.. ဒီလိုနည်းနဲ့ ဆဲလ်တစ်ခုပြီးတစ်ခု ပြည့်လာပြီး ပျားအုံမှာလည်း ပျားရည်တွေ အများကြီးစုဆောင်းရရှိလာတာဖြစ်ပါတယ်..
🍯 MWD: စိတ်ဝင်စားစရာပါပဲ ဆရာ.. အဲ့ဒီလိုပျားရည်စုဆောင်းရာမှာ ပျားရည်တစ်ဇွန်းစာရဖို့ လုပ်သားပျားတစ်ကောင်ဟာ ဘယ်နှစ်ကြိမ်လောက် စုဆောင်းရတယ်ဆိုတာလည်း သိချင်ပါတယ်..
Dr.KML: လုပ်သားပျားတစ်ကောင်ဟာ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း 5 ml ရဖို့အတွက် ပန်းပွင့်ကနေ ၀တ်ရည်စုပ်ယူပြီး ပျားအုံရှိရာကို သယ်ရတဲ့အခေါက်ပေါင်း ၁၅၄ ခေါက်တိတိ ဖြစ်ပါတယ်.. တစ်ခေါက်မှာ ပန်းပွင့်တစ်ပွင့်ထဲကနေ ရတာမဟုတ်ပါဘူး.. သူ့ရဲ့ဗိုက်ထဲမှာ ပျားရည်အပြည့်ဖြစ်ဖို့ ပန်းပွင့်ပေါင်းရာနဲ့ထောင်နဲ့ချီပြီး သွားရောက်စုပ် ယူရတာဆိုတော့ ပျားရည်တစ်ပေါင်ရဖို့အတွက် ပန်းပွင့်ပေါင်း ၂ သန်းနီးပါးအထိ သွားရောက်စုပ်ယူဖို့ လိုအပ်ပါတယ်.. အဲ့ဒါကြောင့် လုပ်သားပျားမရဲ့ ပန်းပွင့်တွေဆီပျံသွားလိုက်၊ ပျားအုံဆီပြန်လာလိုက်လုပ်တဲ့ ခရီးအကွာအဝေးဟာ အကြမ်းမျဉ်းအားဖြင့် ရက်သတ္တတစ်ပတ်ကို ကမ္ဘာတစ်ပတ်စာနဲ့ ညီမျှပါတယ်..  သူ့ရဲ့အလုပ်လုပ်တဲ့သက်တမ်းဟာ ၃ပတ် (၂၁ ရက်) ဖြစ်တော့ ကမ္ဘာသုံးပတ်စာနဲ့ ညီတယ်လို့ ပြောနိုင်ပါတယ်..
🍯 MWD: ပျားရည်ကို ဘာကြောင့်မို့ စုဆောင်းတယ်ဆိုတာလည်း သိပါရစေ..
Dr.KML: ပျားအုံတစ်အုံမှာ ပျားဘုရင်မတစ်ကောင် ရှိပါတယ်.. သူကနေ တစ်နေ့ကို ဥ ၃၀၀၀ ကနေ ၅၀၀၀ အထိ နေ့စဉ်ဥပါတယ်.. ဥကနေပေါက်လာတဲ့ သားလောင်းလေးတွေဟာ ၁၅ ရက်ကနေ ၂၁ ရက်ကြာမှ အရွယ်ရောက်ပျား (Adult bee) ဖြစ်ပါတယ်..
အဲ့ဒီသားလောင်းလေးတွေဟာ ၃ ရက်သားအထိ Royal Jelly လို့ခေါ်တဲ့ ပျားနို့ကို စားရပါတယ်.. လူတွေမှာ နို့စို့ကလေးအရွယ်လိုပေါ့.. ၄ ရက်သားကျော်လာရင် Bee Pollen လို့ခေါ်တဲ့ ပျားဝတ်မှုန်နဲ့ ပျားရည်ကို မှီဝဲရပါတယ်.. အဲဒီနှစ်ခုရောထားတဲ့ အစားအစာကို Bee bread လို့ခေါ်ပါတယ်.. ဒါကြောင့် ပျားရည်ဆိုတာ ပျားပေါက်စလေးတွေအတွက် အစားအစာအဖြစ် စုဆောင်းပေးရတာဖြစ်ပါတယ်..
ဒုတိယအချက်အနေနဲ့ ပန်းပွင့်ဆိုတာ ရာသီမရွေး မရနိုင်ပါဘူး.. ပန်းပွင့်တဲ့ရာသီကုန်ဆုံးသွားရင် ပျားရည်မထုတ်နိုင်တော့ပါဘူး.. အဲ့ဒီအခါမှာ ပျားပေါက်စလေးတွေသာမကဘဲ လုပ်သားပျားလေးတွေအပါအ၀င် ပျားအကြီးတွေပါ စားဖို့သိုလှောင်ထားတာလည်း ဖြစ်ပါတယ်.. တတိယအနေနဲ့ ပျားထီးတွေစားဖို့ ဖြစ်ပါတယ်.. ပျားထီးဆိုတာ မိတ်လိုက်ဖို့ သက်သက်သာဖြစ်ပြီး အစာရှာတဲ့အလုပ်ကို မလုပ်ပါဘူး.. ပျားမတွေရှာဖွေလို့ရတဲ့ ပျားရည်ကို ဇိမ်နဲ့ထိုင်စားတာဖြစ်ပါတယ်..
🍯 MWD: ပျားရည်အကြောင်းတော့ အတော်လေးသိပါပြီ ဆရာ.. ပျားရည်မှာပါဝင်တဲ့ အာဟာရဓာတ်အကြောင်းလည်း သိပါရစေ..
Dr.KML: ပျားရည်ဆိုတာ ပျားတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်.. လူတွေအတွက်တော့ ပြီးပြည့်စုံခြင်းမရှိပေမယ့် အာဟာရကြွယ်ဝတဲ့ အစားအစာတစ်ခု၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာအနေနဲ့ ဟိုးရှေးနှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်.. ပျားရည်မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ဓာတ်ခွဲကြည့်ရင် အဓိကအနေနဲ့ အုပ်စု (၃) ခုရှိပါတယ်..
(၁) Carbohydrate 80%
(၂) Water 18%
(၃) Vitamin, Minerals, Enzyme 2% တို့ဖြစ်ပါတယ်..
ကာဘိုဟိုက်ဒြိတ်အနေနဲ့ကြည့်ရင်
(၁) Fructose 38 %
(၂) Glucose 30%
(၃) Maltose 7%
(၄) Sucrose 7%
(၅) Trisaccharide 4% တို့ဖြစ်ပါတယ်..
ဒါ့ကြောင့် ပျားရည်ဟာ ချိုတဲ့အရသာရှိတာဖြစ်ပါတယ်.. ပျားရည်မှာ သာမာန်အားဖြင့် ရေပါဝင်မှုဟာ ၁၈% ရှိရမယ်လို့ အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ဖောက်ကားရာမှာ သတ်မှတ်ထားလေ့ရှိပါတယ်.. သူ့ထက်ပိုပြီးများခဲ့ရင် ပျားရည်ဟာ ကျဲနေမှာဖြစ်ပြီး လူကြိုက်နည်းပါတယ်.. သူ့ထက်ပိုနည်းခဲ့ရင်တော့ ပျားရည်ဟာ အပျစ်ဖြစ်တော့ ပေါင်မုန့်နဲ့သုတ်စားတဲ့ Jam လိုမျိုး လုပ်တဲ့သူတွေက ပိုကြိုက်လေ့ရှိပါတယ်..
🍯 MWD: ပျားရည်ဟာ ကျွန်မတို့လူတွေရဲ့ ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပါသလဲ ဆရာ..
Dr.KML: အဓိကအချက် (၃) ချက်ရှိပါတယ်..
(၁) One of the best nutritional supplement
အကောင်းဆုံး ဖြည့်စွက်အာဟာရ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်..
(၂) One of the best source of antioxidant
အင်တီအောင်ဆီဒင့် ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်..
(၃) Best wound healing agent
အနာကျက်စေရန် အကောင်းဆုံး သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်..
🍯 MWD: အကောင်းဆုံး ဖြည့်စွက်အစားအစာတစ်ခု ဖြစ်တယ်ဆိုတော့ ဘယ်လိုလူတွေအတွက် သင့်တော်ပါသလဲ ဆရာ..
Dr.KML: ပျားရည်ကို အသက် ၂ နှစ်ကျော်တဲ့ကလေးကစပြီး သေဆုံးချိန်အထိ လူ့ဘ၀တစ် လျှောက်လုံး မှီဝဲနိုင်တဲ့ သဘာဝအစားအစာတစ်ခု ဖြစ်ပါတယ်.. ပျားရည်မှာပါတဲ့ သဘာဝကာဘိုဟိုက်ဒြိတ်တွေဟာ ခန္ဓာကိုယ်အတွက်စွမ်းအင်တွေ အမြန်ဆုံးဖြည့် ဆည်းပေးနိုင်ပါတယ်.. ပင်ပန်းနွမ်းနယ်မှုတွေ၊ မောပန်းမှုတွေကို ခဏချင်းပြေပျောက်စေပါတယ်.. ဒါကြောင့်မို့ ကလေးတွေဆိုရင် ကျောင်းကပြန်လာပြီးတဲ့အခါမျိုးမှာ ကစားခုန်စား ပြုလုပ်ပြီးတဲ့အခါမျိုးမှာ တိုက်ရင် အင်မတန်ကောင်းပါတယ်.. အားကစားသမားတွေဆိုရင် ပျားရည်ကိုအမြဲနေ့စဉ် မှီဝဲခဲ့ရင် အမောခံနိုင်ခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ စံချိန်ပိုကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်.. ကမ္ဘာ့နာမည်ကျော် ဘောလုံးအသင်းတွေမှာဆိုရင် ပျားရည်ကို Bee Pollen နဲ့အတူ သူတို့ရဲ့နေ့စဉ်စားရမယ့် အစားအစာတွေထဲမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်.. အသက်ကြီးသူတွေ၊ ပုံမှန်သောက်ခဲ့ရင် ပျားရည်မှာပါတဲ့ အစာခြေအင်ဇိုင်းတွေကြောင့် အစာကြေစေပြီး ခွန်အားတွေ ဖြစ်စေပါတယ်.. ခန္ဓာကိုယ်ခုခံအားစနစ်ကို တက်စေလို့ ရောဂါပိုးတွေ ၀င်ရောက်တာကနေ သက်သာစေပါတယ်.. ပျားရည်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ အာဟာရချို့တဲ့မှုတွေကြောင့် ရတဲ့ရောဂါတွေကနေ ကင်းဝေးစေပါတယ်.. ဒါတွေဟာ ပျားရည်ပုံမှန်မှီဝဲခဲ့ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်..
🍯 MWD: အင်တီအောက်ဆီဒင့် အာနိသင်အကြောင်းလည်း ဆက်ပါဦး ဆရာ..
Dr.KML: အင်တီအောက်ဆီဒင့်ဆိုတာ သဘာဝအသီးအနှံတွေကသာ ရနိုင်ပါတယ်.. ဓာတ်ခွဲခန်းမှာ အတုဖန်တီးလို့ မရနိုင်ပါဘူး.. ပျားရည်ဆိုတာ သဘာဝအသီးအနှံတွေရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ ပန်းပွင့်တွေရဲ့ အနှစ်သာရဖြစ်တဲ့ ၀တ်ရည်တွေကနေ ထုတ်လုပ်ထားတာဖြစ်လို့ အင်တီအောက်ဆီဒင့်တွေ သူ့ဆီမှာ များစွာပါဝင်နေတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး.. အပြည်ပြည်ဆိုင်ရာ သုတေသနစမ်းသပ်ချက်အရ ပျားရည်မှာသာပါဝင်တဲ့ pinocembrin လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်ခုဟာ ထူးခြားတဲ့အင်တီအောက်ဆီဒင့်အာနိသင်ကို ပေးတယ်လို့ဆိုပါတယ်.. ဒါကြောင့် ပျားရည်ကို ပုံမှန်မှီဝဲရင် ကင်ဆာရောဂါတွေကနေ ကာကွယ်ရာရောက်တဲ့အပြင် ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ရုပ်ဆင်းအင်္ဂါကောင်းခြင်း၊ အသားအရေလှပစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်.. ပျားရည်အရောင်ရင့်လေလေ pinocembrin ပါဝင်မှု ပိုများလေလေ ဖြစ်ပါတယ်..
🍯 MWD: ပျားရည်ရဲ့ အနာကျက်မြန်စေတဲ့ အာနိသင်ကိုလည်း ဆက်ပါဦး ဆရာ..
Dr.KML: ပျားရည်ကို ရိုးရာတိုင်းရင်းဆေးပညာ အတော်များများမှာ အနာကျက်မြန်စေဖို့ အသုံးပြုခဲ့ကြတာ နှစ်ပေါင်း ၅၀၀၀ ကျော်ခဲ့ပါပြီ.. အနာဆိုရာမှာ မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ကုသမှုယူပြီးတဲ့ဒဏ်ရာ၊ ပွန်းပဲ့ရှနာအပါအ၀င် အရေပြားမှာရှိတဲ့ အနာမှန်သမျှကို ပျားရည်နဲ့သုတ်လိမ်းလိုက်ရင် အနာကျက်မြန်စေတဲ့အပြင် အနာရွတ်ထင်ကျန်မှုကိုလည်း လျော့နည်းစေပါတယ်.. နာကျင်မှု၊ ရောင်ရမ်းမှုကိုလျော့ နည်းစေတဲ့အပြင် အနာကိုရောဂါပိုးတွေ ၀င်ရောက်ပေါက်ပွားပြီး ပြည်တည်တာတွေ မဖြစ်အာင်လည်း ကာကွယ်နိုင်စွမ်းရှိပါတယ်.. အစာအိမ်မှာ အနာရှိသူတွေကတော့ ပျားရည်ကိုပုံမှန်မှီဝဲရင် အစာအိမ်အနာကျက်စေတာကို တွေ့ရပါတယ်.. အစာအိမ်အနာဖြစ်စေတဲ့ H.Pylori (Helicobacter pylori) လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကိုသေစေတဲ့ အာနိသင်ရှိတဲ့အပြင် အနာကိုပါကျက်စေလို့ ဖြစ်ပါတယ်..
🍯 MWD: ခုနက ဆရာပြောသွားတဲ့အထဲမှာ ပျားရည်ကို ၂ နှစ်ကနေစပြီး သုံးလို့ရတယ်ဆိုတော့ ၂ နှစ်အောက်ကလေးတွေကရော ပျားရည်ကိုသောက်ချင်တယ်ဆိုရင် သောက်လို့ရ/မရ သိချင်ပါတယ် ဆရာ..
Dr.KML: ပျားရည်ကို စုဆောင်းတဲ့အခါမှာ ကိုင်တွယ်တဲ့သူတွေရဲ့ လက်တွေကတဆင့်ပဲဖြစ်ဖြစ် အသုံးပြုတဲ့ခွက်တွေ၊ ပုံးတွေကတဆင့် အချို့သောဘက်တီးရီးယားပိုးတွေ ကပ်ညှိလာနိုင်ပါတယ် သာမန်ဘက်တီးရီးယားတွေကတော့ ပျားရည်ထဲမှာ အသက်မရှင်နိုင်ကြပါဘူး.. သေဆုံးကုန်ကြတာများပါတယ်.. ဒါပေမယ့် သိပ်အသက်ပြင်းတဲ့ ဘက်တီးရီးယားတွေကတော့ ဆက်လက်ရှင်သန်နေနိုင်ပါတယ်.. ဥပမာအနေနဲ့ပြောရရင် Clostriduimbotulinum လို့ခေါ်တဲ့ဘက်တီးရီးယားတွေရဲ့ spores လို့ခေါ်တဲ့ မျိုးစေ့တွေဟာ ဆက်လက်ရှင်နိုင်ပါတယ်.. အဲ့ဒီ spores တွေဟာ အသက် ၂ နှစ်ကျော်တဲ့သူတွေမှာ အူထဲမှာမပေါက်ပွားနိုင်လို့ ဒုက္ခမပေးနိုင်ပေမယ့် ၂ နှစ်အောက်ကလေးတွေမှာ ဘက်တီးရီးယားအဖြစ်ကို ပြန်လည်ပေါက်ပွားပြီး အဆိပ် Neurotoxins တွေထုတ်ပေးပါတယ်.. အဲ့ဒီအခါမှာ ကလေးဟာ အာရုံကြောတွေ အဆိပ်သင့်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်.. ပျားရည်တိုင်းမှာ ပါတာမဟုတ်ပေမယ့် ဘယ်ပျားရည်မှာပါတယ် ဘယ်ပျားရည်မှာမပါဘူးဆိုတာ တစ်ပုလင်းချင်း ဓာတ်ခွဲစမ်းသပ်ပြီးမှ သိမှာဖြစ်လို့ ဒီလိုမျိုးမစမ်းသပ်ထားတဲ့ပျားရည်ဆိုရင် မသေချာတဲ့အတွက် ၂ နှစ်အောက်ကလေးတွေကို ပျားရည်မသောက်သင့်ဘူးလို့ သဘာဝဆေးပညာရှင်အားလုံးက သတ်မှတ်ထားတာ ဖြစ်ပါတယ်..
🍯 MWD: ဒါဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေရော ပျားရည်သောက်လို့ရပါသလား..
Dr.KML: ရတယ်လို့ပြောနိုင်ပါတယ်.. ကိုယ်ဝန်ဆောင်မိခင်သောက်ရင် မိခင်ရောသန္ဓေသားပါ ထိခိုက်မှုမရှိနိုင်ပါဘူး.. အလားတူ နို့တိုက်မိခင်သောက်ရင်လည်း နို့စို့တဲ့ကလေးကို ဘယ်လိုမှအန္တရာယ်မရှိတဲ့အတွက် သောက်နိုင်ပါတယ်..
🍯 MWD: ပျားရည်ရဲ့ အခြားအန္တရာယ်ရှိတာတွေ ရှိရင်လည်း သိပါရစေ..
Dr.KML: ပျားရည်ကို အန္တရာယ်ကင်းစွာစားသုံးနိုင်ဖို့ နောက်ထပ်သတိပြုရမယ့်အချက် (၃) ချက်ရှိပါတယ်..
(၁) Grayanotoxin ပျားတွေ ၀တ်ရည်စုပ်ယူရာမှာ လူတွေကိုအန္တရာယ်ပြုနိုင်တဲ့ ပန်းပင်ရဲ့ဝတ်ရည်တွေလည်း ရောနှောပါဝင်နေလေ့ရှိပါတယ်.. အများဆုံးကြုံတွေ့ရတဲ့ အဆိပ်ကတော့ Grayanotoxin ဖြစ်ပါတယ်.. အဲ့ဒါကတော့ တောင်ဇလပ်ပွင့်လို အပင်မျိုးကနေရပါတယ်.. နောက်ပဒိုင်းပွင့်ကနေရတဲ့ dadua အဆိပ်လည်း ရှိပါသေးတယ်.. အဲ့ဒီအဆိပ်တွေပါလေ့ရှိတော့ ပျားမွေးမြူရေးသမားတွေအနေနဲ့ ပျားပုံးတွေချတဲ့ပတ်ဝန်းကျင်မှာ ဒီလိုမျိုးပန်းပွင့်တွေရှိမနေစေဖို့ လေ့လာရှင်းလင်းထားရပါတယ်.. ပိုကောင်းတာက ပန်းပွင့်တွေများတဲ့ နေကြာခင်းလို နေရာမှာချထားရင် ပျားတွေအနေနဲ့ တခြားမှာလိုက်ရှာစရာမလိုတော့လို့ ပါလာစရာမရှိတော့ပါ..
(၂) Hydroxy methyl furfural (HMF) ဒါကတော့ ပျားရည်ဟာ ဖြည်းဖြည်းချင်း အပူနဲ့ထိတွေ့တာကြာသွားရင် သူ့မှာပါဝင်တဲ့ သကြားဓာတ်တွေဟာ အသွင်ပြောင်းပြီး အဆိပ်ဖြစ်သွားနိုင်ပါတယ်.. သူဟာ အာရုံကြောတွေကိုထိခိုက်စေတဲ့အတွက် အပြည်ပြည်ဆိုင်ရာရောင်းဝယ်မှုမှာ HMF ပါဝင်မှုကို 40 mg/kg ထက်မပိုရဘူးလို့ သတ်မှတ်ထားပါတယ်.. ဘယ်လိုမျိုးတွေ့ရသလဲဆိုတော့ ပျားရည်ကို treat မလုပ်ဘဲ ဒီအတိုင်း အိမ်မှာသိမ်းထားရင် ပြင်ပရာသီဥတုပူလာတဲ့အခါမှာ တဖြည်းဖြည်း ဓာတ်ပြောင်းသွားလေ့ရှိပါတယ်.. ကျွန်တော်တို့နိုင်ငံလို ပူတဲ့တိုင်းပြည်တွေမှာ ပိုပြီးသတိထားဖို့လိုပါလိမ့်မယ်..
(၃) တတိယအချက်အနေနဲ့ ပျားရည်ထဲမှာ ဘက်တီးရီးယားတွေ yeast တွေပေါက်လာပြီး အထဲမှာရှိတဲ့ သကြားကိုစားသုံးပြီးတော့ ပျားရည်ပျက်စီးသွားခြင်း ဖြစ်ပါတယ်.. အဲ့ဒါကို ဘယ်လိုသိနိုင်သလဲဆိုရင် ပျားရည်ပုလင်းရဲ့အပေါ်ယံမှာ အမြှုပ်လေးတွေ ထွက်နေမယ်၊ စုနေမယ်ဆိုရင် အထဲမှာပိုးတွေပေါက်နေပြီး အာနိသင်မရှိတော့ဘူး အန္တရာယ်ရှိနေပြီလို့ သိဖို့လိုပါတယ်.. ဖျက်ဆီးပစ်ဖို့လိုပါတယ်.. ဒီလိုမဖြစ်ရလေအောင် ပျားရည်ကို အပူချိန် 60C မှာ မိနစ် ၂၀ လောက်ကြိုတင်ပြီး အပူပေး treat လုပ်ထားရင် ဒီပြဿနာမရှိနိုင်တော့ပါ..
🍯 MWD: ဒါဆိုရင် ဒီအန္တရာယ်တွေကနေ ကင်းစင်အောင် စိတ်ချရတဲ့ပျားရည်ဖြစ်အောင် ဘယ်လိုမျိုးပြုပြင်ဖို့လိုပါသလဲ ဆရာ..
Dr.KML: အရင်တုန်းကတော့ ပျားရည်ကို တောထဲကနေယူပြီး အစိမ်းအတိုင်းစားသုံးကြလေ့ ရှိပါတယ်.. ကောင်းတဲ့သူလဲရှိသလို ဒုက္ခရောက်တဲ့သူလဲရှိပါတယ်.. ကောင်းတာကတော့ များတဲ့အတွက် ဒီအတိုင်းပဲ ဒီနေ့အထိ ဆက်လက်ကျင့်သုံးနေဆဲလည်း ဖြစ်ပါတယ်.. ဒါပေမယ့် ရာခိုင်နှုန်းပြည့်စိတ်ချရအောင် ပျားရည်တွေကို 60C မှာမိနစ် ၂၀ အပူပေးပြီး treat လုပ်ဖို့လိုပါတယ်.. ဒီလိုလုပ်လိုက်ရင် ပျားရည်မှာပါဝင်လာနိုင်တဲ့ ဘက်တီးရီးယား Yeast မှိုစတဲ့ရောဂါပိုးတွေ သေဆုံးကုန်လို့ နောင်ကို ရောဂါပိုးကြောင့် ဖြစ်တဲ့ပြဿနာတွေလည်း စိုးရိမ်စရာမလိုတော့ပါဘူး.. ပြီးတော့ အဆိပ်အတောက်ရှိတဲ့ ၀တ်ရည်တွေကတဆင့် ပါလာနိုင်တဲ့ အဆိပ်တွေကလည်း အဲ့ဒီအပူချိန်မှာ ဓာတ်ပြယ်သွားတဲ့အတွက် အဆိပ်သင့်တဲ့ပြဿနာကလည်း ကင်းဝေးစေနိုင်ပါတယ်.. နောက်ပြီး အိမ်မှာသိမ်းထားတဲ့အခါမှာ အပူချိန်မြင့်လို့ HMF ထွက်လာမှာလည်း ပူစရာမလိုတော့ပါ.. ဒါ့ကြောင့် treat လုပ်ပြီးပျားရည်ကို မှီဝဲနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်..
🍯 MWD: ပျားရည်ဟာ ဆီးချိုသွေးချိုဝေဒနာသည်တွေ သောက်လို့ရ/မရ သိပါရစေ..
Dr.KML: အနည်းငယ်သောက်လို့ရပါတယ်.. ပျားရည်ကို မနက်တစ်ဇွန်း ၊ ညတစ်ဇွန်းသောက်လို့ ဆီးချိုပိုမတက်ပါဘူး.. ဘာလို့လဲဆိုတာ့ ပျားရည်မှာပါတဲ့ သကြားဓာတ်တွေဟာ complex sugar တွေဖြစ်တော့ သွေးထဲမှာ glucose ဓာတ်မတတ်နိုင်ပါ.. ဒါ့အပြင် အဓိကအများဆုံးပါဝင်တဲ့ သကြားဓာတ်ဟာ Fructose ဖြစ်ပါတယ်.. သူဟာ glucose လောက် အူနံရံကနေ စုပ်ယူမှုမမြန်ပါဘူး.. ဒါကြောင့် သွေးထဲမှာ တစ်ခါထဲသကြားဓာတ်တွေ တက်မလာနိုင်ပါ.. နောက်ပြီး Fructose တွေဟာ ဆဲလ်ထဲဝင်ဖို့ glucose လို အင်ဆူလင်ဟိုမုန်းမလိုပါဘူး.. ဒါကြောင့် အလွယ်တကူ ဆဲလ်တွေထဲ ၀င်သွားနိုင်ပါတယ်.. ဒါကြောင့် သွေးထဲမှာ glucose  ထပ်တက်စရာမရှိလို့ အနည်းငယ်စားနိုင်ပါတယ်.. ဆီးချိုမှာဖြစ်တဲ့ အနာတွေထည့်တာကတော့ ပြဿနာဘာမှမရှိပါ.. ပျားရည်ဟာ အင်မတန်ကောင်းပါတယ်..
🍯 MWD: ကမ္ဘာပေါ်မှာ ပျားရည်ကို ဘယ်နိုင်ငံတွေမှာ အများဆုံးထုတ်လုပ်ပါသလဲ.. တစ်နှစ်ကို ဘယ်လောက်ထုတ်လုပ်တယ်ဆိုတာလည်း ပြောပြပေးပါ..
Dr.KML: ကမ္ဘာ့ကုလသမဂ္ဂရဲ့ FAO ကနေ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအနေနဲ့ တစ်နှစ်မှာ ပျားရည်တန်ချိန်ပေါင်း 1.3 million ထုတ်လုပ်တယ်လို့ ဆိုပါတယ်.. ဒေသအလိုက်ကြည့်ရင်
(၁) အာရှဒေသ 38.3%
(၂) ဥရောပ 23.3 %
(၃) မြောက်အမေရိက 13.2 %
(၄) အာဖရိက 11.2 %
(၅) တောင်အမေရိ 10.0%
(၆) ကျန်ဒေသ 4.0 % ဖြစ်ပါတယ်..
🍯 MWD: ပျားရည်ကို အခြားဆေးဖက်ဝင်တဲ့ သဘာဝဆေးပင်တွေနဲ့ တွဲဖက်အသုံးပြုတာလည်း တွေ့ရပါတယ် ဆရာ.. အဲ့ဒါနဲ့ပတ်သက်လို့ ဆရာ့အမြင်လေးလည်း သိပါရစေ..
Dr.KML: ပျားရည်ကို တခြားဆေးဖက်ဝင်အပင်တွေနဲ့ အဆီအနှစ်တွေနဲ့ရောပြီး အသုံးပြုလေ့ရှိတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ဖြစ်ပါတယ်.. အင်မတန်ကောင်းပါတယ်.. ဘာကြောင့်လဲဆိုတော့..
(၁) Honey is best natural preservative ပျားရည်ဟာ အစားအစာတွေကို မပုပ်မသိုးအောင် တာရှည်ခံအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်.. Herbal extract တွေဟာ သူချည်းဆိုရင် ကြာရှည်ခံလေ့မရှိပါဘူး.. ပုပ်သိုးသွားလေ့ရှိပါတယ်.. ဥပမာ ရှောက်သီးကို အရည်ညှစ်ပြီး ခွက်ထဲမှာထည့်ထားကြည့်ပါ.. ၂၄ နာရီအတွင်းမှာ ခါးပြီးပျက်စီးသွားပါတယ်.. အဲ့ဒီရှောက်သီးကိုပဲ ပျားရည်ထဲမှာညှစ်ပြီး ထားလိုက်ရင် ၃-၄ နှစ် အာနိသင်မပျက်ထားနိုင်ပါတယ်.. ဥပမာ ရှောက်ပျားရှည်လိုမျိုး.. ဒါက အဓိကအချက်ဖြစ်ပါတယ်..
(၂) အရသာရှိဖို့အတွက် ရောခြင်းဖြစ်ပါတယ်.. ပျားရည်ဟာ ချိုတဲ့အရသာရှိပါတယ်.. အချို့သောဆေးဖက်ဝင်အပင်တွေရဲ့ အဆီအနှစ်တွေဟာ ခါးချင်ခါးမယ် ချဉ်ချင်လည်းချဉ်မယ်.. အဲ့လိုဟာမျိုးကို ဒီအတိုင်းသောက်တာထက် ပျားရည်နဲ့ရောလိုက်တော့ မူလအာနိသင်မပျက်ဘဲ အရသာရှိတဲ့အတွက် သောက်ရတာ ပိုပြီးအဆင်ပြေသွားပါတယ်.. ဥပမာ ဆင်တုန်းမနွယ်ပျားရည်၊ လင်ဇီးပျားရည်လိုမျိုးပေါ့..
(၃) Synergism လို့ခေါ်တဲ့ေ ဆးအာနိသင်ပိုမိုထက်မြက်အောင် ရောခြင်းဖြစ်ပါတယ်.. ဥပမာ နွယ်ချိုအဆီအနှစ်နဲ့ ပျားရည်ကိုရောပြီး အစာအိမ်ရောဂါကုသရာမှာ သုံးတာမျိုးဖြစ်ပါတယ်.. နွယ်ချိုဟာ အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသလို ပျားရည်ဟာလည်း အဲ့ဒီဂုဏ်သတ္တိရှိလို့ နှစ်ခုပေါင်းအာနိသင် ပိုမိုထက်မြက်သွားရခြင်း ဖြစ်ပါတယ်.. ဥပမာ နွယ်ချိုပျားရည်..
🍯 MWD: ပျားရည်ရဲ့အရည်အသွေး ကောင်း/မကောင်း ဘယ်အချက်တွေပေါ် မူအတည်ဆုံးဖြစ်ပါသလဲ ဆရာ..
Dr.KML: အဓိကအားဖြင့်
(၁) Source of honey - ပျားရည်စုဆောင်းရရှိတဲ့နေရာ၊ တောင်ပေါ်ဒေသကရတဲ့ ပျားရည်ဟာ မြေပြန့်ကရတဲ့ပျားရည်ထက် ပိုကောင်းပါတယ်.. အထူးသဖြင့် ပတ်ဝန်ကျင်ညစ်ညမ်းမှု ပိုနည်းလို့ဖြစ်ပါတယ်.. လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုတို့ဟာ ပျားရည်ရဲ့အရည်အသွေးကို ကျဆင်းစေပါတယ်..
(၂) Collection practice - စုဆောင်းပုံနည်းစနစ်၊ စနစ်တကျကိုင်တွယ်ဆောင်ရွက်မှု ရှိ/မရှိ၊  သန့်ရှင်းမှု ရှိ/မရှိ၊ ပျားအုံသေတ္တာတွေကို ပုံမှန်သန့်ရှင်းရေး လုပ်/မလုပ် တို့ပေါ်မူတည်ပါတယ်..
(၃) Processing Practice - စက်ရုံမှာ စနစ်တကျထုတ်ပိုးမှု ရှိ/မရှိ၊ GMP/ISO အဆင့်နဲ့ ညီ/မညီ
(၄) Storage -  သိုလှောင်တဲ့အခါ အခန်းအပူချိန်ကို 25 C အောက်မှာ ထားနိုင်မှု ရှိ/မရှိ ပေါ်မူတည်ပါတယ်..
🍯 MWD: လူတွေဟာ ပျားရည်ကို ဘယ်တုန်းကတည်းက စားသုံးခဲ့ကြတာပါသလဲ ဆရာ..
Dr.KML: လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀၀ ခန့်က ရေးဆွဲခဲ့တဲ့ ကျောက်ဂူနံရံ ဆေးရေးပန်းချီတွေထဲမှာ ပျားဖွပ်နေတဲ့ပုံတွေပါတာ ကြည့်ခြင်းအားဖြင့် အဲ့ဒီကတည်းက အနည်းဆုံးစားသုံးခဲ့တယ်လို့ သိရပါတယ်.. စပိန်နိုင်ငံ Valencia ဒေသမှာရှိတဲ့ ကျောက်ဂူတွေမှာ တွေ့နိုင်ပါတယ်..
🍯 MWD: ပျားရည်ရဲ့ အရည်အသွေးထိန်းချုပ်မှုကို ဘယ်လိုမျိုးပြုလုပ်တယ်ဆိုတာလည်း သိပါရစေ..
Dr.KML: ပျားရည်ရဲ့အရည်အသွေးထိန်းချုပ်မှုကို ပြုလုပ်ရာမှာ ကုန်ကြမ်းဘ၀မှာရော ကုန်ချောဘ၀မှာပါ စစ်ဆေးရပါတယ်..
(က) ကုန်ကြမ်းဘ၀တွင် စစ်ဆေးခြင်း
ဒီလိုစစ်ဆေးရာမှာ
- ပျားရည် စစ်/မစစ်
- ရောဂါပိုးတွေ ပါ/မပါ
- အဆိပ်ရှိတဲ့ ပန်းတွေကနေရတဲ့ ပျားရည် ပါ/မပါ
- အင်တီအောက်ဆီဒင့် ပါဝင်မှု
- ရေပါဝင်မှု
- သကြားဓာတ်ပါဝင်မှု
- Heavy metal ပါဝင်မှု
(ခ) ကုန်ချောဘ၀တွင်စစ်ဆေးမှု
- အရင်ကစစ်တဲ့ test တွေအားလုံး ပြန်စစ်ပါတယ်.. ပြီးမှ နှစ်ခုကို နှိုင်းယှဉ်ရပါတယ်..
MWDHealthTalkProgramme
Dr.Khin Maung Lwin

No comments:

Post a Comment