Latest News

Saturday, September 29, 2018

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဘိုလီဗီးယားလက်ရွေးစင်အသင်း ခြေစမ်းမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်
ဘိုလီဗီးယားလက်ရွေးစင်အသင်း ခြေစမ်းမည်

၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း သည် တောင်အမေရိကအသင်းတစ်သင်းဖြစ်သော ဘိုလီဗီးယားလက်ရွေး စင်အသင်းနှင့် အောက်တိုဘာ ၁၃ ရက်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။ ယင်းခြေစမ်းပွဲကို  ရန်ကုန်မြို့ရှိ  သုဝဏ္ဏကွင်း၌ ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်ကာ ကွင်းဝင်ကြေးအဖြစ် အထူးတန်းကျပ် ၅ဝဝဝ၊ ရိုးရိုးတန်း ကျပ် ၃ဝဝဝ သတ်မှတ်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှတိုက်ပြင်ပမှ အသင်းများနှင့် ခြေစမ်းပွဲကစားခြင်း နည်းပါးလေ့ရှိပြီး ဘိုလီဗီးယားအသင်းနှင့် ခြေစမ်းပွဲမှာ ပထမဆုံးခြေစမ်းမှုလည်းဖြစ်လာခဲ့သည်။ ဘိုလီဗီးယားလက်ရွေးစင်အသင်း သည် ၂ဝ၁၈  ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  တောင်အမေရိကဇုန်မှ   ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိသော်လည်း     နာမည်ကြီးအသင်းများဖြစ်သည့် အာဂျင်တီးနားနှင့်  ချီလီအသင်းကို အနိုင်၊ ဘရာဇီးအသင်းကို သရေကစား နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည်     ဆူဇူကီးဖလားပြိုင်ပွဲအတွက် စက်တင်ဘာ ၂၈ ရက်တွင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး ကာတာခြေစမ်း ခရီးစဉ်မသွားမီ အောက်တိုဘာ ၁ဝ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ဘိုလီဗီးယားလက်ရွေးစင် အသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျာမန်လူမျိုး အန်တွမ် နီဟေးက ကိုင်တွယ်မည်ဖြစ်ပြီး (၁၈) ကြိမ်မြောက်  အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံဖွဲ့စည်းဖွယ်ရှိနေသည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်(ကြေးမှုံ)

No comments:

Post a Comment